Latest News

Saturday, May 26, 2018

ယခုနှစ် ဆားထွက်ရှိမှုမှာ ရာနှုန်းပြည့် မဟုတ်သော်လည်း ဈေးကောင်းရ၍ ဆားလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ

ယခုနှစ် ဆားထွက်ရှိမှုမှာ ရာနှုန်းပြည့် မဟုတ်သော်လည်း
ဈေးကောင်းရ၍ ဆားလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ

ပုသိမ် မေ ၂၅

ဧရာဝတီတိုင်း ဒေသကြီး၌ ယခုနှစ် ဆားထွက်ရှိချိန်တွင် ရာသီဥတုမ ကောင်းသည့်အတွက် ရာနှုန်းပြည့် မထွက်သော်လည်း ယခုနှစ်ထွက် ရှိသည့်ဆားမှာ ပြည်တွင်း စားသုံးမှု ဖူလုံသည့်အပြင် ဈေးကောင်း ရရှိသောကြောင့်
ဆားလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေမှုရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဆားလုပ်ငန်းရှင်များ အသင်း၏ နာယက ဦးထွန်းထွန်းထံမှ သိရသည်။ ထို့ပြင် ယခုနှစ် ဆားထွက်ရာသီတွင် တစ်နိုင်ငံလုံးရှိ ဆားထွက်နှုန်း၏ ၇၅ ရာခိုင်နှုန်း ထွက်ရှိသဖြင့် ပြည်တွင်း၌ လုံလောက်ကြောင်းနှင့် ယခုနှစ် ထွက်ရှိမှုသည် ယမန်နှစ်ကထက် အနည်းငယ် ပိုများခဲ့ပြီး ဈေးနှုန်းမှာလည်း ဆားကြမ်း တစ်ပိဿာလျှင် ပုသိမ်ဆားစက် အရောက် ၁၅၅ ကျပ်ဖြစ်ကာ ဆားချောမှာ တစ်ပိဿာလျှင် ငွေကျပ် ၂၁ဝ ခန့် ရှိသည့်အတွက် ဆားလုပ်ငန်းရှင်များ အဆင်ပြေမှုရှိကြောင်း သိရသည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဆားလုပ်ငန်းများ မကောင်းမွန် တော့သည့်အပြင် ဈေးနှုန်းများလည်း ကျဆင်းလာခဲ့ရာ ဆားလုပ်ငန်း လုပ်ကိုင်သူဦးရေ နည်းပါးလာပြီး ယခုနှစ်ပိုင်းအတွင်း ဆားဈေးနှုန်း အနည်းငယ် မြင့်တက် လာသဖြင့် ပြန်လည်လုပ်ကိုင် လာကြကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ် ဆားလုပ်ငန်း ပိတ်သိမ်းချိန်တွင် ဆားကြမ်း ပိဿာချိန် ၁ဝဝ လျှင် ငွေကျပ် ၉ဝဝဝ နှင့် ဆားချော ပိဿာချိန် ၁ဝဝ လျှင် ငွေကျပ် ၁၅ဝဝဝ သာ ပေါက်ဈေး ရှိကြောင်း၊ ယခုနှစ်ဆားလုပ်ငန်း ပြီးစီးချိန်တွင် ဆားချော ပိဿာချိန် ၁ဝဝ လျှင် ငွေကျပ် ၂၁ဝဝဝ နှင့် ဆားကြမ်း ပိဿာချိန် ၁ဝဝ လျှင် ငွေကျပ် ၁၅ဝဝဝ အထိ ပေါက်ဈေး ရှိကြောင်း သိရသည်။ ဆားလုပ်ငန်းကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စတင်လုပ်ကိုင်လေ့ရှိပြီး ဖေဖော်ဝါရီလတွင် ထွက်ရှိကာ မိုးစတင် ရွာသွန်းချိန်၌ ဆားလုပ်ငန်းများ ပိတ်သိမ်း လေ့ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၊ ငပုတောမြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့၌ နေလှန်း ဆား အများအပြား ထုတ်လုပ်ပြီး ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ ဝါးခယ်မနှင့် ဒေးဒရဲမြို့နယ် တို့၌ ဆားများကို စက်ဖြင့် ကြိတ်ခွဲကာ ဆားချောထုတ်လုပ် ရောင်းချ လျက်ရှိကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့၌လည်း ဆားလုပ်ငန်းများ လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment