Latest News

Wednesday, June 13, 2018

ဧရာဝတီရေကြောင်းမှသည် ရန်ကုန်မြို့ပြဆီသို့ ခရီးသွားဝင်ငွေရှာဖွေစို့

ဧရာဝတီရေကြောင်းမှသည် ရန်ကုန်မြို့ပြဆီသို့ ခရီးသွားဝင်ငွေရှာဖွေစို့


ရန်ကုန် မြို့သည် မြို့ပြဖွံ့ဖြိုးမှု တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲ လာလျက်ရှိရာ ခေတ်မီ အဆောက် အအုံများနှင့် မြို့ပြအမွေအနှစ် အဆောက်အအုံများ၊ သမိုင်းဝင်စေတီများကို လေ့လာကြည့်ရှုမည့် နိုင်ငံခြားခရီးသွားများ ခရီးသွားရာသီ ဝင်ရောက်လာသည်နှင့် လာရောက်လည်ပတ်ကြလေ့ရှိသည်။ ရန်ကုန်၊ တောင်ကြီး၊ မန္တလေးနှင့် ပုဂံသို့ အများဆုံးလာရောက် လည်ပတ်ကြသည့် နည်းတူ မန္တလေး၊ ပုဂံမှ ရန်ကုန်မြို့သို့ သင်္ဘောခရီးစဉ်ဖြင့် လာရောက်လည်ပတ် သူများလည်း ရှိသည်။ သြဂုတ်လမှ မေလအထိသည် ခရီးသွားရာသီဖြစ်၍ မကြာမီ လအနည်းငယ်အတွင်း ခရီးသွားရာသီသို့ ချင်းနင်းဝင်ရောက်တော့မည် ဖြစ်သည်။


သဘာဝအလှရဲ့ဆွဲဆောင်မှု

ရန်ကုန်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းပြီး မြို့ပြကျေးလက်နှင့် စေတီ၊ ပုထိုးများ၊ သမိုင်းဝင်အဆောက်အအုံများကို စိတ်ဝင်တစား လေ့လာကြသော နိုင်ငံများမှာ ဥရောပနိုင်ငံများမှ အများစုဖြစ်သည်။ တစ်ကြိမ်လာရောက်လည်ပတ် ပြီးပါက နောက်တစ်ကြိမ်လာရောက်ရန် သဘာဝ အလှများဖြင့် ထာဝရဆွဲဆောင်လျက်ရှိသော ဧရာဝတီမြစ်ကြီးနှင့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့သော ရိုးရာလက်မှု လုပ်ငန်းများက နိုင်ငံခြားသားခရီးသွားများ၏ ရင်ကို လှုပ်ခတ်ဖိတ်ခေါ်နေသောကြောင့် ဖြစ်သည်။လေကြောင်း၊ ကုန်းကြောင်းဖြင့် ရန်ကုန်မြို့ကို လာရောက်လည်ပတ်ခြင်းထက် ဧရာဝတီ၏အလှအပကိုခံစားရင်း ရန်ကုန်မြို့ကို စုန်ဆင်းလာ ရခြင်းကို ရက်ရှည်ခရီးအဖြစ် ထွက်လေ့ရှိသော နိုင်ငံခြားခရီးသွားများ ပို၍ကြိုက်နှစ်သက်လေ့ ရှိသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်မြို့သို့လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား အပန်းဖြေခရီးသွားများအတွက် သင်္ဘောဆိုက်ကပ် ရန် ပန်းဆိုးတန်းဆိပ်ကမ်းအနီးတွင် ဆိပ်ကမ်း တစ်ခုထားရှိပြီး ထိုဆိပ်ကမ်းမှ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ ဗန္ဓုလပန်းခြံ၊ ဗိုလ်တထောင် စေတီတော်နှင့် ပဲခူးရွှေမော်ဓောစေတီသို့ သွားရောက် လည်ပတ်လေ့လာ ကြလေ့ရှိသည်။ ရန်ကုန်မှဖြစ်စေ၊ မန္တလေး၊ ပုဂံမှဖြစ်စေ နိုင်ငံခြား ခရီးသွားများအတွက် ခရီးစဉ်သည် တစ်လခန့် ကြာမြင့်သော ခရီးစဉ်ဖြစ်သောကြောင့် မြန်မာ ပြည်၏ သဘာဝအလှနှင့် ရိုးရာယဉ်ကျေးမှု ပုံရိပ် တို့ကို လေ့လာကြည့်ရှုခွင့်ရကြ၍ မြန်မာနိုင်ငံ ကိုပို၍ နှစ်သက်ကြခြင်းဖြစ်သည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်သည် မြန်မာပြည်ကို အလုပ်အကျွေး ပြုနေသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

အထူးသဖြင့် ဧရာဝတီမြစ်ကြီးဖြစ်သောကြောင့် ဧရာဝတီ မြစ်ကြီး အစဉ်နုပျိုရှင်သန်နေရန်လိုအပ်သည်။ နိုင်ငံခြားဝင်ငွေ နှစ်စဉ်ရှာဖွေပေးလျက်ရှိသော ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြီး ရှင်းသန့်သာယာ လှပရန် သတိမူလုပ်ဆောင်သင့်နေပြီဖြစ်သည်။
ရန်ကုန်မြို့မှ ပုဂံနှင့် ဗန်းမော်မြို့သို့ နိုင်ငံခြား ခရီးသွားများကို ရိုးရှင်းလှပသော နှစ်ထပ် သင်္ဘောသုံးစင်းဖြင့် ခရီးသွားဝန်ဆောင်မှုပေး နေသော သူဂေါ(ဝ်)အိပ်ဇောတစ်သင်္ဘောမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင်က ယခုနှစ် ခရီးသွားရာသီနှင့်ပတ်သက်၍ ဤသို့ သုံးသပ် ပြောကြားခဲ့သည်။

''ရန်ကုန်မြို့ကို ဒီနှစ်ခရီးသွားဝင်ရောက်မှုက ခန့်မှန်းရခက်နေတယ်၊ ကျွန်တော်တို့ သင်္ဘောနဲ့ ဝန်ဆောင်မှုကိုတော့ ဒီနှစ်မှာခန့်မှန်းလို့ရနေပါပြီ၊ မားကက်တင်းကတော့ အခက်အခဲရှိနေတယ်၊ ဆွစ်ဇာလန်အဖွဲ့ကနေ မားကက်တင်းလုပ်ပေး တာဆိုတော့ လာနေကျခရီးသွားတွေ ထပ်လာ ချင်ပေမယ့် ပြည်ပမီဒီယာတွေရဲ့ နယ်စပ်အရေးကို ဖိအားပေးမှုကြောင့် ခရီးသွားဝန်ဆောင်မှုကို မနှစ်ကထက် ဈေးထက်ချပြီး ခရီးသွားတွေကို ဆွဲဆောင်ထားရတယ်၊ ရန်ကုန်မြို့ကို နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုများအောင် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေ ကြိုးပမ်းနေကြပါတယ်၊ ဘယ်လိုပုံစံနဲ့စွဲဆောင်နိုင်မလဲပေါ့၊ ရေကြောင်း ခရီးသွားက ဒီနှစ်မှာ ၃ဝ ရာခိုင်နှုန်းလျော့နိုင်တယ်၊ ဆွစ်ဇာလန်နိုင်ငံမှာ ပြင်သစ်စကား၊ ဂျာမန်စကား ပြောတဲ့ ဆွစ်လူမျိုးတွေလည်းရှိတယ်၊ သူတို့တွေက အများဆုံး မြန်မာပြည်ရဲ့ ဧရာဝတီအလှကို ခံစား ကြလေ့ရှိတယ်၊ ရန်ကုန်နဲ့ ချင်းတွင်းခရီးစဉ် ဆိုရင် နိုင်ငံခြားသားတွေ သိပ်သဘောကျကြ တယ်၊ နောက်တစ်ခေါက် ပြန်လာတဲ့သူတွေလည်း ရှိတယ်။

ခရီးသွားရာသီခန့်မှန်းချက်

ရေကြောင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်မှုက ယခင်ထက်ပိုပြီးချောမွေ့ လာတယ်၊ ဧရာဝတီမြစ်ထဲမှာ သင်္ဘောကြီး အစင်း ၂ဝ ကျော်ရှိမယ်၊ သင်္ဘောအသေးတွေကများတယ်၊ နိုင်ငံခြားက လာပြီးဆွဲတဲ့သင်္ဘောတွေလည်း ရှိတယ်၊ သြစတြေးလျနဲ့ ဥရောပက သင်္ဘောတွေ လိုပေါ့၊ သူတို့က ကုမ္ပဏီကြီးတွေဆိုတော့ တောင့်ခံနိုင်ပေမယ့် လိုကယ်ကုမ္ပဏီတွေအချို့က ဒီနှစ်ခရီးသွားလုပ်ငန်းကို တောင့်မခံနိုင်ကြဘူး၊ မဲခေါင်ခရီးသွားလုပ်ငန်းက အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံးပဲ၊ ခုနက ကုမ္ပဏီကြီးတွေက အဲ့ဒီနေရာမှ အခြေခံယူပြီးတော့ မြန်မာပြည်ကို ဘရန့်ခ်ျယူတာများတယ်၊ သူတို့က ပက်ကေ့ခ်ျ လည်းများတယ်၊ မဲခေါင်ကိုဝင်ပြီး မြန်မာ ပြည်ကို တစ်ပတ်ခရီးစဉ် လာတတ်ကြတာ၊ ဒီနှစ် ရန်ကုန်မြို့ကို ခရီးသွားဝင်ရောက်မှုရာသီ အစမှာ လျော့နည်းနိုင်ပေမယ့် နောက်ပိုင်း ကောင်းဖို့ မျှော်လင့်ပါတယ် ''”ဟု ယခုနှစ် ခရီး သွားရာသီ ကြိုတင်ခန့်မှန်းချက်ကို သုံးသပ် ပြောကြားသည်။
သူဂေါ(ဝ်)အိပ်ဇော တစ်ရေယာဉ်(၂)ကို မောင်းနှင်သော ရေယာဉ်မှူး ဦးထွန်းမြင့်ကလည်း ဧရာဝတီမြစ်ကြီးအကြောင်းကို ဤသို့ တစေ့ တစောင်း ပြောကြားသည်။

''ဧရာဝတီမြစ်ကြီးက ယခင်ထက် ကောလာ တယ်၊ သဲသောင်ထွန်းပြီး ရေကြောင်းကျပ် လာတယ်၊ အထူးသဖြင့် ဧရာဝတီမြစ်ဖျားပိုင်း၊ မန္တလေးနဲ့ ဗန်းမော်ကြား၊ မန္တလေးနဲ့ မြင်းမူကြားမှာ စက်လှေတွေနဲ့ ကျောက်စရစ် စုပ်တာတွေက သွားလာရေးခက်ခဲပြီး ရေကြောင်း ရေလမ်းတွေ ပြောင်းကုန်တယ်၊ အဆင်းတစ်လမ်း အပြန် တစ်လမ်း ဖြစ်နေတတ်တယ်၊ ဟင်္သာတနား တစ်ဝိုက်၊ ပြည်နဲ့ မြန်အောင်မြို့ကြား၊ မိချောင်းရဲ မြို့က မလွန်တံတားနားမှာ ကျောက်စရစ် စုပ်တာတွေရှိတယ်၊ နိုင်ငံခြားသားတွေက ဒါတွေကိုမြင်တော့ ကျွန်တော်တို့ကိုမေးတယ်၊ ဖြေရတာ ကျပ်တဲ့မေးခွန်းတွေ မေးတတ် ကြတယ်၊ သင်္ဘော သွားတဲ့ရေကြောင်းမှာ ပိတ်ပြီး ကျောက်စရစ် စုပ်နေတာလည်း ကြုံရတယ်၊ ရေကြောင်းတွေ ကျပ်လာပြီး ဧရာဝတီမြစ်ကြမ်းပြင် မြင့်တက်လာတာဟာ စိုးရိမ်စရာအခြေ အနေဖြစ် လာနေပြီ။

