Latest News

Wednesday, May 2, 2018

ထိန်ပင် အမှိုက်ပုံမီးလောင်နေမှု နောက်ဆုံးကျန်ရှိသည့် ဇုန် (D) မေ ၂ ရက်တွင် အပြီးသတ်ငြှိမ်းသတ်မည်

ထိန်ပင် အမှိုက်ပုံမီးလောင်နေမှု နောက်ဆုံးကျန်ရှိသည့် ဇုန် (D)
မေ ၂ ရက်တွင် အပြီးသတ်ငြှိမ်းသတ်မည်

ရန်ကုန်      မေ      ၁

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင် အမှိုက်ပုံမီးလောင်နေမှုကို ဇုန်အလိုက်သတ်မှတ်၍ ငြှိမ်းသတ်လျက်ရှိရာ ယနေ့တွင် မူလသတ်မှတ်ထားသည့်အတိုင်း ဇုန် (C)ကို ရေဖြင့်သာ အဓိက အသုံးပြုငြှိမ်းသတ်ခဲ့ပြီး နောက်ဆုံးကျန်ရှိသည့် ဇုန် (D) ကို မေ ၂ ရက်တွင် အပြီးသတ်ငြှိမ်းသတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ပြောကြားသည်။

''မနေ့ကတော့ အားလုံးထဲမှာ ထုထည်အကြီးမားဆုံးဖြစ်တဲ့ ဇုန် (B)ကို ငြှိမ်းသတ်ခဲ့ပြီးဖြစ်ပါတယ်၊Bio Foam ကို အဓိက အသုံးပြုပြီး ငြှိမ်းသတ်ခဲ့တာပါ၊ တပ်မတော်သားတွေကလည်း အနီးကပ်လိုက်ပါပြီး ပူးပေါင်းဆောင်ရွက် ပေးတဲ့အတွက် ပိုပြီးထိရောက်မှုရှိခဲ့ပါတယ်၊ ဒီနေ့မှာတော့ ဇုန် (C) ကို        
မူလသတ်မှတ်ထားတဲ့အတိုင်း ပြီးမြောက်အောင် ငြှိမ်းသတ် နေပါတယ်၊ ရေကိုပဲ အဓိကထားပြီး ငြှိမ်းသတ်နေတာပါ၊ မြေပြင်အနေအထားအရ (D)ဇုန်နဲ့ ဆက်စပ်နေတဲ့အတွက် လမ်းကြောင်းအနေအထားအရ (D)ဇုန်ဘက်ကိုလည်း ငြှိမ်းသတ်ခဲ့ပါတယ်၊ ဒါကြောင့် ဒီကနေ့ ငြှိမ်းသတ်မှု အပိုင်းကတော့   ဧရိယာပိုပြီးကျယ်ပြန့်သွားခဲ့ပါတယ်၊ အားလုံးကို ငြှိမ်းရမှာမှန်ပေမယ့် ဒီကနေ့ ရည်မှန်းချက်က တော့ (C)ဇုန်ပဲဖြစ်ပါတယ်၊ ဒါကြောင့် (C)ဇုန်ကိုပဲ ပြီးပြတ် အောင် ညပိုင်းအထိ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အချိန်တော့ အနည်းငယ်ပိုပေးလိုက်ရတဲ့ အနေ အထားပဲဖြစ်ပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ယနေ့ညနေပိုင်းတွင် ပြောကြားသည်။

ဆက်လက်၍ ၎င်းက ''မနက်ဖြန်မှာတော့ (D)ဇုန်ကို အပြီးသတ်ငြှိမ်းသတ်သွားမှာဖြစ်ပါတယ်၊ ဒီကနေ့မှာလည်း (D)ဇုန်ရဲ့ တချို့နေရာတွေကို ငြှိမ်းသတ်ခဲ့ပြီးဖြစ်တာကြောင့် မနက်ဖြန်ကျရင်တော့ ကျန်တဲ့နေရာတွေကို ဆက်လက် ငြှိမ်းသတ်သွားမှာဖြစ်ပါတယ်၊ ဒါကြောင့် မနက်ဖြန်ကျရင် အားလုံးပြီးဆုံးအောင် ငြှိမ်းသတ်သွားမှာ ဖြစ်ပါတယ်၊ မနက်ဖြန်ကျရင် မျှော်မှန်းထားတာထက် ပိုပြီးလောင်ကျွမ်း နေရင် Bio Foamကို အသုံးပြုပြီး ငြှိမ်းသတ်သွားမှာ ဖြစ်ပါတယ်၊ အပိုင်း နှစ်ပိုင်းခွဲပြီး ဆောင်ရွက်သွားမယ်၊ အဓိက သတ်မှတ်ဇုန်တွေကို ငြှိမ်းသတ်သွားမှာဖြစ်သလို ငြှိမ်းသတ်ခဲ့ပြီးနေရာ တချို့နေရာတွေကို ကောက်သင်း ကောက်သလို လက်စသတ်တဲ့အပိုင်းကိုလည်း နောက်ချန် အဖွဲ့တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။

အဆိုပါ ထိန်ပင်အမှိုက်ပုံမီးလောင်မှုသည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ   သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊    တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ အပါအဝင် အင်အား ၉ဝဝ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် လျက်ရှိသည်။

မီးငြှိမ်းသတ်မှုတွင်    ပါဝင်ဆောင်ရွက်နေသည့် တပ်မတော်အရာရှိတစ်ဦးက ''ဧပြီ ၂၄ ရက်ကတည်းက စတင်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ နေ့စဉ် အင်အား ၁၆ဝ နဲ့ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေပါတယ်၊ အဲဒီလို  ဆောင်ရွက်တဲ့အခါမှာ   မီးငြှိမ်းသတ်မှုအပိုင်း        သာမက ရေရရှိရေးနဲ့ ဆေးဝါးကုသမှုအပိုင်းတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်၊ ဒါ့အပြင် ရေလုံလောက်စွာ ရရှိရေးအတွက် တပ်မတော်ရေသယ်ယာဉ်၊ မီးသတ်ယာဉ်၊ ရေစုပ်စက်တွေနဲ့လည်း နေ့စဉ်ဆောင်ရွက်ပေးနေပါတယ်၊ ဒီနေ့မှာဆိုရင် မီးငြှိမ်းသတ်မှုအပြင် မီးလောင်မှုအနီးမှာရှိတဲ့ ကျုံစုကျေးရွာမှာ မီးခိုးဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် ပါရဂူတွေပါဝင်တဲ့အဖွဲ့က   နယ်လှည့်ဆေးကုသမှုတွေ လုပ်ဆောင်ခဲ့ပါတယ်၊ သံဃာ ခုနစ်ပါး၊ သီလရှင် နှစ်ပါး အပါအဝင် ၃၆၂ ဦးကို ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ပါတယ်'' ဟု ပြောသည်။

ယခုအခါ မီးလောင်မှု၏ ၉ဝ ရာခိုင်နှုန်းကို ငြှိမ်းနိုင် ခဲ့ပြီဖြစ်သော်လည်း အမှိုက်ပုံအတွင်းပိုင်းမှ လောင်ကျွမ်း နေမှုနှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ မဟာဗျူဟာအရ ဧပြီ ၂၉ ရက်မှ စတင်၍ (A,B,C,D)ဇုန်များ ပိုင်းခြားသတ်မှတ်ကာ တစ်ရက်လျှင် ဇုန်တစ်ခုချင်းနှုန်းဖြင့် ငြှိမ်းသတ်လျက်ရှိရာ အောင်မြင် ထိရောက်မှုရှိကြောင်း သိရသည်။

ယနေ့တွင် မူလသတ်မှတ်ချက်များအရ (C)ဇုန်ကို ငြှိမ်းသတ်ရာတွင် ဧရိယာကျယ်ပြန့်မှုနှင့်အတူ (D)ဇုန်နှင့် မြေပြင်အနေအထားအရ  ဆက်စပ်နေသည့်အတွက် ညနက်ပိုင်းအထိ ကြိုးစားငြှိမ်းသတ်ခဲ့ရသည်။ ထို့အတူ ကျန်ရှိသည့် (D)ဇုန်ကို မူလသတ်မှတ်ချက်များအတိုင်း ပြီးစီးအောင် ဆက်လက်ငြှိမ်းသတ်သွားမည်ဖြစ်ရာ မေ ၂ ရက်  ညပိုင်းတွင်   အပြီးသတ်   ဆောင်ရွက်သွားနိုင်ရန်         ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေးဧရိယာတွင် မီးသတ်တပ်ဖွဲ့အင်အား ၄၅ဝ ခန့်ကို  အဓိကထားကာ  သတ်မှတ်အဆိုင်းများအလိုက် ခွဲဝေအသုံးပြုခဲ့သည့်အပြင် တပ်မတော်သားများအပါအဝင် ပူးပေါင်းအင်အားများဖြင့်လည်း  ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။

မီးငြှိမ်းသတ်မှုတွင်ပါဝင်သူ    ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ   တပ်ဖွဲ့ဝင်တစ်ဦးက   ''ဒီနေ့မှာတော့ ငြှိမ်းသတ်ရတဲ့ဧရိယာ နည်းနည်းပိုကျယ်ပါတယ်၊ မြေပြင် အနေအထားက ပြေပြစ်တော့ အခက်အခဲသိပ်မရှိပါဘူး၊ ကျွန်တော်တို့က ရှေ့ဆုံးကနေ ပိုက်ကိုင်ပြီး အဓိကငြှိမ်းသတ် တယ်၊ ပိုက်ရွှေ့တာမျိုးအပြင် အခြားလိုအပ်တဲ့ အပိုင်းတွေ ကိုတော့ တပ်မတော်သားတွေက အနီးကပ်ကူညီပေးပါ တယ်၊ နောက်ထပ်တစ်ရက်လောက်ဆိုရင်တော့ အပြီးသတ် ငြှိမ်းသတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်''ဟု ပြောသည်။

အဆိုပါ မီးလောင်နေမှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ကြိုးစားငြှိမ်းသတ်လျက်ရှိသကဲ့သို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့်လည်း မီးခိုးဒဏ်ကို ခံစားရသော ပြည်သူများနှင့် မီးငြှိမ်းသတ်ရာ တွင်   ပါဝင်ဆောင်ရွက်နေသူများကို   ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆေးကုသမှုစခန်းများ ဖွင့်လှစ် ကာ ပြည်သူများအတွက်   ကျန်းမာရေးစောင့်ရှောက်မှု       ပေးလျက်ရှိသည်။

ထို့အတူ မီးလောင်မှုအနီးတွင် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ  ပြုလုပ်ပေးလျက်ရှိပြီး စေတနာရှင်များကလည်း   အစားအသောက်၊  ရေနှင့် ဆေးဝါးများကို လာရောက်လှူဒါန်းလျက်ရှိသည်။

အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူ ဖွံ့ဖြိုးရေးအသင်း(ERSSDO)မှ ဦးဇွဲရန်နိုင်က ''မီးစတင် လောင်ကျွမ်းတဲ့နေ့ကတည်းက ကျွန်တော်တို့ အသင်းက ရေသယ်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေနဲ့ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ပါတယ်၊ ဒါ့အပြင် မီးလောင်ပြင်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဝိုင်းဝန်းကူညီကြတဲ့သူတွေအတွက် ရေ၊   အားဖြည့်အချိုရည်နဲ့   အစားအသောက်တွေကို နိုင်သလောက် လှူဒါန်းခဲ့ပါတယ်၊ ဒီနေ့မှာတော့ ရေသယ် ယာဉ်တွေနဲ့ ရေအကူအညီပေးတဲ့လုပ်ငန်းစဉ်ကို လုပ်ခဲ့တဲ့ အပြင် မီးသတ်တပ်ဖွဲ့ဝင် ၁၅ဝ အတွက် ညစာထမင်းနဲ့ ရေသန့် ကတ် ၅ဝ ကို လာရောက်လှူဒါန်းပေးတာဖြစ်ပါ တယ်၊ နောက်ရက်တွေမှာလည်း ဆက်လက်ကူညီပေးသွား  မှာဖြစ်ပါတယ်''ဟု ပြောသည်။

အဆိုပါမီးလောင်မှုအနီးရှိ နေထိုင်သူ ကိုလှမြင့်က ''မနက်ပိုင်းနဲ့ ညပိုင်းမှာတော့ မီးခိုးတွေ နည်းနည်းထွက်နေ ပါသေးတယ်၊ ပတ်ဝန်းကျင်ကိုထိခိုက်နိုင်တဲ့ အနေအထား မျိုးတော့ မဟုတ်ပါဘူး၊ လေစီးကြောင်းအရ ကျုံစုရွာ ဘက်ကို ညနေပိုင်းမှာ မီးခိုးတွေ သွားတာများပါတယ်၊ အခုတော့ မီးခိုးထွက်တာ တဖြည်းဖြည်းနည်းသွားပါပြီ၊ အရင်တုန်းကလို ညှော်နံ့တွေထွက်တဲ့အဆင့်အထိ မရှိ တော့ပါဘူး''ဟု ပြောသည်။

ယခုအခါ အဆိုပါမီးလောင်မှုကို အပြီးသတ်ငြှိမ်းသတ် ရာတွင် ရေဖြင့် အဓိကပက်ဖျန်းကာ ငြှိမ်းသတ်လျက်ရှိပြီး လိုအပ်သည့်နေရာများတွင်သာ Bio Foam (အမြှုပ် ဆေးရည်)ကို အသုံးပြုငြှိမ်းသတ်လျက်သည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်(​ကြေးမှုံ)

No comments:

Post a Comment