တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ပါပန့်ကျွန်း ခေါ် Smart Island ကို ၂ဝ၁၇ ခုနှစ်တွင် မြိတ်ခရီးသွား လုပ်ငန်းရှင်များ အသင်းက တွေ့ရှိပြီး အပန်းဖြေ ကမ်းခြေတစ်ခု ဖြစ်ပေါ်စေရန် သက်ဆိုင်ရာဌာနများ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ တဖြည်းဖြည်း လူသိများလာ၍ ယခုနှစ် ခရီးသွားရာသီတွင် ပြည်တွင်းပြည်ပမှ ခရီးသွားပြည်သူများ စိတ်ဝင်တစား လာရောက်လည်ပတ်မှု များလာကြောင်း သိရသည်။
Smart ကျွန်းမှာ မြိတ်မြို့မှ ရေမိုင် ၅ဝ ဒသမ ၅၁ မိုင်ခန့် ကွာဝေးပြီး Speed Boat အမျိုးအစားပေါ် မူတည်၍ ၂ နာရီမှ ၂ နာရီခွဲအကြာ ခုတ်မောင်းလိုက်သည်နှင့် ကျွန်းသို့ ရောက် ရှိမည်ဖြစ်သည်။ အဆိုပါကျွန်းမှာ သဘာဝအလှများ ဝေဆာနေပြီး ဧရိယာ ၅၄၅ ဒသမ သုညခြောက်ဧက ကျယ်ဝန်းကာ အမြဲစိမ်းတောများ ပေါက်ရောက်နေပြီး ရေချိုလည်း ထွက်ရှိ သည်။ လူသူအရောက်အပေါက် နည်းသည့်အတွက် သစ်ပင်ကြီး များမှာ နဂိုရှိမြဲအတိုင်း ရှင်သန်နေကြသဖြင့် ကျွန်းအတွင်းကိုဝင်လိုက်သည်နှင့် တောနက်ထဲဝင်ရောက်ရသ လို သဘာဝတောပန်းနှင့် သစ်ပင်ကြီး၊ ဝါးပင်ကြီးများဖြင့် ကျွန်းအလှကို တန်ဆာဆင်ထားပါသည်။
ထို့ပြင် ကျွန်းတစ်ကျွန်းလုံးကို ကျောက်စရစ်များ၊ သဲသောင်ပြင်များ၊ ကျောက်တုံး ကျောက်ဆောင်များ၊ ကျောက်မုခ်ဦးဝများ၊ ကျောက်ဂူများ ရှိနေသဖြင့် ခရီးသွား ဧည့်သည်များအတွက် လည်ပတ်စရာနေရာ များဖြင့် ပြည့်နေသည့် ကျွန်းဖြစ်သည်။ Smart ကျွန်း၏ မြောက်ဘက်ကမ်းခြေ ဘက်တွင် ပေ ၄ဝဝဝ ခန့်ရှိ ကျောက်စရစ် ကမ်းခြေနှင့် သဲ၊ ကျောက်စရစ်ေ ရာနှောနေသည့် ကမ်းခြေရှိပြီး ကျောက်စရစ်ကမ်းခြေမှာ ပေ ၂၃ဝဝ ကျော်ရှည်လျားကာ သဲ၊ ကျောက်စရစ်ကမ်းခြေမှာ ပေ ၁၇ဝဝ ရှည်လျားသည်။ ကျွန်း၏ တောင် ဘက်ကမ်းခြေတွင် ပေ ၆ဝဝခန့်စီ ရှည်လျားသည့် သဲသောင်ပြင် ကမ်းခြေသုံးခုရှိပြီး သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကျောက်ဂူများနှင့် သဘာဝ ကျောက်ဆောင်များ တည်ရှိနေရာ မြင်ရသူတိုင်း အံ့သြလောက်အောင် ဖြစ်တည်နေပါသည်။
Smart ကျွန်းသို့သွားရာ လမ်းတစ်လျှောက်တွင် ရှုမျှော်ဖွယ်ရာ ကျွန်းရှုခင်းအလှများ၊ ငါးဖမ်းစက်လှေများနှင့် တောတောင်ရေမြေ အလှများကို ရှုမြင်ရမည်ဖြစ်ပြီး မြိတ်မြို့တစ်ဖက်ကမ်း တွင် ပထော်ပထက်ဆိုသည့် တောညီနောင်နှင့် ကျွန်းလေးတစ်ကျွန်းကို မြင်တွေ့ရမည်ဖြစ်သကဲ့သို့ နှစ်ဖက်လှ(သဲနှစ်တန်းကျွန်း)၊ ဒုံးရေ တံခွန်၊ ညောင်မှိုင်းဆလုံရွာ၊ နတ်သမီးကျွန်း၊ လေးကျွန်း၊ သမီးလှကျွန်း၊ လိပ်ဥသောင်ကျွန်းနှင့် ကွမ်းသီးကျွန်း များကိုလည်း သွားရောက် လည်ပတ်နိုင်မည်ဖြစ်သည်။
မြိတ်ကျွန်းစုအတွင်း ကျွန်းကမ်းခြေများတွင် ပြီးခဲ့သည့်နှစ်အတွင်းက ခရီးသွားရာသီတွင် နတ်သမီးကျွန်း၊ လေးကျွန်း၊ သမီးလှကျွန်း၊ ဒုံးညောင်မှိုင်းကျွန်းစသည့် ကမ်းခြေများနှင့် ဒုံးရေ တံခွန်တို့ကို သွားရောက်လည် ပတ်မှုများခဲ့သော်လည်း ယခုနှစ်ခရီးသွား ရာသီတွင် ပြည်တွင်းခရီးသွားများက Smart ကျွန်းကို ပိုမိုစိတ်ဝင် တစားလာရောက် လည်ပတ်လျက်ရှိသည်။ Smart ကျွန်းမှာ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းပေါင်း ၈ဝဝ ကျော်အနက် ယခုနှစ်တွင် နာမည်ရလာသည့် ကျွန်းဖြစ်ပြီး အခါကြီးရက်ကြီးနေ့များနှင့် နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အများဆုံး လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment