Latest News

Tuesday, May 8, 2018

ပြည်တွင်း၌ ငလျင်လှုပ်ခတ်မှု အကြိမ် ၈ဝ ခန့်ဖြစ်ပွား

ပြည်တွင်း၌ ငလျင်လှုပ်ခတ်မှု အကြိမ် ၈ဝ ခန့်ဖြစ်ပွား


ရန်ကုန် မေ ၇

မြန်မာနိုင်ငံ တစ်ဝန်း၌ ယခုနှစ် ဇန်နဝါရီ လဆန်းမှ ဧပြီလကုန်အထိ လေးလတာ ကာလအတွင်း ငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း၈ဝ ခန့်အထိ ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်ရီရီမြင့်ထံမှ သိရသည်။

ပြည်တွင်း၌ ယခုနှစ် ဇန်နဝါရီလအတွင်း ဖြူးငလျင် လှုပ်ခတ်ခဲ့ပြီးနောက် သိသာသော ငလျင်လှုပ်ခတ်မှုများ အကြိမ်အရေအတွက် အများအပြား ထပ်မံဖြစ်ပွား ခဲ့ခြင်းကြောင့် ယခုနှစ်အတွင်း ငလျင်ဘေး အန္တရာယ်ကို အထူးသတိထားရန် လိုအပ်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု အများဆုံးဖြစ်နိုင်သော နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများထဲတွင် ရန်ကုန်မြို့သည် ထိပ်ဆုံး၌ ရှိပြီး မန္တလေးမြို့နှင့် နေပြည်တော်တို့လည်း ပါဝင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း ပြည်တွင်းပြည်ပမှ ငလျင်ပညာရှင်များက အကြံပြုထားသည်။

ထိုသို့ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရနှင့် ကျွမ်းကျင်ပညာရှင် အဖွဲ့အစည်းများ ပူးပေါင်းပြီး ငလျင်ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပံ္ပအသင်း အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်ကပြောသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ် တစ်နှစ်လုံးတွင် ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၄ဝ ကျော်နှင့် ၂ဝ၁၇ ခုနှစ် တစ်နှစ်လုံးတွင် ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၇ဝ ကျော် ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင် ပထမလေးလ အတွင်းမှာပင် ငလျင်အကြိမ်ရေ ၈ဝ ခန့်အထိ လှုပ်ခတ်ခဲ့သောကြောင့် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ စိုးရိမ်စရာ ကောင်းသော အခြေအနေတွင် ရှိနေကြောင်း သိရသည်။

MWD

No comments:

Post a Comment