လာမည့်လတွင်တွေ့ဆုံမည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ထိပ်သီး ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည် ဖြစ်သည်။ စင်ကာပူနိုင်ငံသည် ဘက်မလိုက်ဘဲ လုံခြုံမှုရှိသည့် နိုင်ငံဖြစ်သောကြောင့် ယခုကဲ့သို့ ရွေးချယ်ရခြင်းဖြစ်ကြောင်း အိမ်ဖြူတော် လက်ထောက် ပြန်ကြားရေး အရာရှိ ရက်ရှာက မေ ၁ဝ ရက်တွင် သတင်းထောက်များအား ပြောသည်။
စင်ကာပူနိုင်ငံသည် အမေရိကန်အပြင် မြောက်ကိုရီးယား နိုင်ငံနှင့်လည်း ဆက်ဆံမှုရှိသည့် နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့၏ လုံခြုံရေးကိုလည်း စိတ်ချရစေမည် ဖြစ်ကြောင်းနှင့် ဘက်မလိုက်ဘဲ ရပ်တည်မည့် နိုင်ငံဖြစ်ကြောင်း ရက်ရှာက အဲဖို့စဝမ်း လေယာဉ်ပေါ်မှနေ၍ သတင်းထောက်များအား ပြောခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံသားများသည် အတိတ်တွင် သာမက ယခုအချိန်အထိ ယဉ်ကျေးပျူငှာမှု ရှိကြောင်းနှင့် လွန်ခဲ့သော နှစ်အနည်းငယ်က တရုတ်နှင့် တရုတ်(တိုင်ပေ)ခေါင်းဆောင် တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုကိုလည်း စင်ကာပူနိုင်ငံ၌ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရက်ရှာ ကပြောသည်။ ၂ဝ၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတ ရှိကျင့်ဖျင်နှင့် တရုတ်(တိုင်ပေ) သမ္မတဟောင်း မာရင်ကျိုးတို့က စင်ကာပူနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယခုအခါ ဇွန် ၁၂ရက် တွင် ပြုလုပ်မည့် အမေရိကန်-မြောက်ကိုရီးယား တစ်ရက်ကြာ သမိုင်းဝင် ထိပ်သီး ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံကပင် လက်ခံကျင်းပမည် ဖြစ်သည်။
အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် နေရာအတွက် စင်ကာပူနိုင်ငံကို ရွေးချယ်ခြင်းသည် အကောင်းမွန်ဆုံးသော ညီမျှမှုနှင့် မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း ဘောင်ဝါဂရု အာရှ အကြံပေးအဖွဲ့ အမှုဆောင် အရာရှိချုပ် အာနီဘောင်ဝါက ပြောသည်။
ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယင်းထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် ဇွန် ၁၂ ရက် တွင် စင်ကာပူနိုင်ငံသို့ အလည်အပတ် လာကာ ထရမ့်၊ ကင်ဂျုံအွန်တို့နှင့် တွေ့ဆုံဖွယ်ရှိသည် ဟု အမေရိကန် သံတမန် သတင်း အရင်းအမြစ်များ၏ ပြောဆိုချက်ကို ကိုးကား၍ ဂျပန်သတင်း စာတစ်စောင် ဖြစ်သည့် Mainichi Shimbun သတင်းစာက မေ ၁၁ ရက်တွင် ဖော်ပြထားကြောင်း သိရသည်။
MWD
No comments:
Post a Comment