Latest News

Friday, June 8, 2018

သဘာဝမင်းသားကြီး ထွန်းဝေ

သဘာဝမင်းသားကြီး ထွန်းဝေ


အနေတည်သည် အသံသြဇာကောင်းပြီး စကားပြောရာတွင် လေယူလေသိမ်း မှန်မှန်ဖြင့် စကားလုံးကို တစ်လုံးချင်း ပီသအောင် ပြောသည်။ ကြားရသူ နားလည်လွယ်ပြီး  အသံသည်  လုံးထွေးမနေ  ကြည်လင်ပြတ်သားသည်။ သရုပ်ဆောင်ရာတွင်လည်း ဒါရိုက်တာသင်ပေး၍ ပြောရသည်နှင့်မတူ၊ အပြင် မှာ ပြောနေသည့်အလား သဘာဝကျ၏။  မင်းသားပုံပေါက်ရန် အိုက်တင် တွေ၊ ဂိုက်တွေမလုပ်၊ အရှိကို အရှိအတိုင်း၊ သဘာဝအတိုင်း သရုပ်ဆောင်လေ့ ရှိသည့်အတွက် ပရိသတ်က သဘာဝမင်းသားဆိုပြီး လေးစားချစ်ခင်ကြသည်။ ပြောပုံ၊ ဆိုပုံ ဟန်ပန် အမူအရာများသည် အများနှင့်မတူ တစ်မူထူးခြားပြန်သည်။ အသံ ကြားသည်နှင့် ဘယ်သူဆိုတာ အတတ်သိကြသည်။ မြန်မာ့ရုပ်ရှင် လောကတွင် ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး၊ တွံတေးသိန်းတန်၊ သုမောင်၊ ဦးကျောက်လုံး၊  ဦးသိန်းမောင်၊ ဒေါ်မြလေး၊ မော့စ်တို့သည်လည်း အများနှင့် မတူ အသံနှင့် ဟန်ကို မူပိုင်ယူထားသကဲ့သို့ ထူးခြားသော အသံရှင်များ ဖြစ်ကြသည်။

မင်းသားကြီး ထွန်းဝေကို အဘ ဦးကျော်စိန်၊ အမိ ဒေါ်ရွှေရင်တို့က ၂၃-၁ဝ-၁၉၂ဝ ရက်တွင် ပဲခူးတိုင်း    နတ်တလင်းမြို့၌ မွေးဖွားခဲ့သည်။  ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည် ချုံကင်းမြို့၌ စာနယ်ဇင်း ပညာများ သင်ကြားခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့၌ နယ်ခြားသတင်းထောက် အဖြစ် ''နေ့စဉ်လမ်းညွှန်'' သတင်းစာတိုက်တွင် ဝင်ရောက်လုပ်ကိုင်သည်။ ၁၉၄၉ ခုနှစ်တွင်  မန္တလေးမြို့ ''ဘဝသစ်'' နေ့စဉ် သတင်းစာတိုက်၌ အယ်ဒီတာချုပ်အဖြစ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြန်သည်။

စာနယ်ဇင်းလုပ်ငန်း၌ လုပ်ကိုင်နေရသော်လည်း သူ၏ဝါသနာမှာ ရုပ်ရှင် ဖြစ်သည်။ သူ၏ ပင်ကိုဗီဇနှင့် ဝါသနာကို အတွင်းကျကျသိသည့် စာရေး ဆရာကြီး သိန်းဖေမြင့်က လူမှန်၊ နေရာမှန် ဖြစ်စေရန် ဗြိတိသျှဘားမား ရုပ်ရှင်သို့ ပို့သည်။ ထိုသို့ဖြင့် ဒါရိုက်တာ ရွှေဒုံးဘီအောင်နှင့်ဆုံတွေ့ကာ ဆရာရင်းအဖြစ်ခံယူပြီး ၎င်းထံမှ ရုပ်ရှင်ပညာများ သင်ယူခဲ့သည်။ အောက်ခြေ မှစ၍ ကားကူး၊ ကားဆေး၊ ကားဆက်နှင့် ကင်မရာပညာများ လေ့လာသင်ယူရင်း  ရုပ်ရှင်လောကသားများနှင့် အဆင်ပြေအောင် ပေါင်းသင်းပြီး ဗြိတိသျှဘားမား ရုပ်ရှင်မှ ရိုက်ကူးသည့် ဇာတ်ကားများတွင် လူကြမ်း၊ ဇာတ်ရံစသဖြင့် လူလိုပါက  ဝင်ရောက်ရိုက်ကူးသည်။

ပွဲဦးထွက် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရသော ဇာတ်ကားမှာ ၁၉၅၂ ခုနှစ်တွင် ဒါရိုက်တာ ဦးချစ်ခင် ရိုက်ကူးသည့် ''ချစ်ရေးမလွယ်'' ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် တောခိုသူပုန် ဗိုလ်လင်းယုန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဇာတ်ရံအဖြစ်နှင့်ဆက်လက်၍ ရိုက်ကူးသော  ဇာတ်ကားမှာ ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် ''သည်ဆောင်းဟေမာန်'' ဖြစ်သည်။ ထိုကားမှစတင်၍ ပရိသတ်က သတိပြုမိလာသလို သတင်းစာ အချို့ကလည်း   သရုပ်ဆောင်ကောင်းကြောင်း   ချီးကျူးလာသည်အထိ အောင်မြင်မှုရခဲ့သည်။

ဇာတ်ရံအဖြစ်မှတစ်ဆင့်တက်၍ ဒုတိယခေါင်းဆောင်မင်းသားအဖြစ် ၁၉၅၃ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးသည့် ''မာလာရီ''၊ ''ပွဲခါညောင်ရေ''နှင့် ''ဒေါက်တာ အောင်ကျော်ဦး'' ဇာတ်ကားများ၊ ဒါရိုက်တာ လှဦး၏ ''ဖူးစာနှစ်ခိုင်''၊ ဒါရိုက်တာ ချစ်ခင်ရိုက်ကူးသည့် ''ဖြေလျော့ခွေ''တို့ ဖြစ်သည်။ ဤကားများကြည့်ပြီး ပရိသတ်က အကြိုက်တွေ့လာသည်။ တစ်ဆင့်တက်၍ ခေါင်းဆောင်မင်းသား  အဖြစ်  ရိုက်ကူးသည်ကို  မြင်တွေ့လိုကြသည်။  ဒါရိုက်တာများကလည်း ပရိသတ်၏ အထာကိုသိသဖြင့် မင်းသားတင်ရိုက်ကူးရန် စိုင်းပြင်းနေစဉ် ကန်တော်မိတ်ရုပ်ရှင်မှ ဒါရိုက်တာ နေဒွန်းက ''ဘုနဲ့ဘောက်'' ဇာတ်ကားတွင် လည်းကောင်း၊ ဘီဘီဘီ ဖလင်မှ ဒါရိုက်တာ ဦးချစ်စိန်က ''ဗိုလ်မြဒင်'' ဇာတ်ကား တွင် လည်းကောင်း ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်လိုက်သောအခါ တိုင်းသိပြည်သိ နိုင်ငံကျော်မင်းသားအဖြစ်သို့ ရောက်ရှိခဲ့သည်။

ကွယ်လွန်ချိန်အထိ ရုပ်ရှင်သက်တမ်း ၃၈ နှစ်အတွင်း ခေါင်းဆောင် မင်းသား၊ ဒုတိယခေါင်းဆောင်မင်းသားနှင့် ဇာတ်ပို့အဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားပေါင်း ၁ဝဝ ကျော်ရှိသည်။ ၁၉၅၇ ခုနှစ်တွင် ဒါရိုက်တာ ဦးချစ်စိန် ရိုက်ကူးသည့် ''ဗိုလ်မြဒင်'' ဇာတ်ကားဖြင့် လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် သာဓုရုပ်ရှင်မှ ဒါရိုက်တာ သာဓု ရိုက်ကူးသည့် ''ကကြီးရေက''၊ ဒါရိုက်တာ မျိုးအောင် ရိုက်ကူးသည့် ''ချစ်တော့ချစ်တယ်''၊ ဒါရိုက်တာ ကျော်သန်း ရိုက်ကူး သည့် ''ဗိုလ်အောင်နိုင်'' ဇာတ်ကား သုံးကားဖြင့် လည်းကောင်း၊ ၁၉၈၃ ခုနှစ် တွင်  ''တတိယအရွယ်၏ ဒုတိယဝေဒနာ'' ဇာတ်ကားဖြင့် လည်းကောင်း အကယ်ဒမီရခဲ့သည်။

