Latest News

Friday, June 1, 2018

ရန်ကုန်တိုင်း ဒေသကြီးကို တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ် ဖောက်ကားမှု ကင်းစင်ရေး နယ်မြေဖြစ်ရန် ကြိုးပမ်းမည်

ရန်ကုန်တိုင်း ဒေသကြီးကို တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ် ဖောက်ကားမှု ကင်းစင်ရေး နယ်မြေဖြစ်ရန် ကြိုးပမ်းမည်

ရန်ကုန်   မေ   ၃၁

ရန်ကုန်တိုင်းဒေသကြီး ဧရိယာအတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု ကင်းစင်ရေး နယ်မြေဖြစ်ရေးကို   ဇွန်လနှင့် ဇူလိုင်လတို့တွင် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း   သားငှက် ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)   တောရိုင်း တိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု     တားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးအောင်ကျော်ထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဧရိယာအတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ် ဖောက်ကားခြင်းများ  မပြုလုပ်ရန်  ၂ဝ၁၇  ခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ  အဓိကဆောင်ရွက်ခြင်းဖြစ်ပြီး သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)မှ  ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊  လက်ရှိတွင်  နှစ်ကြိမ်ပြု လုပ်ပြီး ဖြစ်သည့်အတွက် တရား မဝင်တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုမှာ ယခင်ကထက် လျော့နည်းလာကြောင်း သိရသည်။

''ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ် သစ်တောဦးစီးဌာနတို့၊ သားငှက်ထိန်းသိမ်း ရေးအဖွဲ့တို့နဲ့ပူးပေါင်းပြီး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု ပပျောက်အောင် ဆောင်ရွက်ဖို့ စီမံချက်ရှိပါတယ်။ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ရန်ကုန်တိုင်းဒေသကြီး  ဧရိယာအတွင်းကို  တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ကင်းစင်ရေး နယ်မြေဆိုပြီး ပြုလုပ်ဖို့ကြိုးစား ဆောင်ရွက် နေတယ်။  တောရိုင်းတိရစ္ဆာန် တရားမဝင်   ရောင်းဝယ်ဖောက်ကားတာ ပပျောက်အောင်  ဆောင်ရွက်မှာပါ'' ဟု  ဦးအောင်ကျော် ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှည်းကူး၊ ထောက်ကြန့်မြို့နယ် တို့၌ တောရိုင်းတိရစ္ဆာန် အသားဟင်းလျာရောင်းသည့် စားသောက်ဆိုင်များ၌ ဤဆိုင်တွင် တောရိုင်းတိရစ္ဆာန် အသားဟင်းလျာများ မရောင်းပါဟုလည်းကောင်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၌  ဤဆိုင်တွင်  တောရိုင်းတိရစ္ဆာန်နှင့် ပတ်သက်သော အမှတ်တရပစ္စည်များ မရောင်း ပါဟု လည်းကောင်း စာတန်းများ ကပ်ထားခြင်း၊ ယာဉ်များပေါ်၌လည်း ဤယာဉ်ပေါ်တွင် တောရိုင်းတိရစ္ဆာန်နှင့်   တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ  သယ်ဆောင်ခွင့် မပြုပါဆိုသည့် ပိုစတာများကို ကပ်၍  အသိပညာပေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး၌လည်း တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ် ဖောက်ကားခြင်း လျော့ကျစေရန် ရည်ရွယ်၍  သားငှက်ထိန်းသိမ်းရေးအဖွဲ့   (မြန်မာနိုင်ငံ အစီအစဉ်)မှ   မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ  ဝန်ထမ်း  ၁ဝဝ  ဦးခန့်အား တောရိုင်းတိရစ္ဆာန် တရားမဝင်    ရောင်းဝယ်ဖောက်ကားမှု   ခွဲခြားခြင်းဆိုင်ရာ သင်တန်းကို မေ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် နှစ်ရက် သင်တန်းပေးခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment