Latest News

Tuesday, May 22, 2018

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ၏ အသက် အန္တရာယ် ခြိမ်းခြောက် ခံရပြီး မျက်မြင် သက်သေများ ပျောက်ဆုံးခဲ့

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ၏ အသက် အန္တရာယ် ခြိမ်းခြောက် ခံရပြီး မျက်မြင် သက်သေများ ပျောက်ဆုံးခဲ့

ပူထရာဂျာယာ မေ ၂၂

မလေးရှားနိုင်ငံပိုင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည့် 1MDB ၏ငွေကြေး အရှုပ်တော်ပုံကို ၂ဝ၁၅ ခုနှစ်တွင် စစ်ဆေးစဉ် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီး မျက်မြင်သက်သေများ ပျောက်ဆုံးကာ တာဝန်ရှိသူအချို့ကို အလုပ်မှ ထုတ်ပယ်ခြင်းများနှင့် တွေ့ကြုံခဲ့ရကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌကမေ ၂၂ ရက်တွင် ပြောသည်။

ထိုအချိန်က အဆိုပါ ဖြစ်စဉ်များသည် စုံစမ်းစစ်ဆေးမှုတွင် အဓိက အဟန့်အတားများ ဖြစ်ခဲ့ကြောင်း၊ ယခု အချိန်တွင်မူ 1MDB အရှုပ်တော်ပုံနှင့် ပတ်သက်၍ ဝန်ကြီး ချုပ်ဟောင်း နာဂျစ်ရာဇက်ကို စွဲချက်တင်နိုင်ရေး အတွက် ရာထူးမှထုတ်ပယ်ခံရခြင်း အပါအဝင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ အားလုံးကို ရင်ဆိုင်ရန် အသင့် ရှိနေပြီဖြစ်ကြောင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ မို့ရှူကရီအဗ္ဗဒူက ဆိုသည်။

အဆိုပါ ကော်မရှင် အဖွဲ့တွင် ကိုယ်ပိုင် ထောက်လှမ်းရေး သတင်း အရင်းအမြစ်များ ရှိကြောင်း၊ ၎င်းကိုယ် တိုင်ပင် အစိုးရကိုဖြုတ်ချရန် ပူးပေါင်းကြံစည်မှုတွင် ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ခံရ လုနီးပါးဖြစ်ခဲ့ကြောင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းခံရမည်ဟု ခြိမ်းခြောက်ခံရကြောင်း၊ အချိန်မတိုင်မီ ရာထူးမှ အနားယူရန်လည်း တွန်းအားပေးခံရမှုများ ရှိကြောင်း၊ လေ့ကျင့်ရေးဌာနသို့ ရွှေ့ပြောင်း တာဝန်ချထားခြင်း ခံရကြောင်း၊ အဆိုးဆုံးမှာ အသက်အန္တရာယ် ခြိမ်းခြောက်သည့် အနေဖြင့် ၎င်း၏နေအိမ်သို့ ကျည်ဆန် တစ်တောင့်ရောက်ရှိ လာခြင်းဖြစ်ကြောင်း မို့ရှူက ရီအဗ္ဗဒူက ဆက်ပြောသည်။

ထို့ပြင် ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ဝန်ကြီးချုပ်နာဂျစ်ရာဇက်ကို စွဲချက်တင်မည့် အစီအစဉ်သည် ရှေ့နေချုပ် ဟောင်းအဗ္ဗဒူဂါနီပါတေး၏ ရာထူးမှ ဖယ်ရှားခံရမှုကြောင့် ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် မကြာမီ ၎င်းမှာ အမေရိကန် ပြည်ထောင်စုသို့ ထွက်ပြေးခဲ့ကြောင်း မို့ရှူကရီ အဗ္ဗဒူက ပြောသည်။ ယင်းနောက်တွင် အကျင့်ပျက် ခြစားမှု တိုက် ဖျက်ရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူ အများအပြား အဖမ်းခံရပြီး အရာရှိကြီး နှစ်ဦးမှာ ဌာနပြောင်းသွားရသည်ကို ကြားသိခဲ့ရကြောင်း ၎င်းကဆက်ပြော သည်။

မို့ရှူကရီအဗ္ဗဒူသည် လက်ရှိပါကာတန်ဟာရာပန် အစိုးရက ဖွဲ့စည်းသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ပြန်လည် ခန့်အပ်ခံရပြီးနောက် အဆိုပါ ကော်မရှင် ရုံးချုပ်၌ ပြုလုပ်သော ပထမ ဆုံးသတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ယင်းတစ်ရက်တည်းမှာပင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် သည် 1MDB ၏လုပ်ငန်းခွဲဟောင်း တစ်ခုဖြစ်သည့် SRC International နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုခံယူရန် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးချုပ်သို့ ရောက်ရှိလာသည်။ နာဂျစ်ရာဇက်သည် SRC International ကုမ္ပဏီမှ မလေးရှားငွေရင်းဂစ် ၄၂ သန်းကို ၎င်း၏ကိုယ်ပိုင် ဘဏ် ငွေစာရင်းသို့ လွှဲပြောင်းကာ အကျင့်ပျက် ခြစားမှုဖြင့် စွပ်စွဲခံ ထားရခြင်း ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment