Latest News

Friday, May 18, 2018

မလေးရှား ရဲတပ်ဖွဲ့က နာဂျစ်ရာဇက်၏ နေအိမ်ကို ဝင်ရောက်စီးနင်းမှု အကြောင်းမဲ့ အနှောင့်အယှက် ပေးခြင်းဟုဆို

မလေးရှား ရဲတပ်ဖွဲ့က နာဂျစ်ရာဇက်၏ နေအိမ်ကို ဝင်ရောက်စီးနင်းမှု အကြောင်းမဲ့ အနှောင့်အယှက် ပေးခြင်းဟုဆို

ကွာလာလမ်ပူ မေ ၁၇

မလေးရှားရဲတပ်ဖွဲ့က ကွာလာလမ်ပူမြို့ တာမန်ဒူတာနယ်မြေရှိ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ နေအိမ်ကို ဝင်ရောက်စီးနင်းခြင်းသည် အကြောင်းမဲ့ အနှောင့်အယှက်ပေးခြင်း သာဖြစ်ကြောင်း နာဂျစ်ရာဇက်၏ ရှေ့နေကပြောသည်။

ရဲတပ်ဖွဲ့သည် မေ ၁၆ ရက်ညပိုင်းမှစ၍ နာဂျစ်ရာဇက်၏ နေအိမ်ကို ဝင်ရောက်စီးနင်းခြင်း ဖြစ်ပြီး မေ ၁၇ ရက်ညနေပိုင်းမှသာ ပြီးဆုံးကာ မည်သူ့ကိုမျှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမျိုး မရှိပေ။

ရဲကားများနှင့် ထရပ်ကားတစ်စီးသည် နာဂျစ်ရာဇက်၏ နေအိမ်ရှေ့သို့ မေ ၁၆ ရက်ည ၁ဝ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ဘလက်မာရီယာ အမည်ရှိ အဆိုပါ ထရပ်ကားသည် များသောအားဖြင့် ဖမ်းဆီးခံရသူများကိုသာ ခေါ်ဆောင်ရာတွင် အသုံးပြုခြင်း ဖြစ်သော်လည်း ယခုအခါ သိမ်းဆည်းခံရသည့် အရာများကို သယ်ဆောင်သွားသည်။

ထိုသိမ်းဆည်းခံရသော အရာများတွင် လက်ကိုင်အိတ်များနှင့် အဝတ်အစားများလည်း ပါဝင်သည်။ ရဲတပ်ဖွဲ့ဝင်များသည် နောက်ဆုံး သေတ္တာတစ်လုံးကို ထုပ်ပိုးပြီးသည့် နံနက် ၅ နာရီတွင် ပြန်လည်ထွက်ခွာ လာသည်ဟု ပြောသော်လည်း ရဲတပ်ဖွဲ့ဝင် အများစုမှာ အကြောင်းပြချက် အမျိုးမျိုးဖြင့် နေခဲ့ကြောင်း နာဂျစ်ရာဇက်၏ ရှေ့နေ ဟာပယ်ဆင်းဂရီဝယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နံနက် ၈ နာရီခွဲတွင်မူ သော့ကို နေရာအထား မှားမှုကြောင့် ပိတ်ထားရသည်မှာ နှစ် နှစ်ဆယ်ခန့် ရှိနေပြီဖြစ်သည့် မီးခံသေတ္တာ တစ်လုံးကို ရဲတပ်ဖွဲ့ဝင်များက လွန်ဖြင့်စတင် ဖောက်သည်။ ထိုသို့လွန်ဖြင့် ဖောက်မှုသည် ညနေ ၅ နာရီမှသာ ပြီးဆုံးသောကြောင့် နေအိမ်အတွင်း၌ အလွန်ဆူညံနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အနှောင့်အယှက် ပေးခြင်းသည် နာရီပေါင်း ၁၈ နာရီနီးပါး ကြာမြင့်ပြီး ရှာဖွေသိမ်းဆည်းမှုများမှ အဓိပ္ပာယ်ရှိသည့် ရလဒ်ထွက်ပေါ်လာခြင်း မရှိဘဲ သိမ်းဆည်းခံရသည့် အရာများမှာလည်း အရေးမပါသည့် အရာများသာ ဖြစ်သည်ဟု ရှေ့နေက ၎င်း၏ထုတ်ပြန်ချက်တွင် နိဂုံးချုပ် ဖော်ပြထားသည်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကမူ ရဲတပ်ဖွဲ့က မေ ၁၆ ရက်ညတွင် ပြုလုပ်သော နာဂျစ်ရာဇက်၏ နေအိမ်သို့ စီးနင်းမှု အစီအစဉ်များကို ၎င်းအနေဖြင့် သိရှိမှု မရှိကြောင်း မေ ၁၇ ရက်မွန်းလွဲပိုင်းတွင် ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်စီးနင်း ရှာဖွေမှုများသည် တာမန်ဒူတာရှိ နာဂျစ်ရာဇက်၏ နေအိမ်သာမကဘဲ ဝန်ကြီးချုပ်ရုံးနှင့် ဂေဟာတစ်ခုအပြင် ၎င်း၏မိသားစု ပိုင်ဆိုင်သည့် တိုက်ခန်းနှစ်ခန်းတွင်ပါ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့သည် သတင်းအချက်အလက်များ စုဆောင်းနေရသည့် အခြေအနေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သည့် အမာဆင်းက Reuters သတင်းဌာနသို့ပြောသည်။

ထို့ပြင် နာဂျစ်ရာဇက်သည် လက်ရှိအချိန်တွင် နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကာ ဆက်ဆံခံနေရကြောင်းနှင့် တရားစွဲဆိုမှု မရှိသေးကြောင်း အမ်နိုနိုင်ငံရေး ပါတီမှ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် အဗ္ဗဒူရာဟင်က The Star သတင်းဌာနသို့ပြောသည်။ နာဂျစ်ရာဇက်သည် နိုင်ငံပိုင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည့် 1MDBမှ လာဘ်စားထားသည် ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသည်။

MWD

No comments:

Post a Comment