Latest News

Sunday, June 10, 2018

မသိခြင်းများ နှင့် ပြည့်ဝနေသော ကင် နှင့် ထရန့်


စင်္ကာပူတွင် ကမ္ဘာတ၀ှမ်း မှ သတင်းယူရန် ရောက်ရှိနေကြသော သတင်းထောက် သုံးထောင်ခန့် ခြေချင်းလိမ်နေကြပြီ ဖြစ်ပါတယ်။

၎င်းတို့အဖို့က ကနေဒီ နှင့် ကရုးရှက်တို့ ပထမဆုံးအကြိမ် ဗီယင်နာ တွင် တွေ့ဆုံခဲ့သည့် ထိပ်သီး ဆွေးနွေးပွဲ နှင့် ဒုသမ္မတ နစ်ဆင် နှင့် ကရူးရှက်တို့ တွေ့ဆုံပြီး အခြေအတင် ပြောခဲ့ကြသည့် မီးဖိုချောင် စကားစစ်ထိုးပွဲ ဖြစ်ခဲ့ရသော ထိပ်သီး တွေ့ဆုံပွဲ၊ များ ထက် စိတ်ဝင်စားမှု အာရုံစိုက်မှုများ တွင် များစွာ သာလွန်ဖွယ် ရှိသော မြောက်ကိုရီယား ခေါင်းဆောင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် တို့ တွေ့ဆုံပွဲကို လာရောက် သတင်းယူနေကြခြင်းပင် ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦး စလုံးအားလည်း ကမ္ဘာထိပ်တန်း သတင်းမီဒီယာ (Fox news မှ လွဲ၍) သူ့နည်း သူဟန် နဲ့ စိတ်ကစင့်ကလျား ရှိနေသူများ လို့ သတ်မှတ်ထားတာကြောင့်လည်း ပွဲကြီးပွဲကောင်း လို့ မှတ်ယူနေပါတယ်။

ပွဲဦးထွက်မှာပဲ ဒေါ်နယ် ထရန့် က သံတမန် ရေး အရ အရေးနိမ့်သွားခဲ့ပါတယ်။ ရက်သတ်မှတ်ပြီး မှ ဆွေးနွေးပွဲ ကို ဖျက်သိမ်းခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ နောက်ပြီး တင်းမာမှု အရှိန် မြှင့်အောင် ဖြစ်လာတဲ့ စစ်ရေးလေ့ကျင့်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဒါကို ကင်ဂျုံးအန်းက အေးဆေးစွာ တုန့်ပြန်ခဲ့တဲ့ အတွက် အားလုံး တအံ့တသြ ဖြစ်ပြီး ဒေါ်နယ်ထရန့်ပင် တွေ့ဆုံမယ်လို့ ပြန်ဖြစ်သွားခဲ့ရပါတယ်။

အခု ရောက်ရှိလာတဲ့ ကင်ဂျုန်းအန်းက အေးဆေးတည်ငြိမ်စွာ နိုင်ငံခေါင်းဆောင်တဦးပမာ တရုတ်ပြည်က ထောက်ပံ့ပေးလိုက်တဲ့ လေယာဉ် ပေါ်ကနေ တည်ငြိမ်စွာ ဆင်းသက်လာပြီး ချန်ဂီလေဆိပ်မှာ လာရောက် ကြိုဆိုတဲ့ စင်္ကာပူ နိုင်ငံခြားရး ၀န်ကြီးကို တည်ငြိမ်စွာ နှုတ်ဆက်ခဲ့ပါတယ်။ ပြီးနောက် တည်းခိုမယ့် St. Regis ဟိုတယ်ကို ထွက်ခွာခဲ့ပါတယ်။ စင်္ကာပူ အတွက် မျက်နှာပျက်စရာ မဖြစ်ခဲ့ရတာကတော့ ကင်ဂျုံအန်းကို ဆန္ဒပြမယ့်လူ တယောက်တလေမှ မရှိတာပါပဲ

စင်္ကာပူ ကလည်း သူ ရော သူနှင့် အတူ လိုက်ပါလာတဲ့သက်တော်စောင့်တွေ စီးဖို့ ကျည်ဆံ မပြောနှင့် လက်ပြစ်ဗုံး ဒဏ် တောင် ခံနိုင်မယ့် BMW ကားနက် ကြီး လေးစီး ကို မှာယူတင်သွင်း ပေးခဲ့တယ်လို့ စထရိတ်တိုင်းမ် သတင်းစာ က အရိပ်အမြွက် ဖေါ်ပြခဲ့ပါတယ်။

မြောက်ကိုရီယား ကိုယ်ရံတော် တပ်ဖွဲ့များလည်း အမေရိကန် Secret Service နဲ့ ရော စင်္ကာပူက အထူး အားထားတဲ့ ဂေါ်ရခါး လုံခြုံရေး တပ်တွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်ရဖို့ ရှိနေပါတယ်။

ကင်ဂျုန်အန်း အနေနဲ့က သူလိုချင်တဲ့ ကမ္ဘာကို ပိုင်ဆိုင်ထားကြောင်း ပြချင်တဲ့ ညူကလီယား လက်နက်တွေ အပြည့်အ၀ စမ်းသပ် ပြစ်လွှတ်ပြီး ဖြစ်နေတဲ့ အတွက် စီးပွားရေး ဖက်ကို ဦးလှည့်လာဖို့ အပူတပြင်း စိုင်းပြင်းလာတဲ့ အတွက်လည်း ဖြစ်ပါတယ်။

ဒီပွဲမှာ တကယ်တမ်း ရှုံးစရာ ရှိနေတာက ဒေါ်နယ်ထရန့်ပဲ ဖြစ်ပါတယ်။

ကင်ဂျုန်းအမ်း က ကိုရီယား ကျွန်းဆွယ်မှာ ညူကလီယား မဲ့ ဇုံ ဖြစ်ပေါ်ရေး ဦးတည် ဆွေးနွေးလာပါက တောင်ကိုရီယား နဲ့ ဂျပန် မှာ ရှိတဲ့ အမေရိကန်တပ်တွေ အကုန်လုံး ရုတ်သိမ်းပေးရမယ့် ကိန်း ဆိုက်သွားမှာ ဖြစ်ပါတယ်။ ထို့အပြင် တရုတ်တွေ အထူး စိုးရိမ်နေတဲ့ THAAD ဒုံးခွင်းဒုံး လက်နက်တွေကို ရုတ်သိမ်းပေးရတော့မှာ ဖြစ်ပါတယ်။ မြောက်ကိုရီယား ရဲ့ ညူလက်နက် တွေ နဲ့ ကွပ်ကဲရေး စခန်းများ အပြီးအပိုင် ဖျက်သိမ်းဖို့ကလည်း နှစ်နဲ့ချီ ကြာနိုင်ပါတယ်။

သို့သော်လည်း တရုတ် ကလည်း အမေရိကန် မှ ကျုးကျော်လာမယ့် မြောက်ကိုရီယား လုံခြုံရေး ကို လုံးဝ အာမခံ မယ့် သဘော ရှိနေပါတယ်။

တောင်ကိုရီယား ကလည်း အမေရိကန်ကသာ သူတို့နိုင်ငံ လုံခြုံရေးကို အာမခံ ပေးမယ်ဆိုရင် (စိတ်ထဲက) လုံးဝ သဘောတူမှာ မလွဲပါဖူး၊

ကင်ဂျုန်အမ်း နဲ့ ပါယ်ဖျက်တဲ့ ဆွေးနွေးပွဲ ပြန်လုပ်ဖို့ တောင်ကိုရီယား သမ္မတ ကပဲ ကြားကနေ ဒေါ်နယ်ထရန့်ကို အကျိုးသင့် အကြောင်းသင့် ၀င်ပြောခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီယား ပြည်သူများကလည်း သမ္မတ ဖြစ်သူ မွန် ဂျေ အင် ရဲ့ ကြိုးပမ်းမှုတွေကို တခဲနက် ထောက်ခံခဲ့ကြပါတယ်။

ဤသို့သော အကြောင်းများ အပြင် ပြုံယမ်း ရှိ ဆပ်ပြာဗူးဗေါင်းထဲ နေသလို အလုံပိတ်ကာရံထားတဲ့ ခံတပ်ကြီးကနေ ရုတ်ခြည်း အဖိုး နဲ့ ဖခင် ဖြစ်သူရဲ့ အစဉ်အလာ ကို ရိုက်ချိုးပြီး ထွက်လာရဲတဲ့ သတ္တိကိုတော့ ချီကြူးရမှာ ဖြစ်ပါတယ်။

ဒေါ်နယ် ထရန့် တယောက် အမေရိကန် ရဲ့ နိုင်ငံခြားရေး မူဝါဒကို ဘယ်လို ပါးပါးနပ်နပ် ကိုင်တွယ်သွားမလဲ ဆိုတာ မျှော်လင့်ချက် မရှိလှပေမယ့် စောင့်ကြည့်သင့်ပြီး သူ့အား အပြင်းထန်ဆုံး စမ်းသပ်မယ့် ပွဲလည်း ဖြစ်ပါတယ်။ (လောလောဆယ်ေ G7 မှာ အရေးမလှခဲ့တာ တွေ့ရပြန်ပါတယ်)

ဒေါ်နယ်ထရန့်ကတော့ အမေရိကန် စိတ်ပညာရှင်များ က သူတို့ သိသမျှ ဆန်းစစ်ပေးလိုက်တဲ့ ကင် ဂျုန်းအန်းရဲ့ စိတ်အခြေအနေကို လေ့လာပြီး ယုံကြည်မှု အပြည့် ဖြစ်လာတာထက် ပိုဟန်မရှိပါဖူး။
လှစိုးဝေ

No comments:

Post a Comment