မင်းသားကြီး ထွန်းဝေသည် စိန်မာဒင်ဇာတ်အဖွဲ့နှင့် တွဲဖက်ပြီး ပြဇာတ် များလည်း ကပြခဲ့သည်။ ထို့ပြင် ကက်ဆက်ဇာတ်လမ်းခွေများ ခေတ်ကောင်း ခဲ့စဉ်က ကောလိပ်ဂျင်နေဝင်း၊ မောင်ကြေးမုံ၊ ဘီအီးဒီ အောင်သိုက်၊ ပန်းချီ လေးဝင်း၊  တွံတေးသိန်းတန်၊  အသံမင်းသား  နိုင်လင်း၊  ကလပ်  ကြေးမုံ၊ တို့တင်ဌေး တို့နည်းတူ အပြိုင်အဆိုင်ဇာတ်လမ်းများ ဖန်တီးထုတ်လုပ်ကြရင်း ပရိသတ်နှစ်ခြိုက်စွာ အားပေးခြင်းခံခဲ့ရသည်။ မင်းသားကြီး ထွန်းဝေ၏အသံဇာတ်လမ်းများအနက် အောင်မြင်ကျော်ကြားသည့် ကက်ဆက်ဇာတ်လမ်း အချို့မှာ ကကြီးရေက၊ နဂါးနိုင်မင်းသား၊ ပုဏ္ဏားဘကွန်း၊ ဝရမ်းပြေးဘခက်၊ မဟာဇောတိက သူဌေး၊ ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်၊ ထောင် မင်းသားဖိုးထော်နှင့် ယမင်းရုပ်၊ ဂျင်ပေါ်ကထုံး၊ အတ္တအကျဉ်းသား၊ ဂျမ်းမ၊ ပြောပြန်ရင်လည်းအောင်မင်းလွန်ရာကျမယ်၊ ဟင်္သာလည်းငှက် ကျီးလည်းငှက်၊ မုဆိုးနဲ့ကျား၊ အဗ္ဗပါလီ၊ ဘုံရှင်းတမ်း၊ စိတ်၊ သမားတော်ကြီး မဟာဇီဝက၊ ရွှေနဲ့ကွပ်တော့ ရွှေမင်းသားတို့ ဖြစ်သည်။

၁၉၅၂ ခုနှစ်တွင် တရုတ်ပြည်  ပီကင်းတွင်ကျင်းပသော  အာရှနှင့် ပစိဖိတ် ငြိမ်းချမ်းရေး  ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၁၉၅၆ ခုနှစ်နှင့် ၁၉၆ဝ ပြည့်နှစ်တွင်   မြန်မာ့ရုပ်ရှင်ပညာရှင်များ ကိုယ်စားလှယ်အဖြစ် လည်းကောင်း  တရုတ်ပြည်သို့ သွားရောက်ခဲ့သည်။

မင်းသားကြီး ထွန်းဝေသည် ဒေါ်စောနှင့် လက်ထပ်ခဲ့ရာ ဒေါ်စော ကွယ်လွန်သည့်အခါ  ဒေါ်ထွေးထွေးနှင့်  ထပ်မံအိမ်ထောင်ပြုခဲ့ပြီး  သား နှစ်ယောက် ထွန်းကားခဲ့သည်။ ၁၃-၈-၂ဝဝ၅ ရက်တွင် ကွယ်လွန်သွားခဲ့သည့်  မင်းသားကြီး ထွန်းဝေ (ဦးထွန်းဝေ) ကောင်းရာသုဂတိလားပါစေ။

တင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်)
ကျမ်းကိုး-မြန်မာ့စွယ်စုံကျမ်း။

No comments:

Post a Comment