Latest News

Monday, May 21, 2018

ရန်ကုန် ငြိမ်းချမ်းရေးရောင်စုံ နောက်ဖေးလမ်းကြားဥယျာဉ်သစ် ဖွင့်လှစ်

ရန်ကုန် ငြိမ်းချမ်းရေးရောင်စုံ နောက်ဖေးလမ်းကြားဥယျာဉ်သစ် ဖွင့်လှစ်

ရန်ကုန်     မေ     ၂ဝ

ရန်ကုန် ငြိမ်းချမ်းရေးရောင်စုံ နောက်ဖေးလမ်းကြားဥယျာဉ်အမည်ရှိ နောက်ဖေးလမ်းကြားဥယျာဉ်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် ၂၉ လမ်းနှင့်ရွှေဘုံသာလမ်းကြား (အထက်ဘလောက်)ရှိ နောက်ဖေးလမ်းကြား၌ကျင်းပရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်တာဝန်ရှိသူများ  တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။                                                                                                    

အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အမှာစကား ပြောကြားရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဒို့အိမ်အဖွဲ့ တို့ပူးပေါင်းပြီး ယခုရှိပြီးသားနေရာများအား နောက်ဖေးလမ်းကြားဥယျာဉ်အဖြစ် အသစ်ပြန်လည်ဖော်ထုတ်ခြင်းမှာ အလွန်ကောင်းသည့် လုပ်ငန်းတစ်ခုဖြစ် ကြောင်း၊ ယခုလက်ရှိ ပြည်သူများမှာ အပန်းဖြေချင်သည့်အခါ ပန်းခြံများသို့သာ သွားရောက်ပြီး အပန်းဖြေနေရကြောင်း၊ ယခုလို ရပ်ကွက်ထဲရှိ ပျက်စီးနေသည့်  နောက်ဖေးလမ်းကြားနေရာများကို ကောင်းမွန်အောင်ဖန်တီးပြီး ပန်းဥယျာဉ် အဖြစ်ဖန်တီးပေးသည့်အတွက်  ပြည်သူများ၏ နေထိုင်မှုနေရာ အသစ်များ ကျယ်ဝန်းလာကာ အကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း။

ယခင်က  နောက်ဖေးလမ်းကြားကို ညစ်ပတ်သည့်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း    ယခုဆိုလျှင် နောက်ဖေးလမ်းကြားများတွင် အပန်းဖြေခြင်း၊ ကလေးများဆော့ကစားခြင်း စသည်တို့ကို လုပ်ကိုင်နိုင်သည့် အတွက် အင်မတန်မှအကျိုးရှိသည့်  လုပ်ငန်းကြီးဖြစ်ကြောင်း၊  ဒို့အိမ်နှင့် ပူးပေါင်းပြီး ဆောင်ရွက်သည့်လုပ်ငန်းများကိုလည်း ယခုထက်ကျယ်ပြန့်အောင်၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်  ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရှိပြီးသား   နောက်ဖေးလမ်းကြားနေရာများ   မပျက်စီးစေရန်၊   အမြဲတမ်း ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ပန်းခြံရှိသော်ငြား ပန်းခြံလိုနေရာမျိုး နောက်ဖေး လမ်းကြားတွင် ဖော်ထုတ်နိုင်ခြင်းကြောင့်  ပြည်သူများအတွက်  အင်မတန်မှ အကျိုးရှိပြီး  ရန်ကုန်မြို့ပြကြီးကို  နေချင်စဖွယ်မြို့ကြီးဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဦးနေဖူးဗဆွေက အမှာစကားပြောကြားခြင်း၊ အီးယူနှင့် နိုင်ငံခြားသံရုံးမှတာဝန်ရှိသူများက အမှာစကားပြောကြားခြင်း၊ ဒို့အိမ်အဖွဲ့မှMyrte Mijndess က ပူးပေါင်း ဆောင်ရွက်မှုအကြောင်း ပြောကြားခြင်း၊ ငြိမ်းချမ်းရေးရောင်စုံလမ်းကြား ဖြစ်မြောက်ရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပူးပေါင်းဆောင်ရွက်မှု အကြောင်း  ပြောကြားခြင်း၊  တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ကျေးဇူးတင်စကားပြောကြားခြင်းတို့ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးရောင်စုံ နောက်ဖေးလမ်းကြားဥယျာဉ်အား တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြသည်။

ယခုဖွင့်လှစ်သော ငြိမ်းချမ်းရေးရောင်စုံ နောက်ဖေးလမ်းကြားဥယျာဉ်သည် ပန်းဘဲတန်းမြို့နယ်တွင် ဒုတိယမြောက်ဖွင့်လှစ်သော ဥယျာဉ်သစ်ဖြစ်ကာ ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂ ရက်က ပန်းဘဲတန်းမြို့နယ် (၃၁)လမ်းနှင့် (၃၂)လမ်းကြား (အလယ်ဘလောက်)၌ ပထမဆုံး နောက်ဖေးလမ်းကြားဥယျာဉ်ကို  ဖွင့်လှစ် ခဲ့ပြီး    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်    ဒို့အိမ်အဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်မြို့၌ဖွင့်လှစ်သော နောက်ဖေးလမ်းကြား ဥယျာဉ်ငါးခု ရှိပြီဖြစ်ကြောင်း သိရသည်။

အေးမင်းသူ

No comments:

Post a Comment