ရေချိုလင်းပိုင်ထိန်းသိမ်းသင့်

''နိုင်ငံခြားသားတွေကို ဧရာဝတီ ရေချို လင်းပိုင် တကူးတကပြသရတဲ့နေရာလည်းရှိတယ်၊ မန္တလေးနဲ့ ဗန်းမော်မြို့ကြားက ဧရာဝတီလင်းပိုင် ဆိုတာရှိတယ်၊ မြန်မာပြည်ရဲ့ ရှားပါးရေနေသတ္တဝါ တွေပေါ့၊ မြစ်ထဲမှာ အရင်က လှေတစ်စင်းနှစ်စင်းနဲ့ပဲ ရှော့တိုက် ငါးဖမ်းတာ၊ အခုခုနစ်စင်း၊ ရှစ်စင်းတွဲပြီး ရှော့တိုက်နေကြတော့ ရေနေသတ္တဝါ မျိုးစိတ်တွေ ပျက်စီးကုန်တယ်၊ အထူးသဖြင့် လင်းပိုင်သေဆုံး မှုတွေ များလာတာကိုတွေ့ရတယ်၊ တာဝန်ရှိသူ တွေတားလည်း ခဏပဲ၊ တစ်ပတ်မကြာဘူး မြစ်ထဲပြန်ရောက်လာကြတာပဲ၊ နိုင်ငံခြားသားတွေ မြင်တော့ အံ့သြနေကြတာ၊ မန္တလေးအထက် မင်းကွန်း၊ မင်းကွန်းနဲ့ ကျောက်မြောင်းကြားက လင်းပိုင်ပြကွက်နေရာတွေပဲ၊ အရင်က လင်းပိုင် မြူးတဲ့နေရာတွေမှာ အခုလင်းပိုင်မရှိသလောက် ပါးသွားပြီ၊ မြစ်ချောင်းထဲ ငါးပေါများတာဟာလည်း နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်ရာ တစ်ခုအဖြစ် အချို့နိုင်ငံတွေမှာ ရှိနေတာသတိပြုမိစေလိုပါတယ်၊ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းကြပ်မတ်သင့် ပါတယ်၊ ဧရာဝတီမြစ်မှာ ရေနေသတ္တဝါတွေ ရှားပါးလာတာ၊ မြစ်ကြောင်းတွေပြောင်းလဲပြီး မြစ်ကမ်းပါးတွေ ပြိုလာတာ အမှိုက်၊ ရှော့တိုက် နဲ့ ကျောက်စရစ် စုပ်တာကြောင့်ဆိုရင် မမှား ပါဘူး'' ဟု မြစ်ပြင်တွင် ကြုံတွေရပုံတို့ကို ပြောသည်။

နိုင်ငံခြားသားများ ရန်ကုန်မြို့ကို ရောက်လျှင် တွံတေးမြို့မှ အိုးလုပ်ငန်းနှင့် အခြားလက်မှုလုပ်ငန်း များ လေ့လာကြလေ့ရှိသည်။ အထက်ဘက်တွင် မန္တလေးမဟာမြတ်မုနိဘုရား၊ ယွန်းလုပ်ငန်း၊ ကြေးသွန်းလုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်းနှင့် ပန်းပုလုပ်ငန်းတို့ကို လေ့လာကြပြီး စစ်ကိုင်း တောင်၊ ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်၊ မင်းကွန်း၊ မြသိန်းတန်စေတီ၊ လူအိုရုံနှင့် ဆရာတော်၊ သီလရှင် ကျောင်းများကို ဝင်ရောက်လေ့လာ လှူဒါန်းကြ လေ့ရှိသည်။ မန္တလေးအထက် ချင်းတွင်းမြစ်ရှိ ဗန်းမော်တွင် ချာ့ခ်ျကျောင်းများကို ပို၍လေ့လာ တတ်ကြသည်။

ခရီးသွားလုပ်ငန်းပိုမိုတိုးတက်ရန်

နိုင်ငံတော်၏တိုင်းပြည်ဘဏ္ဍာကို တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိရန် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုသည်လည်း အကောင်းဆုံးဖြစ်သော ကြောင့် ရန်ကုန်မြို့ပြအနေဖြင့် ခရီးသည်များကို စိတ်ဝင်တစား ဆွဲဆောင်စေနိုင်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ပါက ရန်ကုန် မြို့ပြအလှကို ဆန်းသစ်ခေတ်မီသောပုံစံတစ်မျိုး ဖြင့် နိုင်ငံခြားသားခရီးသွားများကို တွေ့မြင်ရမည် ဖြစ်သည်။ ရန်ကုန်မြစ်ကြီးကိုလည်း လှပခံ့ညား စွာဖြင့် ဖော်ဆောင်နိုင်ပါက ပင်လယ်ထွက်ပေါက် မြို့တော်ကြီးဖြစ်သော မဟာရန်ကုန်မြို့သည် နိုင်ငံခြားဝင်ငွေအများဆုံး ရှာဖွေပေးရာ နိုင်ငံ့ ဂုဏ်ဆောင်မြို့ပြကြီး တစ်ခုအဖြစ် ဆက်လက် ပေါ်ထွန်းလာမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း။ ။

သန်းထိုက်

No comments:

Post a Comment