Latest News

Sunday, May 6, 2018

အိန္ဒိယမှ မတ်ပဲနှင့် ပဲတီစိမ်းများ ပြန်လည်ဝယ်ယူမည့် သတင်းကြောင့်မန္တလေးပဲဈေးကွက် လှုပ်ခတ်လာ

အိန္ဒိယမှ မတ်ပဲနှင့် ပဲတီစိမ်းများ ပြန်လည်ဝယ်ယူမည့်
သတင်းကြောင့်မန္တလေးပဲဈေးကွက် လှုပ်ခတ်လာ

မန္တလေး   မေ   ၅

အိန္ဒိယနိုင်ငံမှ အဝယ်ရပ်ဆိုင်းထား သည့် မတ်ပဲနှင့်  ပဲတီစိမ်းများကို ပြန်လည်ဝယ်ယူမည့် သတင်းကြောင့် မန္တလေးပဲဈေးကွက်   လှုပ်ခတ်ကာ ဈေးနှုန်းများ ခုန်တက်လာကြောင်း သိရသည်။

မြန်မာ့ထွက်ကုန် မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံများကို အိန္ဒိယနိုင်ငံက ၂ဝ၁၇ ခုနှစ် မတ်လမှစ၍ အဝယ်ရပ် ဆိုင်းထားခဲ့သဖြင့် အနိမ့်ဆုံးဈေးသို့ရောက်ရှိနေရာမှ ၂ဝ၁၈ ခုနှစ် မေ ၄ ရက်တွင် ပဲစင်းငုံမှအပ  ကျန်ပဲများကို ပြန်လည်ဝယ်ယူမည်ဆိုသည့် သတင်းကြောင့် မေ ၅ ရက်တွင် ဈေးနှုန်းများ ရုတ်တရက် ခုန်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)ကပြောသည်။

''မတ်ပဲနှင့် ပဲတီစိမ်းကို အိန္ဒိယနိုင်ငံကပြန်ဝယ်ဖို့ ခွင့်ပြုလိုက်ပြီ ဆိုတဲ့ သတင်းကတော့ ပဲလောကကို လှုပ်ခတ်စေတဲ့ မင်္ဂလာသတင်းပါပဲ၊ ရောင်းသူ ဝယ်သူနဲ့တောင်သူတွေပါ လှုပ်လှုပ်ရှားရှားနဲ့ပြန်ပြီးအသက်ဝင် ပျော်ရွှင်နေကြ တယ်၊ သတင်းကြားပြီး နာရီပိုင်းမှာပဲ ဈေးနှုန်းတွေခုန်တက်လာတယ်''ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မေလဆန်းမှစ၍ ရေသွင်းစိုက်ပျိုးထားသည့် မိုးကြို ပဲတီစိမ်းများ စတင်ထွက်ရှိသည့် ရာသီချိန်ဖြစ်ပြီး ပေါ်ခါစမှာပင် တရုတ် ဝယ်လက်များက သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁ဝ၈ဝဝဝ နှုန်းဖြင့် ဝယ်ယူနေရာမှ အဆိုပါသတင်းကြောင့် မေ  ၅ ရက်တွင် ငွေကျပ် ၁၁၂ဝဝဝ နှုန်းအထိ ခုန်တက်သွားသည့်အပြင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၆ဝဝဝ နှုန်းသာရှိခဲ့သော မတ်ပဲမှာလည်း ငွေကျပ် ၄၅ဝဝဝ နှုန်းအထိ ဈေးခေါ်ရောင်းချနေကြောင်း သိရသည်။

ယမန်နှစ်က ပဲတီစိမ်းဈေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၆၅ဝဝဝ နှုန်းအထိ ကျဆင်းသွားခြင်းကြောင့် စိုက်ပျိုးစရိတ်မြင့်မားသည့် ပဲတီစိမ်းအစား အထွက်တိုးပြောင်းကို အစားထိုးစိုက်ပျိုးခဲ့ကြသဖြင့် ယခုနှစ်တွင် ပဲတီစိမ်းစိုက်ဧက လျော့နည်းသွားကြောင်း သိရသည်။

''ပဲတီစိမ်းစိုက်ဖို့ဆိုတာက မျိုးလဲဈေးကြီးတယ်၊ ဓာတ်မြေသြဇာလည်း သုံးရတယ်၊ အပင်ဖြစ်လာရင်လည်း ပိုးမကျအောင် ကာကွယ်ဆေးဖျန်းရ တာဆိုတော့ စိုက်ပျိုးစရိတ်ကြီးတယ်၊ ထွက်လာတော့လည်း ဈေးကကျနေတော့ စိုက်ပျိုးစရိတ်သက်သာတဲ့ အခြားသီးနှံကိုပြောင်းပြီး စိုက်ပျိုးကြတဲ့အတွက် ဒီနှစ်မှာ ပဲတီစိမ်းအထွက်နှုန်းကျသွားတယ်''ဟု ဦးစိုးဝင်းမြင့်က ပြောသည်။

ပဲတီစိမ်းကို တောင်ပေါ်ဒေသများမှအပ ကျန်ဒေသများတွင် ရေရရှိမှု အပေါ်မူတည်၍ တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးနိုင်ပြီး ယခုထွက်ရှိသည့် အညာ ရွှေဝါ ပဲတီစိမ်းများမှာ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အစောဆုံးထွက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment