Latest News

Saturday, June 2, 2018

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တစ်နိုင်ငံလုံး အောင်ချက် ၃၂ ဒသမ ၂ ရာခိုင်နှုန်း အောင်မြင်

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တစ်နိုင်ငံလုံး အောင်ချက် ၃၂ ဒသမ ၂ ရာခိုင်နှုန်း အောင်မြင်

နေပြည်တော် ဇွန် ၂

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းများကို ယနေ့နံနက် ၆ နာရီတွင် နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စာစစ်ဌာနပေါင်း ၁၇၂၇ ခုတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၈၉၈၄၅ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ၂၅၉၁၉၁ ဦး အောင်မြင်သဖြင့် အောင်ချက်ရာနှုန်းမှာ ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။

ယခုနှစ်အတွက် သိပ္ပံဘာသာတွဲတွင် ပထမ ရခဲ့သူမှာ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ မသင်းမြနွေးဖြစ်ပြီး ရရှိခဲ့သော အမှတ်မှာ အမှတ်ပေါင်း ၅၅၃ မှတ်ဖြစ်သည်။

ဝိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံးဖြင့် ပထမ ရခဲ့သူမှာ ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ကျော်လင်းပိုင် ဖြစ်ပြီး အမှတ်ပေါင်း ၅၁၄ မှတ်ဖြင့် ဝိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံး ရရှိခဲ့သည်။

ယခုနှစ်အတွက် ဝိဇ္ဇာဘာသာတွဲတွင် ပထမရခဲ့သူမှာ ဧရာဝတီတိုင်း ဒေသကြီး ရေကြည်အ-ထ-က(ငပိဆိပ်) ကျောင်းမှ မောင်စိုးသက်က အမှတ်ပေါင်း ၄၉၂ မှတ်ဖြင့် ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံး ပထမ ရရှိခဲ့သည်။

ယခုနှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူ သုံးဦးစလုံးမှာ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဖြစ်ခဲ့ပြီး မသင်းမြနွေးက ၅၅၃ မှတ်၊ မစုရည်ဝင်းက ၅၅၂ မှတ်၊ မစုနေခြည်မိုးက ၅၅၁ မှတ်တို့ဖြင့် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသည်။

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူပေါင်း ၇၅၇၅၆ ဦးအထိရှိပြီး ၆ ဘာသာ ဂုဏ်ထူးရရှိသူ ၇၁၆ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရရှိသူ ၁၉၈၃ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရရှိသူ ၃၈၉ဝ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရရှိသူ ၆၇၉၅ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရရှိသူ ၁၂ဝ၅၄ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရရှိသူ ၅ဝ၃၁၈ ဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှစ်အလိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှု ရာခိုင်နှုန်းများမှာ ၂ဝ၁၂ ခုနှစ်တွင် ၃၄ ဒသမ ၃၇ ရာခိုင်နှုန်း၊ ၂ဝ၁၃ ခုနှစ်တွင် ၃၄ ဒသမ ၈၉ ရာခိုင်နှုန်း၊ ၂ဝ၁၄ ခုနှစ်တွင် ၃၁ ဒသမ ၆၇ ရာခိုင်နှုန်း၊ ၂ဝ၁၅ ခုနှစ်တွင် ၃၇ ဒသမ ၆ဝ ရာခိုင်နှုန်း၊ ၂ဝ၁၆ ခုနှစ်တွင် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂ဝ၁၇ ခုနှစ်တွင် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် ယခု ၂ဝ၁၈ ခုနှစ်တွင် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MWD

No comments:

Post a Comment