Latest News

Wednesday, May 2, 2018

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခဲ့သည့်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ

ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဦးတည်ဆောင်ရွက်ခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍတွင် အရည်အသွေး မြင့်မားသည့် စိုက်ပျိုးရေးထုတ်ကုန်များ ရရှိ စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က  ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍ  အတွက် အရေးကြီးသည့် သုတေသနလုပ်ငန်း များကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

''စိုက်ပျိုးရေးကဏ္ဍမှာ ထူးထူးခြားခြား  ဆောင်ရွက်တာရှိပါတယ်၊   စိုက်ပျိုးရေးကို အခြေခံတဲ့  တိုင်းဒေသကြီးဖြစ်တဲ့အတွက်  ရေတော်မိုးတော် စိုက်ဧရိယာများမှာ မြေဆီ လွှာ အာဟာရဓာတ်စစ်ဆေးရေးလုပ်ငန်းတွေ  ဆောင်ရွက်ပေးပါတယ်၊ တစ်ယူနစ်မှာ ဧက ၅ဝ နှုန်းနဲ့ ၅၄၄၂၇ ယူနစ်အတွက် ၂၇၂၁၃၅ဝ  ဧကကို    ဆောင်ရွက်ပေးလျက်ရှိပြီးတော့ အထွက်နှုန်းကောင်းမွန်၊   အရည်အသွေး မြင့်မားတဲ့  စိုက်ပျိုးရေးထုတ်ကုန်တွေရရှိဖို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ စိုက်ပျိုးရေး အတွက် အလိုအပ်ဆုံးဖြစ်နေတဲ့ သုတေသန လုပ်ငန်းတွေကိုလည်း ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြဆောင်ရွက်ပါတယ်၊ ပြီးတော့ တိုင်းဒေသကြီး အစီအစဉ်နဲ့ တစ်ပိုင်တစ်နိုင်  ဆောင်ရွက်သွားပါမယ်''ဟု     ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

စိုက်ပျိုးရေးကဏ္ဍတွင် လက်မှုလယ်ယာ မှ စက်မှုလယ်ယာသို့ ပြောင်းလဲဆောင်ရွက်  နိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ များ အရစ်ကျဝယ်ယူနိုင်ရေး ဆောင်ရွက်ပေး  လျက်ရှိသည်။

''လက်မှုလယ်ယာမှ  စက်မှုလယ်ယာ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ပါတယ်၊ သမ ဝါယမဦးစီးဌာနအနေနဲ့    လယ်ယာသုံး စက်ကိရိယာများ  အရစ်ကျ  ဝယ်ယူနိုင်ရေး အတွက်   အသင်းသား  ၁၅၅၄  ဦးကို  လယ်ယာသုံးစက်ကိရိယာ ၁၇ဝ၇ စီး၊ စက်မှု လယ်ယာဦးစီးဌာနက ၁၂၉၄ စီး စီမံပေးနိုင် ခဲ့ပါတယ်၊ ဒါ့ပြင် စက်မှုလယ်ယာဦးစီးဌာနက   ထွန်စက်ကြီးတွေနဲ့ ဧကပေါင်း ၃၉၅၂ဝ၂ ဧကကို ထွန်ယက်ပေးပါတယ်၊ စပါးရိတ်စက် နဲ့ ၂၄၇ဝ၃ ဧကကို ရိတ်သိမ်ြးေ>ွခလှေ့ပေး တယ်၊ ကောက်စိုက်စက်တွေနဲ့  ဧက ၇၁ဝ ကို စိုက်ပျိုးပေးပါတယ်၊ ပြီးတော့ စက်ကိရိယာ တွေ   သုံးစွဲမှုလွယ်ကူစေဖို့   စက်ကိရိယာ တွေ ပြင်ဆင်ပေးတာကိုလည်း ဆောင်ရွက်ပေး ပါတယ်''    တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် ရေကြီးနစ်မြုပ်မှု မရှိစေရေး၊   ရေငန်ဝင်ရောက်မှုမရှိစေရေး အတွက် တာတမံ ၆၆ ခု၊ ရေနုတ်မြောင်း ၄၇၉ မြောင်းနှင့်  ရေတံခါး ၄၅ ခု တည် ဆောက်ပြုပြင်ခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့  တာဝန်ယူ ခဲ့သည့် နှစ်နှစ်တာအတွင်း ငါးမွေးမြူရေးကန် ဧက ၁၂၃၅၅ဝ နှင့် ပုစွန်မွေးမြူရေးကန် ၆၃၇၃၅ ဧကကို ဖော်ထုတ်နိုင်ခဲ့ပြီး အင်းပေါင်း ၁၇၇၇ ခုကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေ ရန်  မျိုးကောင်းမျိုးသန့်  မွေးမြူနိုင်ရေးကို လည်း ကြိုးစားဆောင်ရွက်လျက်ရှိသည်။

''နှစ်နှစ်တာအတွင်းမှာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးဖို့ ငါးမျိုးပြုန်းတီးမှုကို ကာကွယ်တဲ့အနေ နဲ့ ငါးမျိုးစိုက်ထည့်မှု ငါးကောင်ရေ သိန်းပေါင်း  ၃၇ဝ  ကျော်ကို   စိုက်ထည့်နိုင်ခဲ့ပါတယ်။ မြစိမ်းရောင်စီမံကိန်း   ငါးမွေးမြူရေးကဏ္ဍမှာဆိုရင်လည်း ကျေးရွာ ၇၄ ရွာအတွက်  ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ ဟိုင်းကြီးကျွန်း မြို့ သမီးလှလိပ်ကျွန်း လိပ်မျိုးထိန်းသိမ်းရေး စခန်း၊ ဘိုကလေးမြို့နယ် ကဒုံကနိလိပ်မျိုး ထိန်းသိမ်းရေးစခန်းတွေ ဖွင့်လှစ်ပြီး ရေသယံ ဇာတနဲ့ မျိုးသုဉ်းရှားပါး အဏ္ဏဝါထိန်းသိမ်းရေး လုပ်ငန်းတွေ   ဆောင်ရွက်နေပါတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။

တိုင်းဒေသကြီး   အစိုးရအဖွဲ့အနေဖြင့် မြို့ပြလမ်း ၄ဝ၃၃ မိုင်၊ ကျေးလက်လမ်း မိုင် ၂၇ဝ၊ ကျောက်ချောနှင့် မြေသားလမ်း ၁၆ မိုင်၊ မြို့ပြတံတား/ရြေ>ွပန် ၅၇၆ ခု၊ ကျေးလက်  တံတား ၁၄၄ ခု  အသစ်ဆောင်ရွက်ခြင်း၊  အဆင့်မြှင့်တင်ခြင်း  လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်း များ ပေါများသည့်အတွက် မြစ်ချောင်းများ ပြိုကျမှုနည်းပါးစေရန် မြစ်ကမ်းထိန်းသိမ်း ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး နှစ်နှစ် တာအတွင်း မြစ်ကမ်းထိန်းလုပ်ငန်း ၂၁ ခု ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကမ်းပြိုကမ်းစားဖြစ်ပွားမှုကြောင့် နေအိမ် များ ဆုံးရှုံးခဲ့ရသည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်မှ အိမ်ခြေ ၇၆၃ လုံး၊ အိမ်ထောင်စု ၇၆၄ စု၊ လူဦးရေ ၃၃၈၈ ဦးအတွက် မြေ ၄၇ ဒသမ ၅၅ ဧကကို  ရန်ပုံ ငွေ ကျပ်သန်း ၁၉၃ ဒသမ ၁၇၅ သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည်။

''လေပြင်းဒဏ်ခံနိုင်ရေးအတွက် အိမ် တွေကို ပြင်ဆင်ပေးပါတယ်။ ကျေးရွာ ၂၁ ရွာ၊ အိမ်ခြေ အလုံး ၈ဝဝ ကို ဆောက်ရွက် ပေးနိုင်ခဲ့တဲ့အပြင် ဖိုင်ဘာစက်လှေ ၁၃ စင်း၊ အသက်ကယ်အင်္ကျီအစုံ ၁၈ဝ ကို ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနကို မြို့နယ်အဆင့်တွေ မှာ တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပါတယ်။

''သဘာဝဘေးသင့်အိမ်ခြေ ၆၂၆၂၄ လုံး၊ လူဦးရေ ၂၃၈၁၉၃ ဦး၊ သေဆုံးသူ ၉၆ ဦး ရှိပါတယ်။   ဒီပြည်သူတွေအတွက်  ဆန်၊ အိမ်ဆောက်ပစ္စည်းနဲ့  ထောက်ပံ့ငွေကျပ်  ၁ဝဝ၆ သန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်။ မုန်တိုင်းခံအဆောက်အအုံ အရင်က ၅၅ လုံး ရှိတယ်။ အသစ် ငါးလုံးဆောက်လုပ်ပါတယ်။ ထပ်မံပြီး ၁၇ လုံး ဆောက်လုပ်မှာဖြစ်တဲ့အတွက် တိုင်းဒေသကြီးအတွင်းမှာ စုစုပေါင်း ၇၇ လုံး ရှိလာမှာ  ဖြစ်ပါတယ်''ဟု  ဝန်ကြီးချုပ်က ပြောသည်။

ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို ပုသိမ် မြို့ရှိ အိမ်ထောင်စု ၅ဝဝဝ အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားပြီး ကျန်ခရိုင်မြို့များ တွင် အိမ်ထောင်စု ၅ဝဝ စီအတွက် ကြိုတင် ပြင်ဆင်ထားကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ပညာပေးဟောပြောမှု၊ ဇာတ်တိုက်လေ့ကျင့်မှု  အပါအဝင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ၃၂၅ ကြိမ်ကို  ပြည်သူ  ၅၅ဝဝဝ   ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်က မြောင်းမြ ကြိုးတံတားပြတ်ကျခဲ့သဖြင့်   တံတားသစ် တည်ဆောက်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့  ဦးဆောင်မှုဖြင့် တစ်နှစ်အတွင်း ပြီးစီးရန် စီမံ ဆောင်ရွက်လျက်ရှိသည်။

''တည်ဆောက်ရေး   ကာလမှာလည်း ခရီးသွားပြည်သူတွေ  ကူးလူးသွားလာရေး ဇက်သင်္ဘော၊ ကူးတို့သင်္ဘောတွေနဲ့ အန္တရာယ် ကင်းရှင်းစွာသွားနိုင်ဖို့အတွက် စီမံဆောင်ရွက် ထားပါတယ်။ ဧပြီလ ၁ဝ ရက်နေ့ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  လာရောက် ပြီး လိုအပ်တာတွေ လမ်းညွှန်ခဲ့ပါတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရရှိစေ ရန် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ၁၇ ခုကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြု ပေးထားကြောင်း သိရသည်။

''စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ ဖို့အတွက် ပုသိမ်မြို့နယ် မီးလောင်ချိုင်ဒေသ မှာ LNGဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ OFF-Shore Supply Base လုပ်ငန်းသုံးခုနဲ့  စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းတွေ အပါအဝင်  တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ၁၇ ခုကို   မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် နဲ့  ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့က ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။  လူတစ်ဦးပျမ်းမျှထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုးကို ပြောရရင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ၁၄ဝ၇ဝ၇၂ ကျပ်၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ဆိုရင် ၁၅၇၄၃၁၇ ကျပ် ရရှိပြီးဖြစ်ပါတယ်'' ဟု ဝန်ကြီးချုပ်က ပြောသည်။

တိုင်းဒေသကြီး  အစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိစေရန် ဆောင် ရွက်ခဲ့ပြီး ဓာတ်အားသုံးစွဲသူ ၂၄၁၁၈၃ ဦး တိုးတက်အသုံးပြုလာနိုင်စေရန် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဓာတ်တိုင် ၉၁၅၇ တိုင်ကို အစားထိုး လဲလှယ်ခြင်း၊    အသစ်တပ်ဆင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး  ဓာတ်အားလိုင်း  ၂၃၉ ဒသမ ၅၇၅ မိုင်ကိုလည်း ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။

''လျှပ်စစ်ကဏ္ဍမှာဆိုရင်          ပုသိမ် မရမ်းချောင်းမှာ ၁ဝ အမ်ဗွီအေဓာတ်အားခွဲရုံ နဲ့ မြက်တိုမှာ ၃၃  ကေဗွီဓာတ်အားလိုင်း ခြောက်မိုင် တိုးချဲ့တည်ဆောက်နိုင်ခဲ့ပါတယ်။ ဓာတ်အားပေးစနစ်အနေနဲ့  ကျေးရွာ ၁၁၇ ရွာမီးလင်းရေး     ဆောင်ရွက်နိုင်ပြီးတော့ ဓာတ်အားသုံးစွဲသူ ၂၄၁၁၈၃ ဦး ပိုမိုအသုံးပြု လာနိုင်ခဲ့ပါတယ်။ ဓာတ်အားလိုင်း ၂၃၉ ဒသမ ၅၇၅ မိုင်၊ ဓာတ်တိုင် ၉၁၅၇ တိုင် အစားထိုးလဲလှယ်ခြင်း၊ အသစ်တပ်ဆင်ခြင်း တွေ အပါအဝင်Solar စနစ်နဲ့ ကျေးရွာ ၈၃၃ ရွာမှာ လမ်းမီးတိုင်တွေ ဆောင်ရွက်ပေးခဲ့ပါ တယ်''ဟု တိုင်းဒေသကြီး လျှပ်စစ်ကဏ္ဍနှင့်  စပ်လျဉ်း၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

ပညာရေးကဏ္ဍ   တိုးတက်မှုရရှိစေရန် အခြေခံပညာကျောင်း  ၉၈၁  ကျောင်းကို အဆင့်တိုးမြှင့်ပေးနိုင်ခဲ့ပြီး   တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန ၅ဝ ကိုလည်း  တိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

''အခြေခံပညာကျောင်းပေါင်း   ၉၈၁  ကျောင်းကို အဆင့်တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်၊ ကျောင်းဆောင်သစ်၊   အားကစားခန်းမ၊ ကျောင်းစာကြည့်တိုက်   စုစုပေါင်း  ၆၇၁  ဆောင်ကို အသစ်ဆောက်လုပ်ပေးနိုင်ခဲ့ပါ တယ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနတွေ  ၅ဝ အထိ    တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် တက္ကသိုလ် သုံးခု၊ နည်းပညာတက္ကသိုလ် သုံးခု၊ ကွန်ပျူတာ တက္ကသိုလ် သုံးခု၊ ပညာရေးကောလိပ် သုံးခု နှင့် စက်မှုလက်မှုသိပ္ပံရှိတဲ့အတွက် ပညာရေး ကဏ္ဍတိုးတက်ဖို့ ပြည်ထောင်စုမူဝါဒနဲ့အညီ  ပူးပေါင်းဖြည့်ဆည်း  ဆောင်ရွက်ပေးလျက် ရှိပါတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။

ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆရာဝန် ၉၂ ဦး၊ သူနာပြု ၂၁၉ ဦး၊ သူနာပြု/ သားဖွား ၆၁၉ ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) ဦးရေ ၄၁ဝ နှင့် ကျန်းမာရေး နှင့် ကုသရေးဆိုင်ရာ အခြားဝန်ထမ်းဦးရေ ၆၃ဝ ကို တိုးမြှင့်ခန့်ထားကာ ကျန်းမာရေး စောင့်ရှောက်မှုပိုမိုကောင်းမွန်ရန် ဆောင်ရွက် ပေးခဲ့သည်။

ဆေးရုံများတွင်   ဆေးပဒေသာပင် စိုက်ထူခြင်း၊ ကျေးလက်ကျန်းမာရေးဌာန ၆၃ ခုကို တိုးမြှင့်တည်ဆောက်ပေးခြင်း လုပ်ငန်း များကိုလည်း ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး  နှင့် ညီညွတ်သော   သောက်သုံးရေရရှိရန် အတွက် စက်ရေတွင်း ၇၂ တွင်း၊ သောက်သုံး ရေကန် ၇၉ ခု၊  ရေတင်စက် အခု ၈ဝ ကို ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ  မိုဘိုင်းဖုန်းစခန်း ၅၇၉ ခု၊ အော်တိုအိတ်ချိန်း ၃၉ ရုံးအထိ တည်ဆောက်ပြီး လူဦးရေ ၁ဝဝ  မှာ ၈၁ ဦးအထိ အသုံးပြုနိုင်ပြီဖြစ်ပါတယ်၊ နိုင်ငံတကာ ဆက်သွယ်ရေးဆက်ကြောင်း တည်ဆောက်မှုအနေနဲ့ ရေအောက်ကေဘယ် စနစ်ကို  ပုသိမ်မြို့နယ်  ငွေဆောင်မြို့မှာ တည်ဆောက်ပြီးစီးပြီးတော့  ဝန်ဆောင်မှု ပေးနေပြီဖြစ်ပါတယ်၊MPT Own Branded Shop၁ဝ ဆိုင် ဖွင့်လှစ်ပြီးတော့ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ဒေသအားလုံးနီးပါးမှာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။

ထိုသို့ တိုင်းဒေသကြီးအတွင်း ပြည်သူများ အတွက် အစိုးရအဖွဲ့၏ လုပ်ဆောင်ပေးနေမှု အပေါ်  ဒေသခံ ဦးတင်အုန်းက ''ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ   ထင်သာ မြင်သာရှိအောင် လုပ်ငန်းတွေ ဆောက်ရွက် နိုင်တာ တွေ့ရပါတယ်။    ဥပမာအနေနဲ့ ပုသိမ်မြို့မှာLED  လမ်းမီးတွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ မေတ္တာဦးတံတားကနေ အရုပ်ကြီးအဝိုင်းအထိ တိုင်ပေါင်း ၁၁ဝ ကို အစိုးရအဖွဲ့က အကုန်အကျခံပြီး လုပ်နေတာ ရှိပါတယ်။ ဒီအရုပ်ကြီးကနေ မြို့အပြင်ထွက် တဲ့ ပုသိမ်-ရန်ကုန် လမ်းမှာဆိုရင်လည်း သိန်းပေါင်း ၃၆ဝဝ ကျော် အကုန်အကျ ခံပြီးတော့ ဆောက်ရွက်နေတာရှိပါတယ်။

''ဒါတင်ပဲလားဆိုတော့    မဟုတ်သေး ပါဘူး။  မြို့ပေါ်လမ်းတွေ အားလုံးရဲ့ ၉ဝ ရာခိုင်နှုန်း      ကျော်ကျော်လောက်ဟာ ကွန်ကရစ်လမ်းတွေချည်းပဲ။ အစိုးရနဲ့ပြည်သူ  ပူးပေါင်းဆောင်ရွက်ထားတာဖြစ်တဲ့အတွက် ထင်သာမြင်သာဖြစ်ပြီးတော့ ကျေနပ်အားရမှု ဖြစ်ခဲ့ရပါတယ်။

''ဂျပန်JICA  အဖွဲ့နဲ့  အစိုးရအဖွဲ့ ပူးပေါင်းပြီး ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်း တွေကို ဒီနှစ်မှာ စတင်အကောင်အထည်ဖော် နေတာကို  တွေ့ရပါတယ်။  ပုသိမ်မြို့မှာ ပြီးတာနဲ့  မြောင်းမြနဲ့   ဝါးခယ်မမြို့မှာ ဆက်လုပ်မယ့်        အစီအစဉ်ရှိတဲ့အတွက်  ရေရှိသော်လည်းပဲ   ရေကောင်းမသုံးရတဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးက မြို့တွေဟာ ကောင်းတဲ့ရေ ရတော့မယ်''ဟု ပြောသည်။

အလားတူ    ဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းကြိုင်ကလည်း  ''ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ရှိရင်  ကျွန်တော်တို့ ဧရာဝတီ တိုင်းဒေသကြီးမှာ လှပကောင်းမွန်တဲ့ကမ်းခြေ တွေ ရှိပါတယ်။ အနောက်ဘက်ကို မျက်နှာမူ ထားတဲ့ ကမ်းခြေတွေဖြစ်တဲ့အတွက် အင်မတန် တန်ဖိုးရှိပါတယ်။ ချောင်းသာ၊ ငွေဆောင် ဆိုတဲ့ ဖွံ့ဖြိုးပြီးသားကမ်းခြေဒေသနှစ်ခု ရှိပါ တယ်။ အခု ဂေါ်ရန်ဂျီကျွန်း၊ ရွှေသောင်ယံ ဆိုတဲ့ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တဲ့ ကမ်းခြေ ဒေသနှစ်ခုလည်း     ပိုင်ဆိုင်ထားပါတယ်။ သမိုင်းဝင်မော်တင်စွန်းဘုရားရှိတဲ့ မော်တင်၊  ငွေတောင်ကမ်းခြေ      ဒေသတွေကလည်း မကြာမီ  ဖွံ့ဖြိုးတိုးတက်လာမှာ  ဖြစ်ပါတယ်။ ဒါ့ကြောင့်   ခရီးသွားကဏ္ဍကိုလည်း   ပိုပြီး မြှင့်တင်ဆောင်ရွက်ပေးစေလိုပါတယ်'' ဟု အကြံပြုသည်။

တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်း များအတွက် အိမ်ရာများကို တိုင်းဒေသကြီး  အစိုးရအဖွဲ့က   ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ ဆောင်ရွက်နေသည့် အခြေအနေအပေါ် ဝန်ကြီးချုပ်က ''ဝန်ထမ်းတွေ အိမ်ရာရရှိရေး အတွက် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက  လေးခန်းတွဲ လေးထပ်အဆောက်အအုံ ငါးလုံး၊ အခန်းပေါင်း ၈ဝ ကို ဆောက်လုပ်ပေးခဲ့ပါ တယ်။ ဘဏ္ဍာနှစ်အလိုက် ဝန်ထမ်းအိမ်ရာတွေ တောင်းခံလာမှုကို စိစစ်ခွင့်ပြုပေးလျက်ရှိပါ တယ်''ဟု ပြောသည်။

ပြည်သူလူထုဝန်ဆောင်မှု   ရယူသော လုပ်ငန်းများ  အဆင်ပြေချောမွေ့စေရန်နှင့် လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ အစိုးရ ဌာန ၂၃ ခု၏ လုပ်ငန်း ၆၃ ခုအတွက် (Standard  of  Procedure - SOP) ကို ဆောင်ရွက်လျက်ရှိပြီး မကြာမီ ပြီးစီးပါက သက်ဆိုင်ရာ    ဌာနအဖွဲ့အစည်းများသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  အလေးပေးဆောင်ရွက်မှုနှင့်အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံ တိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး  ကျန်ရှိနေသေးသည့် အစိုးရသက်တမ်း သုံးနှစ်တာ ကာလအတွင်း မှာလည်း တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။        ။

သတင်းဆောင်းပါး-ဟန်နီဝင်း(​ကြေးမှုံ)

No comments:

Post a Comment