Latest News

Monday, June 11, 2018

တာရှည်ခံပြီး လုပ်ရလွယ်ကူသည့် ဟလဝါခြောက်

တာရှည်ခံပြီး လုပ်ရလွယ်ကူသည့် ဟလဝါခြောက်

မြန်မာနိုင်ငံအတွင်းရှိ ဒေသများ၌ ဒေသထွက်ကုန် အစားအစာ အမျိုးမျိုးထွက်ရှိ သကဲ့သို့ ဒေသခံများအပြင် ပြည်တွင်းပြည်ပရှိ မြန်မာလူမျိုးများ ကလည်း ကြိုက်နှစ်သက်လေ့ရှိသည်။

ထိုထဲမှ ပုသိမ်မြို့၌ အဓိက ထုတ်လုပ်သည့် ဟလဝါမှာလည်း မြန်မာ့ရိုးရာ စားစရာတစ်ခုအဖြစ် ကြိုက်နှစ်သက်ကြပြီး ဟလဝါကိုပင် ပြုလုပ်ထားသည့် ဟလဝါ ခြောက်ကိုလည်း ယနေ့တိုင် ကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိကြသည်။

ဟလဝါကို အချိုအဆိမ့် ကြိုက်သည့် လူကြီး၊ လူငယ်၊ ကလေးတိုင်း ကြိုက်နှစ်သက်ကြပြီး ပာလဝါခြောက်မှာ တာရှည်ခံသည့် စားစရာတစ်ခုဖြစ်သည်။ ဟလဝါခြောက်ကို တချို့က ဟလဝါ အကြွပ်ဟုလည်း ခေါ်ကြသည်။ ဟလဝါခြောက်သည် အာဟာရ အင်အားဓာတ်များ ပါဝင်သည့် စားစရာတစ်ခု ဖြစ်ကာ ဟလဝါခြောက် ၁ဝဝ ဂရမ်တွင် အင်အားဓာတ် ၂၇၁ ကယ်လိုရီရှိပြီး အဆီဓာတ် ၃၂ ဂရမ်နှင့် ပရိုတင်းဓာတ် ၃ ဒသမ ၅ ဂရမ်ပါဝင်သည်။

ဟလဝါခြောက် ပြုလုပ်မည် ဆိုပါက ကောက်ညှင်းဆန်၊ ရွှေချီမှုန့်၊ အုန်းသီး၊ သကြား၊ နွားနို့၊ ထောပတ်၊ နှင်းရည်နှင့် ဗာဒံစေ့တို့ လိုအပ်သည်။ ''ပထမဆုံး ကောက်ညှင်းဆန်ကို အမှုန့်ထောင်းပြီး အုန်းနို့၊ ရွှေချီတို့နဲ့ရောပြီး အရည်ဖျော်ထားရပါမယ်။ သကြားကို အရည်ကျိုပြီး စစ်ထားပါ။ ပြီးရင် အုန်းနို့၊ ရွှေချီတို့နဲ့ ကောက်ညှင်းဆန် ရောမွှေထားတဲ့ အိုးထဲကို နွားနို့လောင်းထည့်ပြီး အဆက်မပြတ် မွှေပေးနေရပါမယ်။ မုန့်ရည်ပျစ်လာပြီဆိုရင် နှင်းရည်နဲ့ ဗာဒံစေ့ကို ရောထည့်ပြီး ကျိုရပါမယ်။ ခဏကြာတဲ့အခါ မုန့်ရည်အတော်လေး ပျစ်လာပြီဆိုရင် ထောပတ်လောင်းထည့်ပြီး ဆက်မွှေနေရပါမယ်။ ဆက်မွှေနေရင်း မုန့်ရည်ကြွပ်လာတဲ့အခါ မိမိထည့်မယ့် ပုံစံခွက်ကို ဆီသုတ်ပြီးလောင်းထည့်ပါ။ ပြီးတော့ အအေးခံထားပါ။ မအေးခင်မှာ လိုရာပုံစံလှီးထားပါ။ အေးသွားပြီဆိုရင် ဟလဝါအကြွပ်ခေါ် ဟလဝါခြောက်ကို ရရှိပြီ ဖြစ်ပါတယ်။ ဟလဝါခြောက်က လုပ်ရတာလည်း လွယ်ကူတယ်။ တာရှည်လည်းခံတယ်။ ဘေးဥပဒ်ဖြစ်စေတဲ့ တာရှည်ခံ ဆေးဝါးလုံးဝ သုံးစွဲထားခြင်း မရှိလို့ အသက်အရွယ်မရွေး စားသုံးနိုင်တဲ့ မြန်မာ့ရိုးရာ မုန့်ဖြစ်ပါတယ်''ဟု ဟလဝါခြောက် လုပ်နည်းကို မျှဝေပေးသည့် မညိုမီက ပြောသည်။

ထို့ပြင် ဟလဝါခြောက် ပြုလုပ်ရာတွင် အဓိက သတိထားရမည့် အချက်မှာ အဆက်မပြတ် မွှေပေးရမည်ဖြစ်ပြီး မအေးမီ လိုရာပုံစံကို လှီးပေးရမည်ဖြစ်ကာ ဟလဝါအစို၊ အခြောက်တို့ကို နှစ်ပေါင်းများစွာ ကတည်းက လူအများနှစ်ခြိုက်စွာ စားသုံးလာသည့် မုန့်အချိုပွဲ တစ်ခုဖြစ်ကာ ယခုအချိန်ထိလည်း လူအများ စားသုံးလျက် ရှိနေဆဲ မုန့်ဖြစ်သည်။ ဟလဝါခြောက်မှာ ပုသိမ်မြို့မှ အဓိက ဒေသထွက် စားစရာ တစ်ခုဖြစ်သဖြင့် တကူးတက မှာယူစားသုံးရန် မလွယ်ကူသည့် သူများအတွက် မိမိတို့အိမ်၌ အလွယ်တကူ လုပ်စားနိုင်ရန် ရေးသားဖော်ပြ လိုက်ရပါသည်။

MWD

No comments:

Post a Comment