Latest News

Saturday, May 19, 2018

အမေရိကန်၏ ပိတ်ဆို့မှုများကို လိုက်နာရန်မလိုသည့် ဥပဒေ ပြန်လည်ကျင့်သုံးမည်ဟု ဥရောပ ကော်မရှင် ကြေညာ

အမေရိကန်၏ ပိတ်ဆို့မှုများကို လိုက်နာရန်မလိုသည့် ဥပဒေ ပြန်လည်ကျင့်သုံးမည်ဟု ဥရောပ ကော်မရှင် ကြေညာ

ဘရပ်ဆဲ မေ ၁၈

အမေရိကန်အစိုးရက ချမှတ်မည့် အရေးယူ ပိတ်ဆို့မှုများကို လိုက်နာရန် မလိုသည့် ဥပဒေကို ပြန်လည် ကျင့်သုံးမည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ ယင်းကလောက်ယန်ကာက ကြေညာလိုက်သည်။ အမေရိကန် အစိုးရသည် အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ပြီးနောက် အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ချမှတ်မည့်အပြင် ထိုပိတ်ဆို့မှုများကို ချိုးဖောက်သည့် မည်သည့်နိုင်ငံကိုမဆို အရေးယူသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာထားသည်။

ထိုကြေညာချက်သည် အီရန်နှင့် လက်တွဲလုပ်ကိုင်နေသည့် ဥရောပကုမ္ပဏီများကို ထိခိုက်နစ်နာစေမည်ဖြစ်သည်။ ထို့ကြောင့် ဥရောပ ကုမ္ပဏီများအား အကာအကွယ်ပေးရန်အတွက် ကော်မရှင်အနေဖြင့် ဥရောပအဖွဲ့ဝင် နိုင်ငံများကို အမေရိကန်က ချမှတ်မည့် မည်သည့်ပိတ်ဆို့မှုကိုမဆို လိုက်နာရန်မလိုသော ၁၉၉၆ ခုနှစ် ပိတ်ဆို့ဟန့်တားရေး ဥပဒေကို ပြန်လည်ကျင့်သုံးမည်ဟု ယင်းက လောက်ယန်ကာက ဘူဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့၌ မေ ၁၇ ရက်တွင်ပြုလုပ်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်ပြောသည်။

ထို့ပြင် အီရန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံနေသည့် ဥရောပကုမ္ပဏီများ အဆင်ပြေစေရေးအတွက် အထောက်အကူပြုရန် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် ဖွင့်လှစ်မည့်အစီအစဉ်ကို ဥရောပသမဂ္ဂ ခေါင်းဆောင်များက သဘောတူထားကြောင်း ၄င်းကဆက်ပြောသည်။

၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်အစိုးရ နုတ်ထွက်ခြင်းအပေါ် အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံ အများအပြားက စိုးရိမ်လျက်ရှိသော်လည်း ဥရောပသမဂ္ဂအနေဖြင့်  နျူကလီးယားသဘောတူစာချုပ်ကို ဆက်လက်ထိန်းသိမ်းရေး ဆွေးနွေးမည်ဖြစ်ပြီး အီရန်နှင့် ဆက်လက်ပူးပေါင်းသွားမည်ဟု ဥရောပ ကော်မရှင်က ထုတ်ပြန်ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment