ရန်ကုန် မေ ၁၂
ပြည်တွင်းရှိငှက်ပျောကို ပလတ်စတစ်ခြင်းဖြင့် ထုပ်ပိုးသည့် ထုပ်ပိုးမှုစနစ်ပုံစံ ပြောင်းလဲလိုက်သဖြင့် ပျက်စီးဆုံးရှုံးမှု နည်းပါးပြီး ငှက်ပျော အရည်အသွေးကို ပိုမို ထိန်းသိမ်းနိုင်ကြောင်း မြန်မာနိုင်ငံ ငှက်ပျော စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအစု အဖွဲ့ အတွင်းရေးမှူး ဦးမန်းသန်းဌေးထံမှ သိရသည်။
ယခင်က ငှက်ပျောကို အခိုင်လိုက် တင်ပို့ရောင်းချနေရာမှ လတ်တလောတွင် တစ်ခြင်းလျှင် ခြောက်ဖီးမှ ရှစ်ဖီးအထိ ထည့်နိုင်သည့် ပလတ်စတစ်ခြင်းဖြင့် အဖီးလိုက်အိတ်စွပ်၍ သယ်ယူ သည့် အတွက် ယခင်ကထက် ပိုမိုအဆင်ပြေကြောင်း သိရ သည်။ ငှက်ပျောကို အခိုင်လိုက်တင်ပါက ငှက်ပျောတစ်ဖီးတွင် နှစ်လုံးကျိုးလျှင် တစ်ဖီးကို အပယ်အဖြစ် ဖယ်ထုတ်လိုက်သည့်အတွက် တောင်သူများ နစ်နာရပြီး ပလတ် စတစ်ခြင်းဖြင့် သယ်ယူပါက ကျိုးပဲ့မှုမရှိ ကြောင်း၊ ထို့ပြင် နယ်စုံမှတင်ပို့လာသည့် ငှက်ပျောကား တစ်စီးဆိုက်လျှင် အခိုင်လိုက် သယ်ယူလာသဖြင့် အမှိုက်များ များပြားသည့်အပြင် အခိုင်လိုက်ထားသိုရာတွင်လည်း နေရာ အခက်အခဲများ ရှိနေကြောင်း သိရသည်။
''ဆိုင်က ၅ ပေ၊ ၈ ပေဆိုတော့ ကားစီးရေများပြီဆိုရင် ထားစရာနေရာက မရှိတော့ဘူး။ ဒီကြားထဲ ကားတစ်စီးထွက်သွားရင် အမှိုက်တွေကလည်း အများကြီး ရှင်းရတယ်။ အခုက ခြင်းနဲ့ ဆိုတော့ အမှိုက် မရှိတော့ဘူး။ သန့်ရှင်းမှုလည်းရှိတယ်'' ဟု ဦးမန်းသန်းဌေးကပြောသည်။ အဆိုပါ ပလတ်စတစ်ခြင်း တစ်လုံးမှာ ငွေကျပ် ၆၅ဝဝ ရှိသည့်အတွက် လတ်တလောတွင် ခြင်း ၃ဝဝ ဝန်းကျင်ခန့်ဖြင့် စမ်းသပ်ဆဲဖြစ်ကာ ရန်ကုန်မြို့ရှိ ငှက်ပျောဈေးကွက်တွင် ဟိုတယ်များနှင့် တခြား ဝယ်လက်များ၏ ကြိုက်နှစ်သက်မှုကိုလည်း ရရှိထားပြီးဖြစ်သောကြောင့် ထပ်မံတိုးချဲ့ မည်ဖြစ်သည်။ ပလတ်စတစ်ခြင်း တစ်ခြင်းလျှင် ငှက်ပျော 18 kg ရှိသည့် ခြောက်ဖီးနှင့် 20 kg ရှိသည့် ငှက်ပျောရှစ်ဖီးခန့် ထည့်နိုင်ကြောင်း သိရသည်။
MWD
No comments:
Post a Comment