ရန်ကုန် မေ ၂၁
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွင်း ပါဝင်သော Terminal 1 နှင့် 2 ချိတ်ဆက်မှုမှာ လုပ်ငန်းများ ပြီးစီးတော့မည်ဖြစ်သဖြင့် မကြာမီ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်းYangon Aerodrome Co., Ltd. တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို Yangon Aerodrome ကုမ္ပဏီမှ စာချုပ်ချုပ်ဆို လုပ်ကိုင်လျက်ရှိပြီး မူလစီမံကိန်း ကာလ ၃၆ လ ခွင့်ပြုဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် ထပ်မံဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိနေသည့်အတွက် ဆက်လက်ဆောင်ရွက်ရန် စီမံကိန်းကာလ ၁၈ လ ထပ်မံ တိုးမြှင့်လုပ်ဆောင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားသည်။
ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လာမည့် ၁ဝ နှစ်တာ ကာလအတွင်း တိုးတက်လာမည့် ခရီးသွားဧည့်သည်များကို လက်ခံ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတကာအဆင့် တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
''နိုင်ငံတကာအဆင့်အထိဖြစ်လာဖို့ စီမံကိန်းတွေကို တစ်ဆင့်ချင်း လုပ်နေတာပါ။ စီမံကိန်းတွေက Phase 1၊ 2၊ 3ဆိုပြီး အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်နေတာပါ။ လက်ရှိလုပ်နေတာက Phase 3ပါ။ ဒီမှာ ပါဝင်တဲ့Terminal 1နဲ့ 2 ချိတ်ဆက်မှုက မကြာမီပြီးတော့မယ်။ လုပ်ဆောင်ရမယ့် စီမံကိန်းတွေက ကျန်နေသေးတယ်။ ဒါတွေအတွက် လိုအပ်တဲ့ အချိန်ကိုလည်း တင်ပြ ထားပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က အဓိကဝင်ပေါက် ထွက်ပေါက်ဖြစ် တာကြောင့် ခေတ်နဲ့လျော်ညီတဲ့ ပုံစံတွေကို ပြန်လည်ပြင်ဆင် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် Terminal 1နှင့် 2 ချိတ်ဆက်ခြင်း လုပ်ငန်း၊ လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းလုပ်ငန်း၊လေယာဉ်ရပ်နားရာနေရာ တိုးချဲ့ခြင်း လုပ်ငန်း၊Cargo အဆောက်အအုံ တိုးချဲ့ခြင်းလုပ်ငန်း၊ VIP/CIP Terminal အသစ် တည်ဆောက်ခြင်းလုပ်ငန်း၊ Terminal 2 အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် နည်းလမ်းများ ရှာဖွေခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုသွားလာမှုသည် များပြားလာသည့်အတွက် ခရီးစဉ်များ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးနှင့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ တင်ဒါခေါ်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment