နေပြည်တော် မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်အတွင်း တည်ဆောက် ထားသည့် သဖန်းဆိပ်ရေလှောင်တမံနှင့် ရေသောက်စနစ်များသည် မြန်မာ နိုင်ငံ၏ တတိယစပါးကျီဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွက် မိုးစပါးဧက ငါးသိန်းကျော်၊ နွေစပါးနှင့် နွေသီးနှံဧက သုံးသိန်းကျော် နှစ်စဉ် စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး မူးမြစ်ဝှမ်းလွင်ပြင်ဒေသမှ တောင်သူများ၏ အဓိက အားထားရာ ဆည်တစ်ခုဖြစ်သည်။ သဖန်းဆိပ်ရေလှောင်တမံမှ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် နွေစပါးလျာထားဧက ၃ဝ၆၇၄၁ ဧကတွင် စိုက်ဧက ၃ဝ၄၄၇၄ ဧကနှင့် နွေသီးနှံလျာထားဧက ၇ဝ၃၇ဝ တွင် စိုက်ဧက ၇၇၇၂၈ ဧက စိုက်ပျိုး နိုင်ခဲ့၍ စုစုပေါင်း လျာထားဧက ၃၇၇၁၁၁ ဧကတွင် ၃၈၂၂ဝ၂ ဧက စိုက်ပျိုး နိုင်ခဲ့သဖြင့် လျာထားဧကထက် ၅ဝ၉၁ ဧကနှင့် ယခင်နှစ်စိုက်ဧကထက် ၁၉၉၃၆ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြတ်ထွန်းထံမှ သိရသည်။
ဆည်ရေရရှိမှုနှင့် နွေစပါးစိုက်ပျိုးမှု အခြေအနေတို့နှင့် ပတ်သက်၍ ရွှေဘိုမြို့နယ် ချီပါတောင်ရွာမှ တောင်သူကြီး ဦးဆန်းထွန်းက ''ဒီနှစ်သဖန်းဆိပ် ဆည်အတွင်း ရေပိုမိုသိုလှောင်နိုင်တယ်လို့ ကြားသိရတဲ့အတွက် နွေစပါးနဲ့ နွေသီးနှံနှစ်မျိုး စိုက်ပျိုးဖို့လျာထားခဲ့သော်လည်း တောင်သူများက နွေစပါးကို ပိုမိုစိုက်ပျိုးခဲ့ပါတယ်၊ အခုဆိုရင် နွေစပါးထွန်တုံးပိတ်ပါပြီ၊ ကျွန်တော်တို့ဒေသမှာ မိုးဦးနောက်ကျတတ်တယ်၊ ဒါကြောင့် မိုးစပါးပျိုးထောင်ဖို့ကို ဆည်ရေကိုပဲ အဓိကအားထားရတယ်၊ ဒီနှစ်မှာ နွေစပါးကိုလည်း အောင်မြင်တဲ့အထိ ဆည်ရေအခက်အခဲမရှိ ပြည့်စုံလုံလောက်စွာပေးဝေနိုင်တဲ့အပြင် မိုးစပါး ပျိုးထောင်ရေအတွက်ပါ ဆည်ရေလုံလောက်စွာ ပေးဝေနိုင်တယ်လို့ ကြားသိရ တဲ့အတွက် တောင်သူတွေ ဝမ်းသာနေကြပါတယ်၊ ယခင် သဖန်းဆိပ်ဆည် မတည်ဆောက်ခင် ကာဘိုးရေလွှဲဆည်က မိုးစပါး တစ်သီးကိုသာ စိုက်ပျိုးနိုင်ခဲ့ သော်လည်း သဖန်းဆိပ်ဆည် တည်ဆောက်ပြီးချိန်မှစလို့ မိုးစပါးရော နွေစပါးပါ နှစ်သီးစိုက်ပျိုးလာနိုင်ခဲ့တယ်''ဟု ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဒေသရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းမြို့နယ်များတွင် သဖန်းဆိပ်ဆည် ရေဖြင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် နွေစပါးနှင့် နွေသီးနှံ ၃၈၂၂ဝ၂ ဧက စိုက်ပျိုးနိုင်ခဲ့ သဖြင့် ရွှေဘိုခရိုင်လွင်ပြင်ဒေသအား နွေခေါင်ခေါင်တွင် မိုးရာသီနှင့်မခြား နွေစပါးစိုက်ခင်းများဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်။
ထိုကဲ့သို့ဆောင်ရွက်နိုင်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရေပေးဝေခြင်း၊ ရေဘေးကာကွယ်ခြင်းနှင့် လယ်ယာမြေများ ဆားငန်ရေဝင်ရောက်မှုကာကွယ်ခြင်း အစရှိသည့် ရေစီမံခန့်ခွဲခြင်းများကို ဆောင်ရွက်ပေးနိုင်ရန် ရေလှောင်တမံနှင့် ရေသောက်စနစ်များ တည်ဆောက် ခြင်း၊ ရေနုတ်မြောင်း၊ ရေထိန်းတံခါးနှင့် တာဖို့ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ ရေရှည်တည်တံ့ စေရန်အတွက် ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)၊ ဓာတ်ပုံ - အောင်မိုး(ကြေးမှုံ)
No comments:
Post a Comment