Latest News

Monday, May 14, 2018

မြို့ပတ်ရထား စီးနင်းသူဦးရေ နည်းပါးနေသော်လည်း အဆင့်မြှင့်တင်​မှုများပြီးစီးပါက ပိုမို များပြားလာနိုင်

မြို့ပတ်ရထား စီးနင်းသူဦးရေ နည်းပါးနေသော်လည်း အဆင့်မြှင့်တင်​မှုများပြီးစီးပါက ပိုမို  များပြားလာနိုင်

ရန်ကုန်    မေ    ၁၃

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား စီးနင်းသူဦးရေ နည်းပါးနေသေးသော်လည်း မြို့ပတ် လမ်းပိုင်းများ အဆင့်မြှင့်တင်မှု ပြီးစီးပါက စီးနင်းသူ ပိုမိုများပြားလာနိုင်ကြောင်း  မြန်မာ့မီးရထားလုပ်ငန်း  အောက်မြန်မာပြည် သွားလာရေး တိုင်း (၇)မန်နေဂျာ  ဦးဇော်လွင်ထံမှ သိရသည်။

လက်ရှိတွင် မြို့ပတ်ရထားလမ်းပိုင်းများကို   အဆင့်မြှင့်တင်မှုများ ဆောင်ရွက် နေသည့်အတွက်   တချို့လမ်းပိုင်းများတွင် ခေါက်ရေလျှော့ချထားသည်။ ယင်းတို့အနက် အဓိက လမ်းပိုင်းများဖြစ်သည့်  အရှေ့ပိုင်း တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် စသည့် လမ်းကြောင်းလည်း လျှော့ချထားခြင်းကြောင့် စီးနင်းသူလျော့ကျနေခြင်း ဖြစ်သည်။

ယခင်က ရန်ကုန်မြို့ပတ် ရထားစီးနင်းသူဦးရေ တစ်ရက်လျှင် ကိုးသောင်း ခန့်ရှိသော်လည်း ယခုအခါ စီးနင်းသူဦးရေ ရှစ်သောင်းခန့်သာ ရှိတော့ကြောင်း၊ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင် နေရခြင်းသည်  ရထားခုတ်မောင်းချိန်ကို လျှော့ချနိုင်ရန်ဖြစ်ပြီး  တွဲဆိုင်းသစ်များဖြင့် အစားထိုး ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

''မြို့ပတ်ရထားလမ်းပိုင်းတွေ အဆင့်မြှင့်တင်နေဆဲ ကာလဖြစ်လို့ လမ်းပိုင်းတချို့ကို လျှော့ချထားပါတယ်။ စီးနင်းမှု များပြားတဲ့ လမ်းပိုင်းတွေမှာ ပြင်ဆင်မှုတွေ လုပ်နေတယ်။ ဒီကာလထဲမှာ ပြေးဆွဲနိုင်မှု နည်းတော့ စီးနင်းသူဦးရေ လျော့ကျတာပါ။ ပုံမှန်ပြန်ပြေးဆွဲပေးရင်   စီးနင်းသူ တိုးတက်လာမှာပါ'' ဟု  ဦးဇော်လွင် ကပြောသည်။

ရန်ကုန်မြို့ပတ်   ရထားလမ်းပိုင်းတွင် တွဲဆိုင်း ၂၅ ဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိပြီး တစ်နေ့လျှင် အခေါက်ရေ ၂၂ဝ ပြေးဆွဲပေးနေကြောင်း၊  မြို့ပတ်ရထားဘူတာများ အနေဖြင့် ဘူတာပေါင်း  ၃၈  ခုအထိရှိပြီး ရထားစီးနင်းခ အနေဖြင့် ၁၅ မိုင်အတွင်းဖြစ်ပါက  ငွေကျပ် ၁ဝဝ၊  ၁၅  မိုင်အထက်ကို ငွေကျပ် ၂ဝဝ သတ်မှတ်ထားသည်။

လက်ရှိကာလသည် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေခြင်းကြောင့် ရထားပြေးဆွဲမှု အချိန်ကို ပြောင်းလဲ ပြေးဆွဲပေးနေပြီး ခရီးသွားပြည်သူများ  အဆင်ပြေမှုရှိစေရန်  ဆောင်ရွက် ပေးထားကြောင်း သိရသည်။

MWD

No comments:

Post a Comment