ရန်ကုန် မေ ၂၂
ကျောင်းကားများ ပြေးဆွဲရာလမ်းကြောင်းနှင့် ကားအတွင်း မြင်ကွင်းများကို ကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ရုံးမှ အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် လုပ်ဆောင်နေသည့် GPS စနစ်နှင့် လုံခြုံရေး ကင်မရာများကို မေ ၂၆ ရက်အပြီး တပ်ဆင်မည်ဖြစ်ကြောင်း YRTA ရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
YRTA မှဆောင်ရွက်မည့် အဆိုပါ ကျောင်းကားစနစ်တွင် လုံခြုံရေး ကင်မရာများမှ တစ်ဆင့် ကျောင်းကားပြေးဆွဲရာ လမ်းတစ်လျှောက်နှင့် ကျောင်းကားအတွင်း မြင်ကွင်းများကို တွေ့မြင်နေရ မည်ဖြစ်သည်။
'' GPS နဲ့ လုံခြုံရေး ကင်မရာတွေကို စတင်တပ်ဆင်နေပါပြီ။ မေ ၂၆ ရက်မှာ အစီး ၁ဝဝ လောက်ပြီးစီးအောင် တပ်ဆင်မှာပါ''ဟု YRTA ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိတွင် ကျောင်းကားများပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် မြို့နယ်ပညာရေးမှူးများကို ခေါ်ယူတွေ့ဆုံ၍ ကျောင်းကားစီးရေ သတ်မှတ်ချက်များ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
YRTA က မကြာမီဆောင်ရွက်မည့် ကျောင်းကားစနစ်တွင် ကျောင်းကားစီးရေ ၂ဝဝ ကျော်ရှိပြီး စီးရေ ၁ဝဝ ကျော်ခန့်ဖြင့် စတင်ပြေးဆွဲဖွယ်ရှိကြောင်း သိရသည်။ YRTA ၏ ကျောင်းကားစနစ်အတွက် လက်ရှိအချိန်ထိ ယာဉ်မောင်းရာထူး လျှောက်ထားသူ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၉၉ ဦးနှင့် ယာဉ်ကြီးကြပ် ရာထူးအတွက် ၂၇ ဦးကို မေ ၂ဝ ရက်မှစ၍ လူတွေ့စစ်ဆေးလျက် ရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment