တိုက်စစ်မှူး စီရိုနယ်လ်ဒိုက လီဗာပူးတိုက်စစ်မှူး ဆာလာနှင့် သူ့ကို နှိုင်းယှဉ်နေမှုများကို ပယ်ချသွားခဲ့ပြီး ¤င်းမှာ မည်သူနှင့်မျှ မတူသည့်ကစားသမားဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ စီရိုနယ်လ်ဒိုမှာ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၄၃ ဂိုး သွင်းယူထားပြီး ဆာလာက ၄၄ ဂိုး သွင်းယူထားရာ ရီးယဲလ်မက်ဒရစ်နှင့် လီဗာပူးအသင်းတို့ ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ပွဲစဉ်ကို စီရိုနယ်လ်ဒိုနှင့် ဆာလာတို့ အားပြိုင်သောပြိုင်ပွဲအဖြစ် သုံးသပ်နေကြရာ စီရိုနယ်လ်ဒို က အထက်ပါအတိုင်း တုံ့ပြန်သွားခဲ့ခြင်းဖြစ်သည်။
သို့သော် ဘရာဇီးတိုက်စစ်မှူးဟောင်း စီရိုနယ်လ်ဒိုက ဆာလာမှာ မက်ဆီနှင့် ကစားပုံ ဆင်တူသည့် ကစားသမားဖြစ်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောကြားခဲ့သည်။ ရီးယဲလ် နည်းပြ ဇီဒန်းက စီရိုနယ်လ်ဒိုနှင့် ဆာလာ ဘယ်ကစားသမား ပိုကောင်းသလဲဆိုသည့် မေးခွန်းကို မေးမြန်းခံရချိန်တွင် စီရိုနယ်လ်ဒိုကို ဆာလာနှင့်မျှမဟုတ် ဘယ်ကစားသမားနှင့် မျှမလဲနိုင်ကြောင်း တုံ့ပြန်ခဲ့ပြီးဖြစ်သလို လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကလည်း ဆာလာ အနေဖြင့် စီရိုနယ်လ်ဒိုကို လိုက်မီရန် ယခုရရှိနေသော ခြေစွမ်းမျိုး ၁၅ နှစ်လောက် ထိန်းထား ပြရန် လိုအပ်ကြောင်း ဆိုခဲ့သည်။
စီရိုနယ်လ်ဒိုက ''သူက ကြီးမားတဲ့ စွမ်းဆောင်ရည်တွေနဲ့ မယုံနိုင်လောက်စရာကောင်း တဲ့ ကစားသမားပါ၊ ကျွန်တော် မကြာသေးခင်ကပဲ သူ့အကြောင်း ဖတ်မိပြီး သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် သဘောကျနှစ်ခြိုက်မိပါတယ်''ဟု ပြောကြားသွားခဲ့သည်။ ထို့ပြင် စီရိုနယ်လ်ဒိုက သူမှာ ဘယ်ကစားသမားနှင့်မျှ မတူကြောင်းဆိုခဲ့ပြီး ဆာလာက ဘယ်ဖြင့် ကစားပြီး သူက ညာဖြင့် ကစားသည့် ကစားသမားဖြစ်သလို မိမိက အရပ်ရှည်ပြီး ဆာလာက အနည်းငယ်ပုကြောင်း ဆိုသွားခဲ့သည်။
ထို့ပြင် စီရိုနယ်လ်ဒိုက သူ၏ ရီးယဲလ်အသင်းသာ လီဗာပူးကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက် ကိုင်မြှောက်နိုင်ဦးမည်ဖြစ်သလို မိနစ် ၉ဝ အတွင်း အဖြေပေါ်ပြီး ဂိုးများမည့် ပွဲစဉ်ဖြစ်ကြောင်း ခန့်မှန်းပေးသွားခဲ့သည်။
Mirror
No comments:
Post a Comment