Latest News

Monday, May 21, 2018

ရန်ကုန်ဘူတာကြီး စီမံကိန်းအတွက် ဖယ်ရှားပေးရမည့် ရထားဝန်​ထမ်းများကို​ ​နေရာများ ပြန်လည်ချထားပေးရန် စီစဉ်

ရန်ကုန်ဘူတာကြီး စီမံကိန်းအတွက် ဖယ်ရှားပေးရမည့် ရထားဝန်​ထမ်းများကို​ ​နေရာများ ပြန်လည်ချထားပေးရန် စီစဉ်

ရန်ကုန်   မေ    ၂၁

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းဧရိယာနှင့် မလွတ်ကင်း၍ ဖယ်ရှားပေးရမည့် ရထားဝန်ထမ်း အိမ်ရာများကို ပြန်လည်နေရာချထားပေးရာတွင် ရထားရုံးဝန်ထမ်းများကို  တာမွေ၊ ဘောက်ထော်နှင့် ကံဘဲ့တို့၌ လည်းကောင်း၊ ရထားပြုပြင် ထိန်းသိမ်းရေးပိုင်းဆိုင်ရာ ဝန်ထမ်းများနှင့် တခြားဝန်ထမ်းများအား ရွာသာကြီး၌လည်းကောင်း အသီးသီး နေရာချထား ပေးရန် စီစဉ် ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းဧရိယာနှင့် မလွတ်ကင်း၍  ဖယ်ရှားပေးရမည့် ရထားဝန်ထမ်းအိမ်ရာများအတွက်  ယခုနှစ်အတွင်း  ဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်ကာ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်း ဧရိယာအတွင်းရှိ ဝန်ထမ်းလိုင်းခန်းများ   ဖယ်ရှားပေးရမည်ဖြစ်ရာ ရထားဝန်ထမ်း    တစ်သောင်း ဝန်းကျင်ခန့်ရှိပြီး ယင်းဝန်ထမ်းများကို ပြန်လည်နေရာချထားပေးရေး အတွက် စီမံကိန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများမှ    ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးရမည်ဖြစ်ကြောင်း  သိရသည်။

''အိမ်ရာက ဒီနှစ်ထဲမှာ ဆောက်မှာ။ စီမံကိန်းက ၂ဝ၁၉  ခုနှစ် နောက်ပိုင်းမှာဆိုတော့ ၂ဝ၁၉ ခုနှစ်ထဲမှာ အပြီးရွှေ့ရမယ်။ တစ်နှစ်အတွင်း  တည်ဆောက်ဖို့ စီစဉ်ထားတယ်။ ၂ဝ၁၈  ခုနှစ်ထဲမှာလည်း ပြီးမယ့်အိမ်ရာ တချို့ရှိတယ်။ အိမ်ရာတိုက်ခန်းတွေကတော့ တစ်ပြိုင်နက်တည်းပြီးမှာတော့ မဟုတ်ဘူး။ တိုက်တစ်လုံးကို ၁၂  ခန်းပါမယ်ဆိုရင်  ပြီးသလောက် ရွှေ့ပေးရမှာ။ ရေ၊ မီးဆင်ပြီး သွားပြီဆိုရင်ရွှေ့မှာပါ''ဟု  ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ် ဦးအောင်နိုင်မြင့်ကပြောသည်။

ရွှေ့ပြောင်းပေးရမည့်  ရထားဝန်ထမ်း အိမ်ရာများမှာ  မင်္ဂလာတောင်ညွန့်ရထားဝင်းနှင့် သိမ်ဖြူရထားဝင်းတို့ဖြစ်ပြီး တာမွေ၊ ဘောက်ထော်၊  ကံဘဲ့နှင့်  ရွာသာကြီးတို့၌ ရထားဝန်ထမ်း အိမ်ရာများ  တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ တစ်နှစ် သတ်မှတ်ထားကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင် တည်ဆောက်ခြင်း စီမံကိန်းအတွက်  စင်ကာပူ Oxley Holdings ကုမ္ပဏီ၊  မြန်မာမင်းဓမ္မ ကုမ္ပဏီနှင့် တရုတ် Sino  Great Wallကုမ္ပဏီတို့ ပူးပေါင်းထားသည့် Oxley-Min Dhamma-Sino Great Wallလုပ်ငန်းစုကို ရွေးချယ်ထားပြီး အဆိုပါစီမံကိန်းမှာ ဧရိယာ ၂၅ ဒသမ ၇ ဟက်တာ (၆၃ ဒသမ ၅ ဧက) ရှိပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅  ဘီလီယံဝန်းကျင်  ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment