Latest News

Saturday, May 19, 2018

ရန်ကုန် - မန္တလေး အမြန်လမ်းမ၌် ၂ဝ၁၇ ခုနှစ်မှ ယခုနှစ် မေ ၁၂ ရက်အထိ စည်းကမ်းမဲ့ယာဉ် ၃ဝဝဝဝ ကျော် အရေးယူထား

ရန်ကုန် - မန္တလေး အမြန်လမ်းမ၌် ၂ဝ၁၇ ခုနှစ်မှ ယခုနှစ် မေ ၁၂ ရက်အထိ စည်းကမ်းမဲ့ယာဉ် ၃ဝဝဝဝ ကျော် အရေးယူထား

ရန်ကုန် မေ ၁၈

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၌ သတ်မှတ်စည်းကမ်းချက်များ မလိုက်နာဘဲ မောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များကို အရေးယူခဲ့ရာ ယခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂ဝ၁၈ ခုနှစ် မေ ၁၂ ရက်အထိ ယာဉ်စီးရေ ၃ဝဝဝဝ ကျော်ကို အရေးယူ ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။ အမြန်လမ်းမ၌ တပ်ဆင်ထားရှိသော ကင်မရာများမှတစ်ဆင့် သတ်မှတ် ကီလိုမီတာထက် ကျော်လွန်မောင်းနှင်ခြင်းနှင့် ယာဉ်မောင်းသူများ ထိုင်ခုံခါးပတ်မပတ်ခြင်း များကို စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး၌ စည်းကမ်းမဲ့ မောင်းနှင်မှုများကြောင့် တစ်နေ့လျှင် ယာဉ်မတော်တဆမှု တစ်ကြိမ်မှနှစ်ကြိမ်အထိ ဖြစ်ပွားလျက်ရှိကြောင်း၊ စည်းကမ်းမဲ့မောင်းနှင်မှု မရှိစေရန် ယာဉ်မောင်းသူများ အနေဖြင့် ထိုင်ခုံခါးပတ်များပတ်၍ မောင်းနှင် ရန် အသိပေးထုတ်ပြန် ထားသော်လည်း လိုက်နာမှုမရှိသည့် ယာဉ်မောင်းများ ရှိနေဆဲဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန် မော်တော်ဆိုင်ကယ် မောင်းနှင်မှုများနှင့် ယာဉ်များ ရပ်တန့်ထားခြင်းများကို တားမြစ်ထားကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ်၌ ကီလိုမီတာ ၁ဝဝ အထက် မောင်းနှင်နေမှု များကိုလည်း တားမြစ်ထားသည်။ လမ်းပိုင်းဆိုင်ရာ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များ အရ တစ်နာရီလျှင် ကီလိုမီတာ ၈ဝ သာမောင်းနှင်နိုင်ပြီး လမ်းပိုင်းဆိုင်ရာ ပြင်ဆင်မှုများကိုလည်း ပြုလုပ်လျက်ရှိသည်။ အမြန်လမ်း၌ယာဉ်များ ဖြတ်သန်းမောင်းနှင် သွားလာရာတွင် စစ်တမ်းများအရ ၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်စီးရေနှစ်သန်းခွဲ နီးပါးနှင့် ခရီးသည် ဦးရေ ၁၈ သန်းနီးပါးအထိ ဖြတ်သန်း အသုံးပြုလျက်ရှိနေကြောင်း၊ ယင်းအတွက် ယာဉ်အန္တရာယ် မဖြစ်ပွားစေရေး အသိပေး ဆိုင်းဘုတ်များကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည့် နေရာများ၌ သိသာထင်ရှားအောင် ထားရှိပေးထားကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် ဇွန် ၁ ရက်မှ ယခုနှစ် မေ၁၂ ရက်အထိ ထိုင်ခုံခါးပတ်ပတ်၍ မောင်းနှင်ခြင်း မရှိသော ယာဉ်စီးရေပေါင်း ၄၇၉၆ စီးအထိရှိနေကြောင်း၊ ယာဉ်မောင်းသူများ အနေဖြင့် စည်းကမ်းချက်များအတိုင်း လိုက်နာမောင်းနှင် အသုံးပြုကြရန် လိုအပ်ကြောင်း၊ စည်းကမ်းမဲ့ မောင်းနှင်မှုများ ရှိနေသည့်အတွက် ကင်မရာ အသုံးပြု၍ စောင့်ကြည့်စစ်ဆေးခြင်းများ နေ့စဉ်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment