Latest News

Tuesday, May 8, 2018

NV Card ကိုင်ထားသူနှင့် လွတ်လပ်စွာ သွားလာခွင့်

NV Card ကိုင်ထားသူနှင့် လွတ်လပ်စွာ သွားလာခွင့်

မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့် ဘာသာကို ကိုးကွယ်သည်ဖြစ်စေ မြန်မာနိုင်ငံအတွင်း အစဉ်အဆက်နေထိုင်သူ မှန်ကန်ပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်နှင့် ဥပဒေနှင့် အညီ ရသင့်ရထိုက်သော နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) မှတ်ပုံ တင်လက်မှတ်၊ သက်သေခံကတ်ပြားစသည့် ကတ်ပြား၊ လက်မှတ်တစ်မျိုးမျိုး ရယူကိုင်ဆောင်ရရှိရန် လိုအပ်ပါသည်။

NV Card ဆိုသည်မှာ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ လက်မှတ် (Identity Card for National Verification) ဖြစ်ပါသည်။ NV Card မထုတ်ပေးခင်က ယာယီသက်သေခံလက်မှတ် (White Card) ထုတ်ပေးခဲ့ပါသည်။ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ၅၊ ပုဒ်မခွဲ(၁)ပါ ပြဋ္ဌာန်းချက်နှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ(၃)ပါ ပြဋ္ဌာန်းချက်တို့နှင့် အညီ ထုတ်ပေးထားသည့် ယာယီသက်သေခံ လက်မှတ်များအား ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးကြောင်းနှင့် သက်တမ်းကုန် လက်မှတ်များအား ၂ဝ၁၅ ခုနှစ် မေလ ၃၁ ရက် နောက်ဆုံးထားအပ်နှံကြရန် နိုင်ငံတော်သမ္မတရုံး၏ (၁၁-၂-၂ဝ၁၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂ဝ၁၅ ဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ၂ဝ၁၅ ခုနှစ် ဇွန်လ ၁ ရက်မှစ၍ NV Card ကို ထုတ်ပေး ခဲ့ကြောင်း သိရသည်။ NV Card အား ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုး မဟုတ်သူများနှင့် နယ်စပ်ဒေသများတွင် နေထိုင်သူများအနက် မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိ သူများနှင့် နိုင်ငံသားစိစစ်ရန် လိုအပ်သူများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ ဟုတ်မဟုတ် စိစစ်နိုင်ရန်နှင့် စိစစ်နေဆဲ ကာလအတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ် အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်ထုတ်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်ထုတ်ပေးခဲ့သော ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့သူအများစု တို့သည် ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသော အစ္စလာမ်ဘာသာဝင်များ ဖြစ်သဖြင့် ထိုသူများအား တစ်ဖက်နိုင်ငံသားများနှင့် ခွဲခြားနိုင်ရန်နှင့် မြန်မာ နိုင်ငံအတွင်း နေထိုင်သူများဖြစ်ကြောင်း သက်သေခံနိုင်ရန်အတွက် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NV Card ထုတ်ပေးရန် ဆောင်ရွက် နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ ဟုတ်၊ မဟုတ် ဥပဒေနှင့်အညီ စိစစ်သတ်မှတ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

NV Card ကို ရခိုင်ပြည်နယ် တစ်ခုတည်း၌သာ ထုတ်ပေးသည်ဟု အားလုံးက ထင်နေကြသည်။ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး၌ ထုတ်ပေးခဲ့ခြင်းဖြစ်ရာ ၁-၆-၂ဝ၁၅ ရက်မှ ၂၄-၄-၂ဝ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ၆၁၉၆၁ ဦး ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အနေဖြင့် ၁၅၄၂၄ ဦး ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များ၌ NV Card ကိုင်ဆောင်သူများသည် နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်ကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေအရ နိုင်ငံသားဖြစ်မှု အရည်အချင်းနှင့် ကိုက်ညီသည့် သတ်မှတ်ကတ်ပြား တစ်မျိုးမျိုး ရရှိပြီးနောက်တွင် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိခံစားကြရကြောင်း သိရသည်။

NV Card ကိုင်ခွင့်ရှိထားသူများအတွက် လိုက်နာဆောင်ရွက်ရမည့် တာဝန်များလည်း ရှိသည်။NV Card ကိုင်ဆောင်ထားသူ အနေဖြင့်-

(၁) NV Card ကို သေချာစွာသိမ်းဆည်းထားရမည့်အပြင် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ ၂၉ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း တာဝန်ရှိသူက တောင်းဆိုသည့်အခါ ထုတ်ပြရမည်။

(၂) NV Card ကို မလွှဲပြောင်းရ၊ သို့တည်းမဟုတ် မလွှဲအပ်ရ။

(၃) NV Card ပျောက်ဆုံး သို့တည်းမဟုတ် ပျက်စီး သို့တည်းမဟုတ် မထင်မရှားဖြစ်လျှင် ဆိုင်ရာမြို့နယ်လဝကရုံးသို့ တိုင်ကြားရမည်။

(၄) NV Card ပေါ်တွင် မည်သည့်အမှတ်အသား၊ မည်သည့် လွှဲပြောင်းချက်မျှ မပြုလုပ်ရ။

(၅) မိမိထံ၌ NV Card တစ်ခုထက်ပို၍ မရှိစေရ။

(၆) NV Card တစ်ခုကောက်ရလျှင် ချက်ချင်းစာရင်းထိန်းထံ သွားရောက်အပ်နှံရမည်။

(၇) NV Card ကိုင်ဆောင်သူသေဆုံးလျှင် အိမ်ထောင်ဦးစီး သို့တည်းမဟုတ် အိမ်သားတစ်ဦးဦးမှ သက်သေခံကတ်ပြားကို ခုနစ်ရက်အတွင်း အပ်နှံရမည်။

(၈) တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့မှ အခါအားလျော်စွာ ထုတ်ပြန် ထားသော ဒေသန္တရ အမိန့်အား လိုက်နာရမည်။

(၉) ခရီးသွားလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်းခံပါက ထုတ်ပြနိုင်ရန်အလို့ငှာ မိမိနှင့်အတူ NV Card ကို ယူဆောင် သွားရမည်။

(၁ဝ) မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား၊ နိုင်ငံသားပြုခွင့် လက်မှတ်ကို ရရှိပါက NV Card အား ပြန်လည် အပ်နှံရမည်။

(၁၁) မည်သူမဆို အထက်ပါအချက်တစ်ခုခုကို ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(၂)အရ အရေးယူခြင်းခံရမည်။

NV Card ကိုင်ဆောင်သူအနေဖြင့် ယခုကဲ့သို့ လိုက်နာဆောင်ရွက်ရသလို NV Card ကိုင်ဆောင်ခြင်းအတွက် ရရှိခံစားရမည့် အခွင့်အရေးများလည်း ရှိသည်။ ဒါတွေကတော့ -

(၁) NV Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံအတွင်း နေထိုင်သူ အဖြစ် မှတ်ပုံတင်ထားရှိပြီးဖြစ်၍ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအောက်တွင် နေထိုင်သူများဖြစ်ကြောင်း ဤကတ်ပြားဖြင့် သက်သေခံနိုင်သည်။

(၂) NV Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိသည်။ သို့သော် နိုင်ငံသားစိစစ်မှုခံယူနေစဉ်အတွင်း NV Card ကိုင်ဆောင်ထား ရှိရန် လိုအပ်သည်။

(၃) လျှောက်ထားလာသူအား မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးရမည်။ ဆုံးဖြတ်ပေးသည့် နိုင်ငံသားအဆင့်အတန်းနှင့်အညီ ဥပဒေ အရသတ်မှတ်ထားသော အခွင့်အရေးများ ရရှိမည်။

(၄) NV Card ကိုင်ဆောင်သူမိဘများမှ မွေးဖွားလာသော သားသမီး များသည်လည်း မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှု ခံယူရန် လျှောက်ထားပိုင်ခွင့်ရှိသည်။

(၅) NV Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံအတွင်းရှိ မည်သည့် အရပ်ဒေသကိုမဆို သွားလာလိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခွင့်ရရှိမည်။

(၆) ရခိုင်ပြည်နယ်အတွင်းရှိ NV Card ကိုင်ဆောင်ထားသူများသည် တရားဝင်ဖွင့်လှစ်ထားသော နယ်စပ်ဝင်၊ ထွက်ဂိတ်မှတစ်ဆင့်BP လက်မှတ်ဖြင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် နယ်စပ်ဖြတ်ကျော်၍ ဝင်ထွက်သွားလာနိုင်ခွင့်ရှိသည်၊

(၇) ရခိုင်ပြည်နယ်အတွင်းရှိ NV Card ကိုင်ဆောင်ထားသူများသည် မိမိနေထိုင်ရာ မြို့နယ်အတွင်း လွတ်လပ်စွာခရီးသွားလာခွင့်ရှိသည်။ ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်နှင့် ညွှန်ကြားချက်များနှင့် အညီ ခရီးသွားလာခွင့်ရရှိမည်။

(၈) NV Card ကိုင်ဆောင်ထားသူသည် မြန်မာနိုင်ငံ၏အသိအမှတ်ပြု မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ထားသူများ နည်းတူ ဥပဒေနှင့်အညီ အပြည်ပြည်ဆိုင်ရာရေပိုင်နက်သို့ (ရေလုပ်ငန်း အပါအဝင်) ထွက်ခွာခွင့်ရှိသည်။ (အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် ရေလုပ်ငန်းဆောင်ရွက်ရန်အတွက် NV Card အပါအဝင် နိုင်ငံတော်အသိအမှတ်ပြု မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုးနှင့် ရေလုပ်ငန်းလိုင်စင်ပါရှိရမည်)

ဒီအချက်တွေက အတိအကျရှိသည်။ တာဝန်နှင့် အခွင့်အရေး ယှဉ်တွဲနေ သည်။ လဝက က ထုတ်ပြန်ထားသလို ရခိုင်ပြည်နယ်တွင် ဗမာ၊ ရခိုင်၊ ဘင်္ဂါလီ စသည့် ဘာသာစကားသုံးမျိုးဖြင့် ထုတ်လွှင့်နေသည့် မေယု FM ရေဒီယိုက လည်း ထုတ်လွှင့်ပေးနေသည်။ ဒေသအလိုက် သက်ဆိုင်ရာ လဝကရုံးများကလည်း လက်ကမ်းစာစောင်များ ဝေငှကြသည်။ ကျေးရွာတွေ IDP စခန်းတွေ မှာလည်း တာဝန်ရှိသူတွေ ရောက်ရှိကြသည့်အချိန်တိုင်း ရှင်းလင်းချပြကြကြောင်း ရုပ်မြင်သံကြား၊ သတင်းစာများမှာလည်း နေ့စဉ်နှင့်အမျှ သိရှိနေရသည်။

NV Card သည် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိစေနိုင်သည့် ပထမခြေလှမ်းဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရသည်။ NV Card ရရှိသူသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအောက်တွင် နေထိုင်သူဖြစ်ကြောင်း သက်သေခံသည်။ ပြီးလျှင် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ခံ ယူရန် လျှောက်ထားခွင့်ရှိသည်။ လျှောက်ထားမှုကို ဥပဒေနှင့်အညီ စိစစ်ပြီးပါက နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးပြီး ဥပဒေအရ သတ်မှတ်သည့် အခွင့်အရေးများရရှိမည်။ NV Card ကိုင်ဆောင်သူရရှိမည့် အခွင့်အရေးများ၌ အတိအကျဖော်ပြထားသည်။

ထို့ကြောင့် NV Card သည် နိုင်ငံသားအခွင့်အရေး ရရှိခံစားနိုင်ရေး အတွက် ပထမဆုံးသော ဆောင်ရွက်ရမည့်အချက်ဖြစ်သည်။ NV Card ကိုင်ဆောင်ထားသည့်အတွက် ဒီနိုင်ငံအတွင်း နေထိုင်သူအဖြစ်သာ အသိ အမှတ်ပြုထားခြင်းဖြစ်သည်။ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ဆိုသည့်အတိုင်း စိစစ်ခံရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှိသေးသည်။

NV Card စတင်ထုတ်ပေးသည့် ၁-၆-၂ဝ၁၅ ရက်နေ့မှသည် ၂၄-၄-၂ဝ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် NV Card စုစုပေါင်း ၆၁၉၆၁ ဦး ထုတ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ခံရန် လျှောက်ထားသူ များအနက် နိုင်ငံသားကတ်ပြားရရှိသူ ၉၁ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၅၂၅ ဦး စုစုပေါင်း ၆၁၆ ဦးရှိကြောင်း သိရှိရသည်။ ၎င်းတို့သည် ဥပဒေအရ နိုင်ငံသား အခွင့်အရေး အပြည့်အဝရရှိသွားကြပြီ ဖြစ်သည်။ ယခင်က NV Card ကိုင်ဆောင်သူက နိုင်ငံသားစိစစ်ခံရန် လျှောက်ထားရာတွင် အချိန်အကန့် အသတ်မရှိ ကြန့်ကြာမှုများရှိခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် NV Card ကိုင်ဆောင်သူမှ နိုင်ငံသားစိစစ်ခံရန် စတင်လျှောက်ထားချိန်မှ ငါးလအတွင်း စိစစ်၍ ဥပဒေအရ ၎င်းကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း လည်း သိရသည်။ ရခိုင်ပြည်နယ် အတွင်း၌ NV Card ပြုလုပ်သူအား ဆန့်ကျင်ဘက် အကြမ်းဖက်သမားများက ခြိမ်းခြောက်မှု၊ သတ်ဖြတ်မှု၊ ဖိအား ပေးမှုများကြောင့် လာရောက်လျှောက်ထား ကိုင်ဆောင်သူ နည်းပါးနေသေးသည်။ ထို့ကြောင့် နိုင်ငံသားစိစစ်ရန် အတွက်လည်း လျှောက်ထားမှု နည်းနေ သေးကြောင်း တွေ့ရသည်။

NV Card ကိုင်ဆောင်သူအတွက် ရရှိခံစားနိုင်မည့် အခွင့်အရေးတွေက အတိအကျ သတ်မှတ်ထားသည်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်း တရားဝင် နယ်စပ်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) ဖြင့် ဝင်ထွက်သွားလာခွင့်ပေးထားသည်။ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများအတွက် NV Card ကိုင်ထားခြင်းကြောင့် နှစ်နိုင်ငံ အကြား အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် လွတ်လပ်စွာငါးဖမ်းခွင့်ရှိပြီး နှစ်နိုင်ငံတာဝန်ရှိသူများမှ စစ်ဆေးပါက မြန်မာဘက်တွင် နေထိုင်သူအဖြစ် လုံလောက်သည့်အထောက်အထား သက်သေခံကတ်ပြားဖြစ်သည်။ NV Card ကိုင်ဆောင်ထားသူများအနေဖြင့် ပညာရေး၊ လူမှုရေးကိစ္စရပ်များ၊ အရေးပေါ် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များရှိ၍ ခရီးသွားလာလိုပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကလည်း ဦးစားပေး ခွင့်ပြု ဆောင်ရွက် ပေးလျက်ရှိသည်။

ပြည်သူများ သူပြောကိုယ်ပြော သံသယရှိနေသည်က NV Card ကိုင်ဆောင်ထားသူသည် နေထိုင်ရာဒေသမှ အခြား တိုင်းဒေသကြီး၊ ပြည်နယ် သို့ လွတ်လပ်စွာသွားလာခွင့်ကိစ္စဖြစ်သည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ အတွင်း မည်သည့်ဒေသမဆို သွားလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များအတိုင်း ခရီးသွားလာခွင့်လျှောက်ထားရမည်။ ခွင့်ပြုမှသာ ယာယီခရီးသွားလာခွင့် လက်မှတ်ပုံစံ(၄)ဖြင့် ခရီးသွားရမည်ဖြစ်သည်။

ယခင်ကတည်းက ထုတ်ပြန်ထားပြီးဖြစ်သလို ယခုလည်းပဲ ယင်းအမိန့်၊ ညွှန်ကြားချက်များအတိုင်းသာဖြစ်ကြောင်း သိရသည်။ နိုင်ငံသားစိစစ်မှု မခံယူဘဲနှင့်၊ ဥပဒေအရ နိုင်ငံသားအဆုံးအဖြတ်မပေးဘဲနှင့် နိုင်ငံသားအခွင့် အရေးတော့ တန်းတူယူ၍ မရနိုင်ချေ။ တစ်နည်း NV Card ကိုင်ပြီး နိုင်ငံ အတွင်း လွတ်လပ်စွာတော့ သွားလာခွင့်မရနိုင်။ ခွင့်ပြုချက်တော့ယူရမည်။ အကျိုးအကြောင်း ဖော်ပြလျှောက်ထားရမည်။ လွတ်လပ်စွာသွားလိုလျှင်တော့ သူကိုယ်တိုင်က နိုင်ငံသားစိစစ်မှု အမြန်ဆုံးဆောင်ရွက်ရမည်မှာ သေချာလှသည်။

ဒီလိုမှမဟုတ်လျှင်တော့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံ ခွင့်ပြုချက်တင်ပြသွားလာနေရမည်သာ။ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် ပြီးသည်နှင့် ဗဟိုအဆင့် စိစစ်ဆုံးဖြတ်ပြီးပါက သတ်မှတ်သည့် နိုင်ငံသား အရည်အချင်းအရ၊ ဥပဒေအရ သတ်မှတ်ပေးထားသော အခွင့်အရေးများ အပြည့်အဝ ခံစားရရှိစေမည်ဖြစ်သည်။ သို့ပါ၍ NV Card ကိုင်ဆောင်သူ၏ နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်သည် သက်ဆိုင်ရာ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက် ရရှိမှသာဖြစ်ပါကြောင်း သိရှိသမျှအား အများပြည်သူသို့ ချပြအသိပေး မျှဝေရင်း မုဒိတာပွားလိုက်ရပါသည်။ ။

မောင်မုဒိတာ(ပြန်​/ဆက်​)

No comments:

Post a Comment