ပုသိမ် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ၌ မိုးရာသီကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးလာသည့်အတွက် ချောင်းသာဟိုတယ် ဇုန်ရှိဟိုတယ်များ၌ မိုးရာသီ ပရိုမိုးရှင်းပြုလုပ်ထားကြောင်း ချောင်းသာ ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးနိုင်ဝင်းထံမှ သိရသည်။
''မိုးရာသီမှာ ဟိုတယ်တိုင်း မိုးရာသီ ပရိုမိုးရှင်း လုပ်ကြတယ်။ဆောင်းရာသီနဲ့နွေ ရာသီမှာ ငွေကျပ် ရှစ်သောင်းတန်ဖိုးရှိတဲ့ အခန်းတစ်ခန်းကို မိုးရာသီမှာ ငွေကျပ် လေးသောင်းလောက်နဲ့ တည်းခို ခွင့်ပေးနေပါတယ်'' ဟု ဦးနိုင်ဝင်း ကပြောသည်။
ထိုသို့ပြုလုပ်ရခြင်းသည် မိုးရာသီတွင် ဧည့်သည်လာရောက်မှု နည်းသည့်အတွက် ဧည့်သည်များ ပိုမိုဝင်ရောက်ရန်နှင့် ချောင်းသာကမ်းခြေ၌ အေးချမ်းစွာ လာရောက် အပန်းဖြေနိုင်ရန် ရည်ရွယ် လုပ်ဆောင်ရခြင်းဖြစ်သည်။ ထို့ပြင် ချောင်းသာကမ်းခြေ၌ မိုးရာသီတွင် အသားငါးများ ပေါများပြီး ဟိုတယ်တိုင်းဖွင့်ကာ မိုးရာသီပရိုမိုးရှင်းအဖြစ် ဟိုတယ်ခများကိုလည်း ထက်ဝက်ခန့် လျှော့ချပေးထားကြောင်း၊ ယင်းအပြင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းစေရန် ကမ်းခြေစောင့်ရှောက်သည့် လုံခြုံရေးအဖွဲ့များ ထားရှိကြောင်း သိရသည်။
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များတွင် ပြည်တွင်း ခရီးသွားများ အများဆုံးဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု နည်းပါးကြောင်း၊ မိုးရာသီတွင် ချောင်းသာကမ်းခြေသို့ လာရောက် လည်ပတ်သည့် ခရီးသွား ဧည့်သည်သည် ပွင့်လင်းရာသီနှင့် နှိုင်းယှဉ်ပါက ၆ဝ ရာခိုင်နှုန်းခန့် လျော့နည်းပြီး ၄ဝ ရာခိုင်နှုန်းခန့်သာ လာရောက် လည်ပတ်ကြကြောင်း သိရသည်။
MWD
No comments:
Post a Comment