Latest News

Monday, May 21, 2018

ရန်ကုန်မြစ်အတွင်း အကြီးစား သောင်တူးခြင်း လုပ်ငန်းများ အတွက် Star High Asia Pacific ကုမ္ပဏီက ငါးနှစ်ကြာ လုပ်ကိုင်ခွင့်ရ

ရန်ကုန်မြစ်အတွင်း အကြီးစား သောင်တူးခြင်း လုပ်ငန်းများ အတွက် Star High Asia Pacific ကုမ္ပဏီက ငါးနှစ်ကြာ လုပ်ကိုင်ခွင့်ရ

ရန်ကုန်    မေ    ၂၁

ရန်ကုန်မြစ်အတွင်း အကြီးစား သောင်တူးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါ အောင်မြင်ခဲ့သော Star High Asia Pacific ကုမ္ပဏီနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရသည်။ အဆိုပါ သဘောတူစာချုပ်အရ   ယင်းကုမ္ပဏီအနေဖြင့်    ရန်ကုန်မြစ်အတွင်း ငါးနှစ်ကြာ သောင်တူးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် စာချုပ်တစ်ခု ချုပ်ဆိုမည်ဖြစ်သည်။

သောင်တူးခြင်း လုပ်ငန်းများအတွက် သင်္ဘောငှားရမ်း လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်နှစ်စာစာချုပ်အရ လုပ်ငန်းဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ရန်ကုန်မြစ်အတွင်း နေ့စဉ်သင်္ဘော သွားလာမှုစီးရေ  ၂၅ဝ  မှ  ၃ဝဝ ကြား    ရှိနေပြီး  ရေစူးအနက် ၉ မီတာရှိသည့် သင်္ဘောကြီးများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြစ်သည်  တိမ်ကောလာသည့်အတွက် သောင်တူးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း  သိရသည်။ ရန်ကုန်မြစ်အတွင်း    သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်   အတွင်း စည်းခုံနေရာကို အနက် ၄ ဒသမ ၇ မီတာ တူး၍ အပြင်စည်းခုံနေရာကို အနက် ၅  မီတာ တူးဖော်မည်ဖြစ်သည်။ အပြင်စည်းခုံ နေရာသည်  ရန်ကုန်မြစ်ပေါက်၏  အပြင်ဘက်၌တည်ရှိ၍ အတွင်းစည်းခုံသည် ရန်ကုန် သန်လျက်စွန်း၌ တည်ရှိသည်။

အတွင်းစည်းခုံ နေရာဖြစ်သည့် ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ်ဆုံရာ နေရာအတွင်း အနည်ပို့ချမှုများပြားပြီး နွေရာသီတွင် ရေစူး အနက် ၃ မီတာကျော်မျှသာ ရှိသည့်အတွက်  သင်္ဘောများ သွားလာရေး ခက်ခဲကြောင်း၊ ယင်းအတွက် နှစ်စဉ်သောင်တူးစက် ပါဝင်သော  သင်္ဘောငယ်ဖြင့်  သောင်တူးခြင်း လုပ်ငန်းများ စောင့်ကြည့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြစ်အတွင်း  ရေစူးအနက် ၉ မီတာရှိ သင်္ဘောကြီးများ ဝင်ထွက် သွားလာခွင့်ပြုထားသော်လည်း မြစ်ကြမ်းပြင် တိမ်ကောမှုများကြောင့် မြစ်ရေတက်ချိန်ကို စောင့်ကြည့်သွားလာ နေရကြောင်း၊ ရန်ကုန်မြို့၏  အဓိကကျသော  ဆိပ်ကမ်းများ၌ ကုန်တင်သင်္ဘောကြီးများ အဆင်ပြေစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် တင်ဒါခေါ်ယူ၍ သောင်တူးခြင်း လုပ်ငန်းများ   ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment