Latest News

Tuesday, May 22, 2018

နည်းပြ အာတီတာက အာဆင်နယ်ရဲ့ အရုဏ်ဦး ဖြစ်လာ နိုင်ပါ့မလား

နည်းပြ အာတီတာက အာဆင်နယ်ရဲ့ အရုဏ်ဦး ဖြစ်လာ နိုင်ပါ့မလား

အာဆင်နယ်နည်းပြ ဖြစ်လာရန် သေချာသလောက် ရှိနေသည့် မိုက်ကယ်အာတီတာ အနေဖြင့် အာဆင်နယ်ကို မည်မျှအထိ ဆွဲတင်ပေးနိုင်မည် ဆိုသည်က မေးခွန်းထုတ် စရာ ဖြစ်နေသည်။ အာတီတာမှာ မန်စီး တီးနည်းပြ ဂွါဒီယိုလာ လက်အောက်တွင် လက်ထောက် နည်းပြအဖြစ် နှစ်ရာသီကြာ တာဝန်ယူခဲ့ဖူးရုံမှအပ နည်းပြ အတွေ့အကြုံ မရှိခဲ့ပေ။ ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးကို အာဆင်နယ်ကဲ့သို့ အောင်မြင်မှု အစဉ်အလာ ရှိခဲ့သည့် အသင်းကြီးမျိုးထံ ထိုးအပ်လိုက်ခြင်းမှာ စွန့်စားခြင်းလည်း ဖြစ်သည်။ အာဆင်နယ် အ တွက်သာမက နည်းပြချုပ်လိုင်းသို့ စတင်ကူးပြောင်းလာစ အာတီတာအတွက်ပါ ဦးကျိုးသွားနိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်။

အမှန်အားဖြင့် အာဆင်နယ်က နာ မည်ကြီးနည်းပြများကို ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ခန့်အပ်နိုင်ခြင်း မရှိပေ။ အထူးသဖြင့် အာဆင်နယ် ဘုတ်အဖွဲ့က မျက်စိကျခဲ့သည်မှာ ဂျူဗင်တပ်စ် နည်းပြ အလီ ဂရီဖြစ်ပြီး ၎င်းကိုလည်း ခန့်အပ်နိုင်ခဲ့ခြင်း မရှိပေ။ အလီဂရီမှာ ဂျူဗင်တပ်စ်တွင် ဆက်နေရန်သာ ဆုံးဖြတ်လိုက်သည့်အတွက် အာတီတာနှင့် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အလီဂရီက အာဆင်နယ်ကို မည်သည့် အတွက် ငြင်းဆန်ခဲ့သည် ဆိုခြင်းကို မည်သူမျှ မသိကြသော်လည်း ဗြိတိန်မီဒီယာများ၏ ဖော်ပြမှုအရ ကစားသမား အပြောင်းအရွှေ့များ ချုပ်ကိုင်ခွင့်ကို အလီဂရီက တောင်း ဆိုလိုက်သည့်အတွက် ဆွေးနွေးမှုများ မဖြစ်မြောက်လာခြင်းဟု ဆိုကြသည်။ အာတီတာကို ခန့်အပ်ရာတွင်လည်း အာဆင်နယ်စီအီးအို ဂါဇီဒစ်က အခရာ ကျနေသည်။ ဂါဇီဒစ်မှာ စီအီးအိုဟုသာ ဆိုသော်လည်း အာဆင်နယ်နှင့် ပတ်သက်သည့် ကိစ္စအဝဝကို တာဝန်ယူထားရုံ သာမက အသင်းနှင့်ဆိုင်သည့် ကစားသမား အပြောင်းအရွှေ့ ကိစ္စရပ်များကိုပါ ထိန်းချုပ်လိုသူဟုလည်း ဆိုကြသည်။ အာတီတာကဲ့သို့ နည်းပြချုပ် အတွေ့အကြုံ မရှိသူမျိုးကို နည်းပြအဖြစ် တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း အဆိုပါ အချက်ကြောင့်ပင် ဖြစ်သည်ဟူသော သုံးသပ်မှုများ ရှိနေသည်။

အာတီတာနှင့်အပြိုင် အာဆင်နယ် နည်းပြရာထူးကို ရယူရန် ကြိုးစားလာသည်က အသင်းခေါင်းဆောင်ေ ဟာင်း တစ်ဦးဖြစ်သည့် အွန်နရီပင်ဖြစ်သည်။ အွန်နရီမှာ ဘယ်လ်ဂျီယံ လက်ရွေးစင် လက်ထောက် နည်းပြရာထူးတွင် ထမ်းဆောင်နေသူဖြစ်ပြီး အာဆင်နယ်ကို တာဝန်ယူရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် အာဆင် နယ် ဘုတ်အဖွဲ့က အာတီတာကိုသာ ပို၍ သဘောကျဖွယ် ရှိနေသည်။ အွန်နရီကို နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ရန် အာတီတာက ဆန္ဒရှိနေသော် လည်းအွန်နရီက လက်ခံ မည် မဟုတ်ဟု သတင်း ထွက်နေသည်။ ထို့အတူ အာဆင်နယ်တွင် အာတီတာ ကစားခဲ့စဉ်က အရင်းနှီးဆုံးသူ ဖြစ်ခဲ့သည့် ကာဇိုလာကလည်း ယခုအခါ နည်းပြအဖွဲ့ဝင်အဖြစ်ပါဝင်ရန် ဆန္ဒမရှိတော့ဟူသော သတင်းများ ထွက်ပေါ်နေသည်။

အာတီတာအနေ ဖြင့် ကစားဖော်ဟောင်းများ၏ ပံ့ပိုးကူညီမှုရရှိရန် ခက်ခဲနေသကဲ့သို့ အာဆင်နယ်ပရိသတ်များ၏ ထောက်ခံမှု ကိုရရှိရန်က လည်း မလွယ်လှပေ။ ဤသည်ကို အာဆင်နယ် ပရိသတ်များအား အပြစ်ဆို၍လည်း မရပေ။ အာတီတာမှာ ဆိုခဲ့သည့်အတိုင်း နည်းပြချုပ် အတွေ့အကြုံ လုံးဝမရှိခဲ့ပေ။ ဟော့ဖန်ဟိမ်းမှ နီဂယ်စမန်း၊ လာဇီယိုမှ အင်ဇာဂီတို့မှာ လူငယ်နည်းပြများ ဖြစ်သော်လည်း ၎င်းတို့၏ စွမ်းဆောင်မှုများကို တဖြည်းဖြည်း သက်သေပြနိုင်ပြီး နာမည်ကျော် လာခဲ့သူများဖြစ်သည်။

ကမ္ဘာ့ဘောလုံး လောကတွင် လူငယ်နည်းပြများ အပြိုင်အဆိုင် ထွက်ပေါ်လာကြသည် ဆိုသော်လည်း ထွက်ပေါ်လာသည့် နည်းပြတိုင်း အောင်မြင် မှုရယူ နိုင်ကြခြင်း မရှိပေ။ အာတီတာအပေါ် အာဆင်နယ်ပရိသတ်များ၏ ထောက်ခံမှု လိုအပ်သည်ဟု စပိန်မှ နာမည်ကြီး ဘောလုံး ဆောင်းပါးရှင် ဂွီလန်ဘယ်လေ့ရှ်က ပြောထားသည်။ အာဆင်နယ် ပရိသတ်များက အာဆင်နယ် နည်းပြအဖြစ် မျှော်လင့်ခဲ့ကြသည်မှာ အန်ဆယ်လော့တီ၊ လူးဝစ်အင်းနရစ်တို့ကဲ့သို့ ဥရောပတွင် အတွေ့ အကြုံရှိပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သည့် ဝါရင့်နည်းပြများဖြစ်ကာ အာဆင်နယ်ဘုတ် အဖွဲ့၏ လုပ်ဆောင်မှုက ပရိသတ်များကို အလေးမထားသလို ဖြစ်နေသည်။

အာဆင် နယ်ဘုတ် အဖွဲ့အနေဖြင့်လည်း အသင်းကို ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိနေသည်။ သို့သော်အာတီတာကို ခန့်အပ်မည်ဟူသော သတင်းကြောင့် အာစင်ဝင်းဂါးလက်ထက်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည့် စတိဗ်ဘိုးလ်က စာချုပ်သက်တမ်း တိုးကမ်းလှမ်းမှုကို နှောင့်နှေးခဲ့သလို ထွက်ခွာမည့်နည်းပြ အဖွဲ့ဝင်များလည်း ရှိနေသည်။

ထို့အတူ အာဆင် နယ်တွင် တစ်ပတ်ပေါင်သုံးသိန်းခွဲ လုပ်ခလစာရနေသည့် အိုဇေးလ်၊ ဇန်နဝါရီဈေးကွက်က အာဆင်နယ်သို့ ရောက်လာသည့် အူဘာမီယန်း၊ ယခုရာသီ အာဆင်နယ်အတွက် ဂိုးအများဆုံး(၁၇ ဂိုး) သွင်းခဲ့သည့် လာကာ ဇက်တီတို့ကဲ့သို့ ကစားသမားမျိုးကို အာတီတာကဲ့သို့ အတွေ့အကြုံ နည်းသူမျိုးက မှန်ကန်စွာဦးဆောင်နိုင် ရန် ခက်ခဲဖွယ်ရှိနေသည်။

အာဆင်နယ် ကစားသမား အများစု အနာဂတ်မှာ မသေချာသလို အာတီတာ အတွေ့အကြုံနည်းပါးမှုဖြင့်လည်း ကစားသမားများ၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ရန် မလွယ်ပေ။ အာဆင်နယ်မှာ ရာသီအစတွင် ရလဒ်ကောင်းလေ့ ရှိသော်လည်း ပြိုင်ပွဲကာလ ရှည်ကြာလာသည်နှင့်အမျှ အနိုင်ရသင့်သည့်ပွဲများသရေကျ၊ မရှုံးသင့်သည့်ပွဲများ ရှုံးလေ့ရှိသည်မှာ ထုံးစံလိုဖြစ်နေပြီး ကစားသမားများ၏ စိတ် ဓာတ်ပိုင်းဆိုင်ရာခိုင်မာမှု အားနည်းခြင်းကြောင့်ဟူသော သုံးသပ်မှုများ ရှိနေသည်။ အဆိုပါအချက်ကို ၂၂ နှစ်ကြာ တာဝန်ယူခဲ့သည့် ဝင်းဂါးပင်လျှင် မပြောင်းလဲနိုင်ခဲ့ရာ အာဆင်နယ်အတွက် အာတီတာဆိုတာ လင်းလက်စေမယ့် အရုဏ်ဦး ရောင်ခြည် ဖြစ် ရန် မလွယ်နိုင်ပါကြောင်း ရေးသားလိုက်ပါသည်။

MWD

No comments:

Post a Comment