Latest News

Sunday, May 13, 2018

SME ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတစ်ဝန်းလုံးတွင် ဘက်ပေါင်းစုံက ဟန်ချက်ညီညီ အရှိန် အဟုန်ဖြင့်ဆောင်ရွက်နေ

SME ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတစ်ဝန်းလုံးတွင် ဘက်ပေါင်းစုံက ဟန်ချက်ညီညီ အရှိန် အဟုန်ဖြင့်ဆောင်ရွက်နေ

ပုသိမ် မေ ၁၂

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ၏ ဒေသတွင်း ထုတ်ကုန် ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ (၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ မြို့တော် ခန်းမ ၌ ကျင်းပရာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးသည်။

 ဖွင့်ပွဲအခမ်းအနားသို့ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဧရာဝတီ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ (MSME) ၏ တတိယအကြိမ် ဒေသတွင်း ထုတ်ကုန် ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲသည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ထုတ်ကုန်များ အရည်အသွေး မြှင့်တင်နိုင်ရေး၊ ဈေးကွက် ချဲ့ထွင်နိုင်ရေးနှင့် ရေရှည် ယှဉ်ပြိုင် နိုင်စွမ်းမြင့်မား လာစေရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း။ ပထမအကြိမ် ပြပွဲနှင့်ပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က မန္တလေးမြို့တွင် မန္တလေး တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းရှိ MSME များ ပူးပေါင်း၍ လည်းကောင်း၊ ဒုတိယ အကြိမ် ပြပွဲနှင့်ပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် မတ် ၂၄ ရက်က မကွေးမြို့တွင် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ MSME များပူးပေါင်း၍ လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ်ကြောင်း။

တတိယအကြိမ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီးတွင် ကျင်းပခြင်းဖြစ်ပြီး ယခုပြပွဲ ပြိုင်ပွဲပြီးလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ယခုလို MSMEs ထုတ်ကုန်များ ဒေသတွင်း ပြပွဲနှင့် Regional Award ပြိုင်ပွဲများကို အလှည့်ကျဖြင့် ဆက်တိုက် ကျင်းပသွားမည်ဖြစ် ကြောင်း၊ ဒေသအလိုက် ပြိုင်ပွဲများတွင် ဆုများကို Micro၊ Small နှင့် Medium စသည်ဖြင့် လုပ်ငန်းအရွယ် အစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဆုရရှိသူများ ကိုလည်း ပြိုင်ပွဲ၏ နောက်ဆုံးပိတ်ပွဲ အခမ်းအနားတွင် နိုင်ငံတော်က အသိ အမှတ်ပြုသည့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် Regional Award ဆု ချီးမြှင့်သွား မည်ဖြစ် ကြောင်း။

စီးပွားရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိက ပိုင်အဖြစ် ပြောင်းလဲ လုပ်ဆောင်ခြင်းတို့ အပြင် အလုပ်အကိုင်ရရှိ ရေးနှင့် စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီပေးရန် ဆိုသည့် အချက်များကို နိုင်ငံတော်၏ စီးပွားရေး မူဝါဒများတွင် ထည့်သွင်းချမှတ်ထားကြောင်း၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ် ငန်းကော်မတီ၊ SME Agency၊ လုပ်ငန်း သုံးသပ်မှု အစီရင်ခံရေးအဖွဲ့၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ စသည့် အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး အဆိုပါ အဖွဲ့များ၏ လုပ်ငန်း တာဝန်များအရ SME ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတစ်ဝန်းလုံးတွင် ဘက်ပေါင်းစုံက ဟန်ချက်ညီညီအရှိန် အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေသည့် ၉၉ ရာခိုင်နှုန်းသော အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး /ပြည်နယ်များ အလိုက်လည်း SME Agency များ၊ SME ချေးငွေစိစစ်ရေး ကော်မတီများ ဖွဲ့စည်းပြီး မိမိတို့ဒေသ အလိုက် SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို Stakeholder အားလုံး ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း။

နိုင်ငံတော်က ယခုလိုပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပေးခြင်း အားဖြင့် ပြည်တွင်းစားသုံး သူများ အနေဖြင့် MSME များ၏ ထုတ်ကုန်များကို အကဲဖြတ် လေ့လာနိုင်ခြင်း၊ MSME များ၏ စဉ် ဆက် မပြတ်ကြိုးပမ်း အားထုတ်မှုများကို MSME များ အချင်းချင်း သိရှိစေနိုင်ခြင်း၊ အတုယူ လေ့လာနိုင်ခြင်း၊ ဆန်းသစ် တီထွင်မှုရှိသည့် စိတ်ကူးကောင်းများ ဖော်ထုတ်ပြီး မိမိထုတ် လုပ် မှု လုပ်ငန်းစဉ် Supply Chain တစ်လျှောက် ဆက်စပ် ပတ်သက်နေသည့်အခြား MSME များနှင့် ပေါင်းစပ် လုပ်ကိုင်လာနိုင်ခြင်း၊ ပျောက်ကွယ်လု နီးနီးဖြစ်နေပြီး တိမ်မြုပ်နေသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ရိုးရာ အစားအသောက်များကို ဖော်ထုတ် အဆင့်မြှင့်တင် နိုင်ခြင်း၊ ဒေသအချင်းချင်း ပေါင်းစည်း လုပ်ကိုင်လာနိုင်ခြင်း၊ ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသ အားသာချက်များမှ ထုတ်ယူသုံးစွဲနိုင်ခြင်း၊ ပေါင်းစည်းဆောင် ရွက်မှုများ မှ International အဆင့် တက်လှမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိ ကြမည်ဖြစ်ကြောင်း။

ထို့ပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ အစည်းအဝေးများကိုလည်း ယခုလိုပြပွဲ ပြိုင်ပွဲကာလအတွင်း ကျင်းပလျက်ရှိရာမှာ သက်ဆိုင် ရာ တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုး တက်ရေးအတွက် လက်တွေ့ကျကျ ကူညီထောက်ပံ့ ဆောင်ရွက်နိုင်ရန် Stake-holder များ နှင့် MSME လုပ်ငန်းရှင်များ အားလုံး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက် နိုင်ကြမည်ဖြစ် ကြောင်း။

SME လုပ်ငန်းများ အနေဖြင့် ကုန်ကြမ်း ပစ္စည်းများကို နည်းပညာ အခြေခံပြီး အရည်အသွေးမီ တန်ဖိုးမြှင့် ထုတ်လုပ်မှု (Value Added) လုပ်ငန်းများ၊ အခြေခံထုတ်လုပ်မှု နည်းစဉ်သုံး (Root Industries) လုပ်ငန်းများ၊ နိုင်ငံတကာ အဆင့်မီ ထုပ်ပိုးမှု လုပ်ငန်းများနှင့် ထုပ်ပိုးမှုပုံစံ (Packing Design) များ ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း၊ ထို့ပြင် ထုတ်ကုန်များ အရည်အသွေး ကောင်းမွန်စေရန်၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရန် တို့ အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းပြီး သုတေသနပြုလုပ်ခြင်း၊ ဆန်းသစ်တီထွင် ထုတ်လုပ်ခြင်းနှင့် အရောင်းမြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်သစ် ဖော်ထုတ်နိုင်ရန် အတွက်လည်း သက်ဆိုင်ရာ ဌာနများ ကလည်း အားပေးကူညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရက ချမှတ်ထားသည့် မူဝါဒ များနှင့် အညီ မိမိတို့၏ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်း များ တိုးပွားလာရာမှ တစ်ဆင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုး တက်မြင့်မားလာစေရန်နှင့် ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ခြင်းမှ တစ်ဆင့် ပို့ကုန်ဦးစားပေးထုတ် ကုန်များ ထုတ်လုပ်  လာနိုင်ရန် ရည်မှန်းချက် ထားရှိပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ကြောင်း ပြောကြားသည်။

