မြန်မာ့အလှ သဘာဝ ထန်းတောများ မပျောက်ကွယ်စေရေး
ဥပဒေဖြင့် ကာကွယ်ပေး
မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ထန်းတောပိုင်ရှင် တချို့၏ ထန်းပင်များ ခုတ်လှဲရောင်းချမှုများ တွေ့ကြုံနေရသည့်အတွက် ရေမြေသဘာဝနှင့် ကိုက်ညီပြီး အညာဒေသ၏ အလှအပပုံရိပ်ဖြစ်သော မြန်မာ့ထန်းတောများ ပျောက်ကွယ်မည်ကို တစ်နိုင်ငံလုံးရှိ ထန်းချစ်မြတ်နိုးသူများက စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ ထိုသို့ ခုတ်ယူရောင်းချမှုများသည် ကျောက်ပန်းတောင်းမြို့၌ အများဆုံးဖြစ်ပြီး ယခင်က ထန်းပင်ခုနစ်သိန်းခန့် ရှိခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ်၌ ထန်းပင် ငါးသောင်း ကျော် ခုတ် လှဲပြီးဖြစ်ကြောင်း တော်ဝင်ထန်း အဖွဲ့မှ ကိုမြတ်ကောင်းစံ ကပြောသည်။
''မနေ့တစ်နေ့ကအထိ ခုတ်နေသေးတယ်။ တချို့လည်း ငွေယူပြီး မခုတ်ရသေးဘူး'' ဟု ကိုမြတ်ကောင်းစံကပြောသည်။ ကျောက်ပန်းတောင်း၊ မလှိုင်၊ တောင်သာ၊ ရေစကြို၊ တောင်ငူနှင့် ထားဝယ်မြို့တို့၌ ထန်းတောအများအပြားတွေ့ရကာ နှစ်ရှည်ပင် အမျိုးအစားဖြစ်သည့် ထန်းပင်ကို အညာဒေသ၌ ပဒေသာပင် ဟုလည်း ခေါ်ဆိုကြသည်။ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း အညာဒေသ၌ စတင် ခုတ်ယူခဲ့သည့် ထန်းပင်များမှ ပရိဘောဂပစ္စည်းများ ထုတ်လုပ်လာခဲ့ရာ အရည်အသွေးကောင်းမွန် ကြောင်း သိလာသည့် စီးပွားရေး လုပ်ငန်းရှင်များက ထန်းပိုင်ရှင်များအား ဈေးနှိမ်၍ အပင်လိုက် ဝယ်ယူခဲ့ရာ တစ်ပင်လျှင် ငွေကျပ် ရှစ်ထောင်မှ ငွေကျပ်တစ်သောင်း ဝန်းကျင် အထိသာ ဈေးနှုန်းရရှိကြောင်း သိရသည်။
ထန်းပင်တစ်ပင်ဖြစ်ရန်မှာ နှစ်များစွာ စောင့်စားရသည့်အပြင် ထန်းပင်တစ်ပင်လုံးတွင် အသုံးမဝင်သော အရာမရှိသည့်အပြင် လှပသော သဘာဝ အဖိုးတန်ပင်ဖြစ်သောကြောင့် အလွယ်တကူ ခုတ်လှဲရန် မသင့်ကြောင်း ညောင်ဦးမြို့နယ် ရွှေလှိုင်းရွာမှ အသက် ၆ဝ အရွယ် ထန်းလုပ်သား ဦးမောင်ဆန်းကပြောသည်။ ထန်းပင်များကို တော်သလင်းလနှင့် သီတင်းကျွတ်လတို့တွင် စိုက်ပျိုးလေ့ရှိကြပြီး ဝါဆို၊ ဝါခေါင်လတွင် အသီးများ မှည့်လေ့ရှိကြောင်း၊ ထန်းပင်တစ်ပင်ဖြစ်ရန် ထန်းစေ့ကို စိုက်ပျိုးရပြီး အသက် ၁၈ နှစ် အရွယ်ခန့်တွင် ထန်းရည်ရရှိနိုင်ကာ ထန်းပင် တစ်ပင် သက်တမ်းမှာ နှစ် ၁ဝဝ ခန့်အထိ ရှိကြောင်း သိရသည်။ ထန်းပင်တွင် အဖိုပင်နှင့် အမပင်ရှိပြီး အဖိုပင်၏ ထန်းနို့ကို လှီးပါက ထန်းရည်ချို ထွက်ရှိပြီး အမပင်မှာမူ အသီးသီးကြောင်း၊ အမပင်၏ ထန်းသီးခိုင်ကို ညှပ်ဖြင့်ညှပ်ပြီး ထန်းရည် ထုတ် ယူနိုင်ကြောင်း သိရသည်။ ထန်းမပင်များသည် တန်ခူးလပြည့်ကျော်မှ တော်သလင်းလအထိ ထန်းရည်ထွက်ပြီး ထန်းဖိုပင်များသည် ပြာသိုလနောက်ပိုင်းမှ ကဆုန်လကုန်အထိ ထန်းရည် ရရှိနိုင်ကြောင်း သိရသည်။ တစ်ချိန်က ထန်းရည်ကောင်းကောင်း ရသည့်နေ့တွင် ထန်းတောတစ်တောနှင့် တစ်တော ထန်းရည်အိုးအား မှောက်ကာ အသံပြု အော်ခဲ့ကြသည့် အချိန်များကို ပြန်လည်သတိရမိကြောင်း ဦးမောင်ဆန်း ကပြောသည်။
''ထန်းတောတစ်တောနဲ့ တစ်တော ဝူး ဝူး ဆိုပြီး အသံပေး အော်ဟစ်ကြတာနဲ့ နောက်တစ်တောက ပြန်အော်နဲ့ ထန်းတောတစ်ခွင်လုံး အသံတွေ ညံသွားတာ။ ဒီလိုအသံ ကြားတာနဲ့ ရွာထဲကသိပြီ။ ဒီနေ့ ထန်းရည် အထွက်ကောင်းတယ် ဆိုတာ။ အဲဒီသဘာဝလေးက သိပ်ချစ်စရာကောင်းတာ။ ဟိုဘက်က ဂျောက်ဂျောက်နဲ့တက်၊ ဒီဘက်က ဂျောက်ဂျောက်နဲ့ တက်နဲ့ အခုတော့ ထန်းတက်သူ နည်းတော့ ခြောက်ကပ်သွားတာပေါ့'' ဟု ဦးမောင်ဆန်း ကပြောသည်။
ထို့ပြင် ထန်းပင်မှ ထန်းပင်ပေါက် (ထန်းပင်မြစ်)၊ ထန်းလုံး(ပင်စည်)၊ ထန်းရွက်၊ ထန်းလက်၊ ထန်းစစ်၊ ထန်းသီး၊ ထန်းနို့ (အဖိုပွင့်အခိုင်) စသည်ဖြင့် အသုံးချနိုင်ပြီး ထန်းရွက်ကို ဇာတာဖွဲ့ခြင်း၊ အိမ်မိုးခြင်း၊ ကာခြင်းများပြုလုပ်နိုင်ပြီး ထန်းလက်ကို ကုလားထိုင် လုပ်ခြင်း၊ ထန်းပင်စည်ကို အိမ်တိုင်၊ ထုပ်တန်း၊ ရက်မ၊ ကြမ်းခင်း၊ပန်းအိုး၊ ထိုင်ခုံနှင့် ထက်ခြမ်းခွဲပြီး ရေတံလျှောက်၊ နွားစားခွက်များအပြင် ထန်းသီးကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ခြင်းနှင့် မုန့်များတွင် ထည့်သွင်း အသုံးပြုကြကာ ထန်းလျက်ကို အိန္ဒိယ၊ မလေးရှားနိုင်ငံ နှင့် ထန်းသီးကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသည်။ ထိုကဲ့သို့ လူတို့၏ စားသုံးကုန် ပစ္စည်းများအဖြစ် များစွာ အသုံးဝင်သော်လည်း ပြီးခဲ့သည့်နှစ်နှစ်ခန့်က ထန်းလျက်ဈေးကွက် ကျဆင်းသည့်အပြင် ဝင်ငွေနည်းပါးကာ ထန်းပင်တက်ရသည်မှာ အန္တရာယ်များသည့် လုပ်ငန်းဖြစ်ခြင်း၊ ထိုင်း၊ မလေးရှား စသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်ကြခြင်း၊ ထန်းလုပ်ငန်း မဟုတ်သည့် တခြားလုပ်ငန်း၌ ပြောင်းလဲလုပ်ကိုင်ခြင်း၊ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းများ ရှိလာခဲ့သည့် အတွက် ထန်းတက်သူများ လျော့နည်းခဲ့ကာ လုပ်သား ရှားပါးခြင်းကြောင့် တောင်သူတချို့ ထန်းပင်များကို ရောင်းချကြခြင်း ဖြစ်ကြောင်း အနောက်အုံကျေးရွာမှ ဒေါ်မြဝင်းကပြောသည်။
''ထန်းပင်တွေ ဝယ်တဲ့သူရှိရင် ရောင်းချင်တာပေါ့။ ဒီမှာက ထန်းပင်တွေက စီးပွား သိပ်မဖြစ်ဘူး။ လူတွေက ရောင်းတာသာမြင်ကြတာ။ ထန်းပိုင်ရှင်တွေရဲ့ လက်ရှိဘဝ တွေကို အတွင်းကျကျ မသိကြဘူး'' ဟု ဒေါ်မြဝင်း ကပြောသည်။ ¤င်းပိုင် ထန်းတောမှာ လုပ်ကိုင်သူ မရှိသည့်အတွက် ငါးရက်တက် လေးရက် ထန်းတက်သမားယူ စနစ်ဖြင့် ထန်းအငှားချထားရပြီး တစ်နေ့လျှင် ငွေကျပ်ရှစ်ထောင် ခန့် ရှိကြောင်း သိရသည်။ ''ဒါပေမဲ့ အသက်နဲ့ရင်းပြီးတော့ လုပ်ရတာ ထန်းတက်သမားတွေ ထန်းပင်ပေါ် က ပြုတ်ကျဖူးတယ်။ တချို့ဆိုသေတဲ့အထိပါပဲ။ တချို့ကျတော့ ခြေတွေ၊ လက်တွေ ကျိုးတယ်'' ဟု ဒေါ်မြဝင်းက ထန်းသမားတို့၏ ဘဝကို ပြောပြသည်။
လတ်တလောတွင် ထန်းပင်ဝယ်ယူသူများ ပေးသော ဈေးနှုန်းမှာ နည်းပါးသည့် အတွက် တောင်သူများ နစ်နာသောကြောင့် မရောင်းချသင့်ကြောင်း၊ ထန်းသမားများ၏ ဘဝကို မြှင့်တင်ပေးနိုင်ရန် ထန်းတစ်ပင်မှ ရရှိနိုင်မည့် လက်မှုပစ္စည်းများ ပြုလုပ်ခြင်း သင်တန်းကို ကျောက်ပန်းတောင်းမြို့နယ်၌ မေ ၆ ရက်မှစ၍ ၁ဝ ရက်ကြာ သင်ကြားပေးမည့်အပြင် ထွက်ရှိလာသည့် ထုတ်ကုန်များကိုပြည်ပဈေးကွက်သို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်ရန်မျှော် မှန်းထားကြောင်း တော်ဝင်ထန်းအဖွဲ့မှ ကိုမြတ်ကောင်းစံကပြောသည်။ ''အဖွဲ့တစ်ခုနဲ့ချိတ်ထားတယ်။ ဂျာမနီ ဈေးကွက်နဲ့ပေါ့။ ဒါပေမဲ့ အတိအကျတော့ ပြောလို့မရသေးဘူး။ ရက်တိုသင်တန်းဖြစ်နေလို့ သင်တန်းက ထွက်လာတဲ့ အရည်အသွေး ကြည့်ရဦးမှာပါ'' ဟု ကိုမြတ်ကောင်းစံကပြောသည်။ ထို့ပြင် ထန်းစိုက်ပျိုးမှုများ ရှိသော ကမ္ဘောဒီးယားစသည့် အိမ်နီးချင်းနိုင်ငံများကဲ့သို့ အစိုးရအနေဖြင့်လည်း နည်းပညာများ ပေးရန် လိုအပ်သည်။
ထန်းရည်မှ သကြားနှင့် ထန်းကွတ်ကီး ထုတ်လုပ်နိုင်ရန် ထန်းလျက်ဈေးကွက်သစ်များ ရှာဖွေကာ ဈေးကွက်တွင်ကျယ်စေရန် ဆောင်ရွက်သင့်ပေသည်။ ''အစိုးရအနေနဲ့ ထန်းလျက်ဈေးကွက်ကို မဖြန့်ကြက်နိုင်ဘူးဆိုရင်တော့ ထန်းပင်ခုတ်ရောင်းတဲ့ အနေအထားက ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ ထန်းပင်က တစ်နှစ်ကို ကြက်မတစ်ဝပ်စာလောက်ပဲ မြင့်တာ။ နှစ် ၈ဝ ကနေ ၁ဝဝ ကြားရှိတဲ့ ထန်းသားက ကျွန်းသားလိုပဲ မာကျောမှု အဆင့်ကရှိတော့ တန်ဖိုးကြီးတယ်။ ဒါကို တောင်သူတွေ သိသင့်ပါတယ်'' ကိုမြတ်ကောင်းစံ ကပြောသည်။ နှစ် ၈ဝ မှ ၁ဝဝ အတွင်းရှိ ထန်းသား များမှာ အသား အလွန်ကောင်းသည့်အတွက် တောင်သူများအနေဖြင့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုကို မခံရစေရန် လိုအပ်ကြောင်း သိရသည်။
ထန်းပင်ခုတ်ယူမှုများ ရှိနေသော်လည်း လတ်တလောတွင် ထန်းပင်သည် သစ်တောဥပဒေ လက်အောက်တွင် မရှိသည့်အတွက် အရေးယူ၍ မရနိုင်ကြောင်း သိရသည်။ ''အဲဒီတော့ ကျောက်ပန်းတောင်း အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ထန်းပင်တွေကို ထိန်းသိမ်းနိုင်ဖို့ ဒေသန္တရ အမိန့်ထုတ်လို့ပဲဖြစ်ဖြစ်၊ သစ်တော ဥပဒေထုတ်လို့ပဲ ဖြစ်ဖြစ်၊ပို့ကုန်၊ သွင်းကုန် ဥပဒေအောက်မှာ ထည့်ရင်ပဲဖြစ်ဖြစ် အမြန်ဆုံး ဥပဒေတစ်ခု အကောင်အထည်ဖော် ရေးဆွဲပြီးတော့ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုပါတယ်'' ဟု ကိုမြတ်ကောင်းစံ ကပြောသည်။ ထန်းတောများ ပျောက်ကွယ်သွားပါက သဘာဝ ပတ်ဝန်းကျင်အား တစ်ဖက်တစ်လမ်းမှ ထိခိုက်စေနိုင်သည့်အပြင် ခုတ်လှဲပြီးသည့် ထန်းပင်များ နေရာတွင်လည်း အရိပ်ရစားသုံး သီးနှံပင်များ အစားထိုး စိုက်ပျိုးကြရန် အရေးတကြီး လိုအပ်လှပေသည်။
ထို့ပြင် ထန်းတောများ မပျောက်ကွယ်ရန်မှာ ထန်းတောင်သူများ ထန်းရည် အန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်ရန်နှင့် ထန်းတောင်သူဘဝ ရေရှည်ရပ်တည်နိုင်ရန် ထန်းပင်ခုတ်ခြင်းကို သက်ဆိုင် ရာမှ ဥပဒေများ ထုတ်၍ တားဆီးခြင်းနှင့် ထန်းပင်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းနည်းပညာများ ပေးခြင်း၊ ထန်းလျက်ဈေးကွက်သစ်များ ရရှိနိုင်ရန် ကြိုးပမ်းပေးခြင်းဖြင့် ပျောက်ကွယ် သွားနိုင်သည့် အညာဒေသနှင့် တစ်နိုင်ငံလုံးရှိ ထန်းတောအလှများကို ကာကွယ်ပေးသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
နေနှင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment