Latest News

Saturday, June 2, 2018

အညာသားတစ်ဦးပြောသော_ပုသိမ်သူတစ်ယောက်ရဲ့အကြောင်း


နှုတ်ဆက်ပါတယ်
မိုးဟာ တံခါးမခေါက်ပဲ ရွာချတဲ့မြို့လေးရေ

စိန်ပန်းတွေ ပွင့်တိုင်း
လယ်ကွင်းစိမ်းစိမ်း လမ်းလေးတွေ့တိုင်း
ချစ်စရာမြို့ကို လွမ်းနေပါ့မယ်

ကောက်ကောက်ကွေ့ကွေ့
လမ်းလေးတွေ မြင်တိုင်း
စိတ်ကောက်တတ်တဲ့ ပုသိမ်သူလေး
လွမ်းနေပါ့မယ် ။

ပုသိမ်ထီးမဆောင်းပဲ
ခေါက်ထီးဆောင်းတဲ့ ပုသိမ်သူရေ
လမ်းမကူးရဲတဲ့ ဧည့်သည်တွေမြင်ရင်
ငါ့ကို သတိရပါ ။

ရွှေမုဌောဘုရားက ခိုလေးတွေ
ငါ့ကို လွမ်းလို့ ငိုမှာလား
ငါ့မှာတော့
ကန်သုံးဆင့်က ထိုင်ခုံလေး
လွမ်းနေရော့မှာ ။

တာဝတိံသာ ဘုရားမှာ
မင်း ဘဝ မြင့်စေဖို့ တောင်းတဲ့ဆုများ
ပြုတဲ့ကုသိုလ်အားလုံး
မင်းနာမည်နဲ့ ရေစက်ချတယ်
ကုသိုလ်အဖို့ကြောင့် ပျော်ရွှင်ပါစေ ။

ပုသိမ်သူရေ
ရေပေါ်ဈေးကို အတူလည်ပတ်ခဲ့တာ
ရေပေါ်ရေးတဲ့ အရုပ်တွေပါကွယ်

ကျိုးကျသွားတဲ့ မြောင်းမြတံတားကြီးဟာ
မနိုင်ဝန်တွေထမ်းရတဲ့
ငါ့ မျှော်လင့်ချက်လို ။

ပင်လယ် ကမ်းစပ်ကို
ဟော်တယ်တွေ မြိုထားတဲ့ ငွေဆောင်မှာ
"အုန်းသီးထဲ ဘယ်သူရေထည့်တာလဲ "
မင်း မေးတုန်းက
"ငါ့ရင်ဘတ်ထဲ ဘယ်သူမင်းကိုထည့်ပေးလဲ "
ပြန်မေးတော့
ပျက်သွားတဲ့ မင်းမျက်နှာကို ကြည့်ရင်း
အနာဂတ်ကို ငါ ရိပ်မိတယ် ။

ပင်လယ်ငါးတွေ မျှားတုန်းက
မင်းအပြုံးနဲ့မျှားလို့
တွန့်တွန့်လူးသွားတဲ့ ငါးပူတင်းလေးဟာ
ငါဆိုတာ
မင်းလည်း သိမှာပါ ။

စကားလုံးတွေ မရှိတဲ့အခါ
ပင်လယ်ကို အတူငေးခဲ့ကြ
( မျက်လုံးတွေ မဆုံချင်သူအဖို့
ပင်လယ်ကိုငေးတာ အကောင်းဆုံးဖြစ်မှာပါ)
လှိုင်းရေ…
တစ်ဘဝစာမဟုတ်ပဲ
ဘာကြောင့် ပုတ်ခတ်လဲ
လှိုင်းကျီစယ်လို့ သဲအိမ်လေး ငိုနေတယ် ။

မထိတထိပုတ်ခတ်တယ်ဆိုပေမယ့်
ကမ်းစပ်လေး ငိုခဲ့တယ်
အချစ်ဟာ ဒီလိုပါပဲ
ပုသိမ်သူလေး မထိတထိပြုံးတယ်ဆိုပေမယ့်
အညာသားလေး ပြိုခဲ့တယ်…
မင်းပျော်ဖို့ ပြိုပေးရဲတဲ့ ကမ်စပ်းလေးပါကွယ်
မင်းမို့ ပုတ်ရက်တယ် ။

ပုသိမ်သူရေ
မျှော်လင့်ချက်နဲ့ လှော်တဲ့လှေငယ်လေး
လှိုင်းအောက်မြုပ်သွားပေါ့ ။

ငါ ပြန်လာမယ့် နေ့အထိ
ပင်လယ်ရေ ကျန်ဦးမှာ
စိန်ပန်းပွင့်ဖို့တော့ မသေချာဘူး
ဒါဆို မင်းစိတ်ရော…
(အေးပေါ့ )
မင်းအချစ်ဟာ ပင်လယ်ရေမှ မဟုတ်တာ
ခမ်းလွယ် ပျောက်လွယ်
အငွေ့ပျံတာ မြန်လိုက်တာကွယ် ။

မရောက်နိုင်မှန်း သိပေမယ့်
စက္ကူလေယာဉ်ပျံလေး
မင်းနာမည်ရေးပြီး လွှတ်မိဦးမှာ…
မရောက်နိုင်မှန်း သိပေမယ့်
စက္ကူလှေလေး
ဧရာဝတီမြစ်ထဲ မျောမိဦးမှာ…
ပုသိမ်သူရေ
ကံကုန်ရင် ခဲခြစ်ဖြည့်လို့မှ မရတာ
ငါတို့ ဝေးကြရုံပေါ့ဟာ ။ ။

ဆန်းကျော်စွာဝင်း

No comments:

Post a Comment