ဆက်လက်၍ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီး အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ (MSMEs) ၏ တတိယအကြိမ် ဒေသတွင်း ထုတ်ကုန် ပစ္စည်းပြပွဲ ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ၏ တတိယအကြိမ် ဒေသတွင်း ထုတ်ကုန် ပစ္စည်းပြပွဲ နှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကုမ္ပဏီများက လှူဒါန်းသည့် အလှူငွေများကို လက်ခံကြပြီး အလှူရှင်များထံ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်တို့က အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန် ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြသည်။ တတိယအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၏ ဒေသတွင်း ထုတ်ကုန် ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် စက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်း၍ သုံးရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ ယခုပြပွဲပြိုင်ပွဲတွင် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင် ၈၆ ဦးက ပြခန်း ပေါင်း ၁၆၁ ခန်း ဖွင့်လှစ်ပြီး ဒေသထုတ်ကုန် ပစ္စည်းများ အပါအဝင် ရိုးရာ အစား အစာနှင့် ဖျော်ရည်အမျိုးမျိုး၊ အလှကုန်နှင့် လူသုံးကုန် ပစ္စည်းများ၊ စက်မှု၊ လက်မှု ပစ္စည်းများ၊ လျှပ်စစ်နှင့် အိုင်တီနည်း ပညာသုံးပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချပေးလျက် ရှိသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့် အတူ ပုသိမ်မြို့ အမှတ်(၄) ရပ်ကွက် ကုန်သည်လမ်းနှင့် ဥမ္မာဒန္တီလမ်းထောင့်ရှိ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) ပုသိမ်ဘဏ်ခွဲ၌ ကျင်းပသည့် SME Center ဖွင့်လှစ်ခြင်းနှင့် စိုက်ပျိုး ရေးချေးငွေ ထုတ်ချေးခြင်း အခမ်းအနားသို့ တက်ရောက်ပြီး SME Center ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်-ငွေဆောင်လမ်း မိုင်တိုင် အမှတ် ၁၇ မိုင် ရှိ သစ်တောဦးစီးဌာန၏ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းသို့ ရောက်ရှိပြီး ပျဉ်းကတိုး စိုက်ခင်း ဧက ၃၅ဝ စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုနှင့် ပျိုးဥယျာဉ် အတွင်း ပျိုးပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကျော်လွင် က လိုက်လံ ရှင်းလင်း ပြသသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ပုသိမ်-ငွေဆောင်လမ်း မိုင်တိုင် အမှတ် ၁၉ မိုင်ရှိ ငွေဆောင် အပန်းဖြေ ဆင်စခန်းသို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ငွေဆောင် ဆင်စခန်းဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယသမ္မတက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် တောဆင် ရိုင်းများ ကျက်စားနေထိုင်ရာ သစ်တောကြိုးဝိုင်းများ ပေါများစွာရှိသဖြင့် တောဆင်ရိုင်းများ အများဆုံး ကျက်စားနေထိုင်သည့် ဒေသများဖြစ်ကြောင်း၊ တောဆင်ရိုင်းများကို စနစ်တကျ ထိန်းသိမ်းရန်နှင့် တောဆင်ရိုင်းများကို ဆင်မုဆိုးများ၏ သတ်ဖြတ်မှုမှ ကာကွယ်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များ နှင့်အတူ ဆင်များကို အစာကျွေးပြီး အပန်းဖြေ စခန်း ၌ ရတနာ တန်းဝင်ကျွန်းပင်ကို အမှတ်တရ စိုက်ပျိုးပေးသည်။ ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ငွေဆောင်ကမ်းခြေ Aureum Palace Hotel ၌ ကျင်းပသည့် ပင်လယ် ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု အခြေအနေနှင့် ဟို တယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက် နေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီး ပင်လယ် ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်က ပင်လယ်ကမ်းရိုးတန်း သယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက် ချက်များကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်းပြီး နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့ပြီး ဂေဟစနစ်များ မပျက်အောင်၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများသည် ပင်လယ် ကမ်းရိုးတန်းရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက် ဆိုင်ရာ အစိုးရများနှင့် ညှိနှိုင်းလျက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် သတ်မှတ် စည်းကမ်း များနှင့်အညီဆောင်ရွက်ရန်မှာကြားသည်။ ထို့နောက် ဒုတိယသမ္မတသည် ငွေဆောင်ကမ်းခြေ သာယာလှပရန် ဆောင်ရွက်ထားမှုများကို ကြည့်ရှုခဲ့သည်။

MWD

No comments:

Post a Comment