Latest News

Saturday, June 2, 2018

လက်စားချေ နတ်သမီး ရုပ်ရှင်ဇာတ်ကား ဇွန် ၈ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည်

လက်စားချေ နတ်သမီး ရုပ်ရှင်ဇာတ်ကား ဇွန် ၈ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည်


ရန်ကုန်     ဇွန်     ၂

ဒေါ်ခင်ပြုံးရီ (မော်လမြိုင်) စီစဉ်ပြီးTop One ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သည့် ''လက်စားချေ နတ်သမီး'' ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇွန် ၈ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနှင့် ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားခြင်းဖြစ်ပြီး  ချစ်သူနှစ်ဦး တစ်ဦးကိုတစ်ဦး အလွန်ချစ်ပါလျက်နှင့် သံသယကြောင့် ဝေးကွာခဲ့ရပြီး ချစ်သူနှင့် သူငယ်ချင်းကြားတွင် ဗျာများရာမှ မမျှော်လင့်သော ဖြစ်ရပ်ကြောင့်  လက်စားချေရန် ဖြစ် လာပုံတို့ကို အဓိက အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင်  ဖြိုးငွေစိုး၊ သြဘာ၊ ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်၊ နန်းဆုဦးနှင့် အခြား အနုပညာရှင်များစွာဖြင့် ပုံဖော်ထားပြီး  တစ်မူထူးခြားစွာ ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားဖြစ်ကြောင်း သိရသည်။

ဇာတ်လမ်းနှင့် ဒါရိုက်တာ ညိုမင်းလွင်က''ဒီဇာတ် လမ်းကတော့ အချစ်ရေးဇာတ်လမ်းဖြစ်ပါတယ်၊ အဓိက ကတော့ ဒီကားမှာ  လက်စားချေတာ မှန်တယ်ဆိုတဲ့ ဘက်ကနေ ရိုက်ထားတာပါ၊ ထူးခြားမှုအနေနဲ့ကတော့ ဒီဇာတ်ကားမှာ ဘယ်သူမှ နောင်တမရပါဘူး၊ မြန်မာ ဇာတ်ကားဆန်စွာ ဇာတ်သိမ်းပိုင်းမှာ နောင်တရသွားတာမျိုး မဟုတ်ပါဘူး၊ ဇာတ်ကားအစကနေ အဆုံးအထိ လက် စားချေတာ မှန်တယ်၊ လက်စားချေတာဟာ လုပ်သင့်တဲ့ ကိစ္စတစ်ခုဆိုပြီး ရိုက်ထားတာပါ၊ သရုပ်ဆောင် အသစ် အနေနဲ့ကတော့ ဒီဇာတ်ကားမှာ သြဘာ တစ်ယောက်ပဲပါပါ တယ်၊ ဇာတ်ကောင်စရိုက်တွေအနေနဲ့ပြောရရင် လူငယ် အချစ်ဇာတ်လမ်းတွေထဲကအတိုင်း  မြင်နေကျဇာတ် ကောင်စရိုက်တွေပါပဲ၊ ဒါပေမယ့် မြင်နေကျဇာတ်ကောင် စရိုက်နဲ့ မတူတာတွေကတော့ သူတို့အားလုံးဟာ  လူ တစ်ယောက်အပေါ်ကို  လက်စားချေတာခုံမင်တယ်၊ ကိုယ့်ကိုလာထိရင်  စကားလုံးနဲ့ပဲဖြစ်ဖြစ် ပြန်လည် တုံ့ပြန်ရမှ ကျေနပ်ကြတဲ့သူတွေပေါ့၊ ဒီဇာတ်ကားဟာ လူတစ်ယောက်ကို လက်စားချေတာကို စိတ်ဝင်စားတဲ့ သူတွေအတွက်ကတော့ တစ်နာရီခွဲစာ အချိန်ဖြုန်းလို့ ကောင်းတဲ့ ကော်ဖီတစ်ခွက်လိုပါပဲ၊ လူတစ်ယောက်ကို ခွင့်လွှတ်တတ်တဲ့သူ၊ သဘောထားကြီးတတ်တဲ့သူဆိုရင် တော့   ဒီဇာတ်ကားအတွက်   အချိန်ကုန်မခံပါနဲ့၊  သေချာပါတယ်၊  ဒီဇာတ်ကားကို  ကြိုက်မှာမဟုတ်ပါဘူး၊ ဒီ
ဇာတ်ကား အနေနဲ့ ပေးချင်တဲ့အကြောင်းအရာကတော့ လက်စားချေတာ မှန်တယ်၊ လက်စားချေတာ ရှိသင့်တဲ့ ကိစ္စတစ်ခုဆိုတဲ့  ရှုထောင့်ကနေ ရိုက်ပြထားတာဖြစ်ပါ တယ်၊  အမြင်မတူဘဲနဲ့ သဘောထားကွဲလွဲမှုတွေလည်း ရှိနိုင်ပါတယ်၊ ဒါကတော့ လက်စားချေတတ်တဲ့သူတွေကို ကိုယ်စားပြုပြီး ရိုက်ထားတာဖြစ်ပါတယ်''ဟု ပြောသည်။
သရုပ်ဆောင် ဖြိုးငွေစိုးက ''ချစ်သူနှစ်ယောက်ကြားက ပြဿနာနဲ့ အဲဒီနှစ်ယောက်ကြားကို   ဝင်လာတဲ့လူ တစ်ယောက်အကြောင်း ပုံဖော်သွားတဲ့ဇာတ်လမ်းပါ၊ ဒီဇာတ်ကားမှာ ကျွန်တော်နဲ့ သက်မွန်က ချစ်သူတွေပါ၊ ကျွန်တော်တို့ နှစ်ယောက်ကြားကို တခြားတစ်ယောက် ဝင်လာတယ်၊  အဲဒီမှာပြဿနာလေးတွေဖြစ်ကြတယ် ဆိုတဲ့ ဇာတ်လမ်းပုံစံပါ၊ ကောင်လေးတစ်ယောက်နဲ့ ကောင် မလေးတစ်ယောက်ကြားမှာ အချစ်နဲ့ပတ်သက်တဲ့ ပြဿနာ လေးတွေကို ရိုက်ထားတာပါ၊ အဓိကကတော့ သြဘာကို ဦးတည်ထားတဲ့ ဇာတ်ကားပါ၊ ကျွန်တော့် ကာရိုက်တာ ကတော့ ချစ်သူကိုသဝန်တိုပြီး မယုံသင်္ကာဖြစ်တဲ့ သဘော မျိုးလေးပါ၊ ဒီဇာတ်ကားမှာဆိုရင် ကိုညိုမင်းလွင်ရဲ့ ကြိုးစားထားတာလေးတွေနဲ့ သြဘာရဲ့ ကြိုးစားထားမှု တွေကို တွေ့မြင်ရမယ့်အချစ်ကားလေးပါ၊  ဒီဇာတ်ကားမှာ ကျွန်တော်ပါဝင်တဲ့ အခန်းကဏ္ဍတွေကို အားလုံးတာဝန် ကျေအောင် လုပ်ပေးထားပါတယ်၊ ကျန်တဲ့သူတွေအနေနဲ့ လည်း သူ့နေရာနဲ့သူ တာဝန်ကျေအောင် လုပ်ပေးထားကြ ပါတယ်၊ အဓိကကတော့ ကိုညိုမင်းလွင် ပေးဆပ်ထား တာလေးတွေက ဆွဲဆောင်မှုရှိပါတယ်၊ ကျွန်တော်ကတော့ အဲဒါလေးတွေကို ဦးစားပေးပြီးခံစားပေးစေချင်ပါတယ်''ဟုပြောသည်။

ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်က ''အချစ်ကား လေးကိုမှ လှည့်စားထားတာမျိုးလေးတွေပါ၊ တအားကြီး ဆန်းနေတာမျိုးတော့ မဟုတ်ပါဘူး၊  အဲဒီဇာတ်ကားရိုက်နေ တုန်းက အဓိကပြဿနာအနေနဲ့ သက်မွန်နေမကောင်း ဖြစ်ခဲ့တယ်၊ နေမကောင်းဖြစ်နေတဲ့ အချိန်မှာရိုက်ရတာဆို တော့ တော်တော်စိတ်နှစ်ပြီး   ကြိုးစားရိုက်ခဲ့ရတာပါ၊  ဇာတ်ကားနဲ့ပတ်သက်ပြီး ကြိုတင်ပြောရတာထက် ပရိသတ် ကိုလာရောက်ကြည့်ရှုစေချင်ပါတယ်၊ ဇာတ်ကားလေးဟာ ရိုးရိုးလေးမဟုတ်ဘဲ လှည့်စားထားတဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းပါတယ်''ဟု ပြောသည်။

သရုပ်ဆောင် သြဘာက ''လက်စားချေတဲ့ဇာတ် ကောင်ကို စနစ်တကျစီစဉ်ထားတဲ့ ကာရိုက်တာမျိုးဖြစ် ပါတယ်၊  အသစ်တစ်ယောက်အနေနဲ့ စကားပြောပိုင်း ဆိုင်ရာ အဖြတ်အတောက်တွေမှာ အခက်အခဲတွေရှိခဲ့ပါ တယ်၊ အမှတ်တရတွေကတော့ အများကြီးပါ၊ ဒီဇာတ်ကား ရိုက်နေတုန်းက ကန်တော်ကြီးထဲမှာ  မသက်မွန်မြင့်နဲ့ ကျွန်တော်နဲ့ ဇာတ်ဝင်ခန်းတစ်ခုရိုက်နေတုန်း ကျွန်တော့်ကို ပရိသတ်တွေက  မမြင်ဖူးတော့  အရိုက်ခံရမလိုတောင် ဖြစ်ခဲ့ပါသေးတယ်၊ ဒီဇာတ်ကားမှာ အကြိုက်ဆုံးအခန်း ဆိုရင်တော့ ကျွန်တော် မသက်မွန်မြင့်ကို သူငယ်ချင်းလို လမ်းခွဲတဲ့အခန်းကို အကြိုက်ဆုံးပါပဲ'' ပြောသည်။

