Latest News

Wednesday, June 13, 2018

မြို့ရန်ကုန်၏ ယာဉ်ကြောကျပ်တည်းခြင်း ဖြေရှင်းမှုနည်းလမ်း အစုံစုံ

မြို့ရန်ကုန်၏ ယာဉ်ကြောကျပ်တည်းခြင်း ဖြေရှင်းမှုနည်းလမ်း အစုံစုံ

၂ဝ၁ဝပြည့်နှစ် ကာလက စတင်ပြီး တစ်စတစ်စ ပိုမိုကျပ်တည်းလာခဲ့သော ရန်ကုန်မြို့၏ ယာဉ်ကြော ကျပ်တည်းမှုကို ယခင်အစိုးရလက်ထက်က နည်းမျိုးစုံဖြင့် ဖြေရှင်းခဲ့သည်။

လမ်းမကြီး ဝဲယာတိုးချဲ့ခြင်း၊ ယာဉ်မရပ်ရ လမ်းများသတ်မှတ်ခြင်း၊ ခရီးသည်တင်လိုင်းကား များအား ကတ်တုံးများချ၍ သတ်မှတ်မောင်းနှင်စေခြင်း၊ အချို့လမ်းဆုံတို့၌ ကတ်တုံးများချ၍ ယာဉ်ကြောသတ်မှတ်ပေးခြင်း၊ ခုံးကျော်တံတားများ၊ လူကူးတံတားများ တည်ဆောက် ပေးခဲ့ခြင်း၊ မီးပွိုင့်များကို ခေတ်မီမီးပွိုင့်စနစ် ပြောင်းလဲခြင်း၊ မီးပွိုင့်လမ်းဆုံများတွင် CCTV ကင်မရာများ တပ်ဆင်ဖမ်းဆီးခြင်း၊ နောက်ဆုံး ရန်ကုန်မီးပွိုင့်များကို ထိန်းချုပ် သည့် ဗဟိုထိန်းချုပ်ရေးစနစ်ကို စီမံကိန်းချစီစဉ်မှုများ ရှိခဲ့သည်။ သို့သော် ယင်းအစိုးရ လက်ထက်တွင် အကောင်အထည် မဖော်နိုင်ခဲ့ပေ။

ယနေ့ NLD အစိုးရ တက်လာပြီး နောက်တွင်လည်း ယာဉ်ကြော ကျပ်တည်းမှုကို မ.ထ.သ အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ပြီး အများပိုင် ဘတ်စ်ကားလိုင်းများ ထူထောင်ခြင်း၊ YBS စနစ်ပြောင်းလဲ၍ မြို့တွင်း၊ မြို့ပြင် ကန့်သတ်ပြေးဆွဲမှုများ ပြုခဲ့ခြင်း၊ ယခုနောက်ပိုင်းYBS ယာဉ်လိုင်းအချို့ ခရီးရှည်ပြေးဆွဲမှုများ ရှိလာသည်။ လမ်းကြောင်းနှင့် ကားလမ်းအပေါ် ရောင်းချနေသည့် ဈေးသည်များကို နေရာအတည် တကျ (ညဈေးတန်းတွင်) ပေး၍ ပြောင်းရွှေ့စေခြင်း၊ ကုန်းလမ်းမှ ခရီးသည် များအား အဆင်ပြေစွာ သွားနိုင်ရေးအတွက် ရေလမ်း Water Bus စနစ်ဖော်ဆောင်၍ ပြေးဆွဲမှု ပြုပေးခြင်း၊ ကျောင်းကြို၊ ကျောင်းပို့ယာဉ် များအား ကန့်သတ်ခြင်းဖြင့် နည်းလမ်းစုံစွာ ထိန်းကျောင်းမှုများ ပြုခဲ့သည်။ သို့သော် ယနေ့တိုင် ယာဉ်ကြော ကျပ်တည်းမှုက လျော့ကျ မသွားခဲ့ပေ။ အတိုင်းအတာ တစ်ခုမျှလောက်သာ လုပ်ဆောင်နိုင်ခဲ့သည်ကို လေ့လာဆန်းစစ် မိခဲ့သည်။

ယနေ့ ရန်ကုန်တွင် မီးပွိုင့်တစ်ချက်မိလိုက်သည်နှင့် ရပ်တန့်နေသော ယာဉ်ကြောမှာ ''မန္တလေးတစ်ပြ'' မကဟု ထင်မိသည်။ မျက်စိတစ်ဆုံးမကလည်း တွေ့ရသည်။

ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၏ စာရင်းအရ ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့တွင် မော်တော်ယာဉ် အစီးရေ နှစ်သိန်းကျော်ရှိသည်ဟု ဆိုသည်။ ယနေ့ ၂ဝ၁၈ ခုနှစ်တွင် မော်တော်ယာဉ် အစီးရေငါးသိန်း ကျော် ရှိနေပြီဟုဆိုသည်။ ထိုအထဲတွင် အငှားတက္ကစီယာဉ် ၇ဝဝဝဝ ကျော် ပါဝင်သည်ဟု သိရသည်။ ရန်ကုန် YGN တံဆိပ်အပြင် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ် အက္ခရာအမှတ်အသား တက္ကစီများကို ပါ ပြေးဆွဲနေသည်ကို တွေ့ရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းရသည့် အကြောင်း တစ်ရပ်တွင် မော်တော်ယာဉ်များ တင်သွင်းမှုမူဝါဒ မတည်ငြိမ်မှု ကြောင့်လည်းပါသည်ဟု မြို့ပြသယ်ယူပို့ဆောင်ရေးဆိုင်ရာ လေ့လာမှုပြုသူတို့က ထောက်ပြကြသည်။ ယာဉ်အို၊ ယာဉ် ဟောင်းအပ်နှံပြီး ကားသွင်းနိုင်ဖို့။ ထို့အပြင် ဖရီးပါမစ်ဆိုသော ကားတင်နိုင်ခွင့်တို့ကြောင့် ကားအစီးရေ သုံးသိန်းကျော်ခန့်မှာ အလွယ်တကူရောက်ရှိလာပြီး မြို့ပြရန်ကုန်တွင်သာ အခြေ တည်ခဲ့ကြသည်ဟု ဆိုသည်။

ယာဉ်တစ်စီးစာ နေရာရယူဖို့အတွက် ရှာဖွေရင်းမှ မီးပွိုင့် လမ်းဆုံများ အနီးတွင် ဖြူ၊ နီကျား အမှတ်အသားများ မရှိခြင်း ကလည်း ယာဉ်များ ရပ်နားဖို့အတွက် ဖြစ်စေခြင်းကြောင့် ယာဉ်ကြောကျပ်တည်းခြင်းကို အားပေးအထောက်အကူပြုရာ ဖြစ်စေခဲ့သည်။

ဤသည်ကို အနော်ရထာလမ်းနှင့် ဆူးလေ ဘုရားလမ်း လမ်းဆုံမီးပွိုင့်မှ ယာဉ်ထိန်းရဲတစ်ဦးက '' စည်ပင်က ဖြူ၊ နီကျား အမှတ်အသားတွေ လုပ်တယ်၊ ကြာရှည်မခံဘူး ပျက်တယ်၊ ပျက်တဲ့ နေရာမှာ ယာဉ်က ရပ်တယ်၊ အဲဒါကို သွားဖမ်းရင် ဖြူ၊ နီကျား မရှိလို့ရပ်တာ၊ ဖမ်းလို့မရဘူးလို့ ဆိုကြတယ်'' ဟု အတွေ့အကြုံတစ်ခုကို ပြောပြသည်။

ထို့အပြင် ခရီးသည်များ၏ စောဒကတက်မှုမှာလည်း ဤအနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်း လမ်းဆုံမီးပွိုင့် တွင်ပင်ဖြစ်သည်။ လမ်းခွဆုံတွင် ပတ်လည်လူကူးခုံးကျော်တံတား ကြီး ထိုးထားပေသည်။ သို့သော် ခရီးသွားအများစုက တံတား အောက် လူကူးမျဉ်းကျားပေါ်မှသာ ပြေးပြေးလွှားလွှား လမ်းဖြတ် ကူးနေကြမြဲဖြစ်သည်။

လမ်းကူးသူများက ဆိုကြသည်။ လူကူးမျဉ်းကျားများ ထားရှိပေးခြင်းက တံတားပေါ်မှလည်း သွားနိုင်ပါသည်။ တံတား အောက် ကားလမ်းမျဉ်းကျားပေါ်မှလည်း ကူးသန်းနိုင်ပါသည်ဟု အဓိပ္ပာယ်ဖွင့်ကြ၊ မိမိဆန္ဒအတိုင်း ဖြတ်ကူးနေကြခြင်းပင်ဖြစ် သည်။
ဤသည်ကလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းသူတို့ အားနည်းချက်ကို တွေ့ရသည်။

ဤသို့ယာဉ်ကြောကျပ်တည်းလာမှုအပေါ် ဇွန် ၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက မေးခွန်းများ ထုတ်ခဲ့ သည်။

''ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ကြီးကြပ်မှုဖြင့် ယာဉ်ကြောကျပ်တည်းမှုကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းနိုင်ရေးနှင့် YBS ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအတွက် ဒဂုံမြို့နယ် အလုံလမ်းတွင် တည်ဆောက်နေသော ခေတ်မီမီးပွိုင့် ထိန်းချုပ်ရေးစင်တာ အနေဖြင့် မည်သည့်နေ့ရက်တွင် တည်ဆောက် ပြီးစီးမည်ကို သိလိုကြောင်း'' ဖြစ်သည်။

ထိုမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်နီလာကျော်က ''ခေတ်မီ မီးပွိုင့်ထိန်းချုပ်ရေးစင်တာသည် မီးပွိုင့်စနစ်ကိုသာမက ရန်ကုန်မြို့တွင် သွားလာနေသော ယာဉ်ကြောအားလုံးကိုပါ စောင့်ကြည့်ထိန်းချုပ်ရန် အတွက်ပါ ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ပြီး စင်တာမှာ ယခင်အစိုးရ လက်ထက် တိုင်းဒေသကြီးအနေဖြင့် စာချုပ်ချုပ်ဆိုအကောင် အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး၊ အဆောက်အအုံတည်ဆောက်မှု မှာ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီး CCTV များဖြင့် စောင့်ကြည့် ခြင်းအပြင် ရန်ကုန်ဘတ်စ်ကားများ ထိန်းချုပ်ခြင်းလုပ်ငန်းတို့ကို စတင်လည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မီးပွိုင့်ကိစ္စနှင့် ပတ်သက်၍ ရပ်နားထားသည့် ကားအစီးအရေ၊ ကားအသွားအလာတို့ကိုပါလိုက်၍ မီးပွိုင့် ကြာမြင့်ချိန် စနစ်များပြုလုပ်ခြင်း၊ မီးပွိုင့်တစ်ခုနှင့်တစ်ခု ချိတ်ဆက်ခြင်းများကိုပါ စမ်းသပ် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်း၊ ထို့အပြင် တပ်ဆင်အသုံးပြု သည့် စက်ပစ္စည်းများ၏ အရည်အသွေးကိုပါ ပြန်လည်စိစစ်လျက် Network ချိတ်ဆက်မှုအတွက်ပါ ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိနေပြီ ဖြစ်ကြောင်း'' ပြောကြားပေး ခဲ့သည်ကို ကြားသိရ သည်။

ထို့အပြင် ခေတ်မီမီးပွိုင့်များ ထိန်းချုပ်ရေးစင်တာ တည် ဆောက်မှုမှာ ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်သည့်အတွက် ၄င်း စင်တာ၏ လုပ်ငန်းအားလုံး လည်ပတ်လှုပ်ရှားမည့်ရက်ကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု ဆိုထားရာ ထိုစင်တာကြီး လုပ်ငန်းလည်ပတ်ပါက မြို့ပြရန်ကုန်၏ ယာဉ်ကြောကျပ်တည်းမှုမှာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်လာ တော့မည်ကို မှန်းမျှော်ကြည့်မိသည်။ ။

တင်ဝင်းလေး (ကြည့်မြင်တိုင်)

No comments:

Post a Comment