သရုပ်ဆောင် နန်းဆုဦးက ''လက်စားချေနတ်သမီး ဇာတ်ကားရိုက်နေတဲ့ အချိန်မှာလည်း ဇာတ်လမ်းအရ အချိန်းအပြောင်းလေးတွေလုပ်ခဲ့ပါတယ်၊ ဦးညိုမင်းလွင် ကလည်း စိတ်ကူးရရင်ရသလို အချိန်းအပြောင်းလေးတွေ လုပ်တတ်တဲ့  အကျင့်ရှိတော့ ရိုက်နေရင်းနဲ့ အချိန်း အပြောင်းလေးတွေ ဖြစ်သွားတာပါ၊  ဇာတ်ကောင်အပိုင်း မှာလည်း ဦးညိုမင်းလွင်ပြောတဲ့အတိုင်း လုပ်ခဲ့ပါတယ်၊ တစ်ခါတလေကျရင် ဘာတွေဖြစ်လာမယ်ဆိုတာ မပြော ဘဲ လျှို့ဝှက်ထားတာမျိုးတွေ ကြုံခဲ့ရတယ်၊ ကိုယ်တိုင်လည်း ဘာတွေဖြစ်လာမလဲဆိုတာ မသိဘဲ ရိုက်ခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်၊ ညီမအနေနဲ့ကတော့ ကိုယ်လက်ခံထားတဲ့ ဇာတ်ကောင်စရိုက်အတိုင်း စဉ်းစားပြီး  လုပ်ဆောင်ခဲ့ တာပါ၊ ဒီဇာတ်ကားကို  လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရိုက်ကူးခဲ့ တာပါ၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်၊ နောက်ထပ်လည်း ဒီထက်ပိုကောင်းအောင် ကြိုးစားသွား မှာပါ၊ ညီမအနေနဲ့ကတော့ ဘယ်လိုဇာတ်ကောင်စရိုက်ကို ကြိုက်နှစ်သက်တယ်ဆိုတာမျိုး မရှိပါဘူး၊ ဒီဇာတ်ကားကို ရုံတင်တဲ့အခါမှာ ပရိသတ်တွေအနေနဲ့ ကြည့်ရှုအားပေး ကြပါ၊ နန်းဆုရဲ့ ကာရိုက်တာကိုလည်း ဝေဖန်အကြံပြု ပေးကြပါ၊ ဒီဇာတ်ကားလေးကတော့ ဇာတ်ကောင်စရိုက် တွေမတူတဲ့ အချစ်ဇာတ်ကားလေးပါပဲ၊ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရတွေကတော့ အများကြီးပါပဲ၊ မသက်မွန်မြင့်နဲ့ ပထမဆုံးဆုံတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်''ဟု ပြောသည်။

လက်စားချေ နတ်သမီး ရုပ်ရှင်ဇာတ်ကားသည် ချစ်သူနှစ်ဦး တစ်ဦးကိုတစ်ဦး အလွန်ချစ်ပါလျက်နှင့် သံသယကြောင့် ဝေးကွာခဲ့ရပြီး လက်စားချေရန်အတွက် လက်စားချေနတ်သမီးရုပ်တုအရှေ့သို့ ရောက်ရှိသွားပုံ၊ လက်စားချေနတ်သမီး၏  စိတ်ဝင်စားဖွယ်အကြောင်း အရာများ၊  ချစ်သူနှင့် သူငယ်ချင်းကြားတွင် ဗျာများရာမှ မမျှော်လင့်သောဖြစ်ရပ်ကြောင့် လက်စားချေရန် ဖြစ်လာ ရပုံ၊ လူသားများသည် ဥပါဒါန်အစွဲကြောင့် ဥပဒ်ရောက် တတ်ကြောင်းနှင့် တစ်ဖက်စွန်းရောက်အောင် သံသယ မပွားသင့်ကြောင်း၊ လက်စားချေခြင်းထက် ခွင့်လွှတ် နားလည်ပေးခြင်းသာလျှင် စစ်မှန်သည့် ချစ်ခြင်းမေတ္တာဖြစ် ကြောင်းကို ယနေ့လူငယ်များ နားလည်သဘောပေါက်စေရန် အတွက် လူငယ်တို့၏ အချစ်၊ အလွမ်း၊ အလှအပ အံ့သြဖွယ် ဖြစ်ရပ်ဆန်းများဖြင့် ရိုက်ကူးတင်ဆက်ထားသော ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အတုယူမမှားစေဘဲ လက်စားချေခြင်းသည် ဆိုးကျိုးကို ရရှိနိုင်ကြောင်း၊ လူငယ် များ ဆင်ခြင်နိုင်ဖွယ်ကောင်းသော၊ message ပေးနိုင်စွမ်းရှိ သော ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း သိရသည်။

ကြေးမှုံ၊သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment