Latest News

Tuesday, May 22, 2018

လက်ပံပွင့်​ချိန် တစ်ခုတည်းမဟုတ်ပါ တစ်နှစ်ပတ်လုံး သတိ ရှိကြပါ

လက်ပံပွင့်​ချိန် တစ်ခုတည်းမဟုတ်ပါ တစ်နှစ်ပတ်လုံး သတိ ရှိကြပါ

ကျွန်မတို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ရက် ဆိုရင် အလွန်ပျော်ပါတယ်။ မောင်နှမတစ်တွေ သစ်ပင်ပေါ်တက်လိုက်၊ သဲထဲလူးလိုက်၊ ရွှံ့ထဲလူးလိုက်နဲ့ဖြစ်နေတာ၊ နွေကျောင်းပိတ်ရက် တိုတောင်းတယ်လို့ပဲထင်မိပါတယ်။ အဲဒီအချိန်မှာ လူကြီးတွေ စိတ်ပူတာကတော့ ခွေးကိုက်ခံရမှာ စိုးတာပါပဲ။ သူတို့ပြောနေကြတာတော့ ''လက်ပံပွင့်ချိန် ခွေးရူးချိန်''တဲ့။ ''လက်ပံတွေ ပွင့်လိုက်တာနဲ့ ဘယ်လိုလုပ်ပြီး မြေကြီးပေါ်မှာနေတဲ့ ခွေးတွေက ရူးကုန်တာလဲ''လို့ ကလေးဘဝက တွေးမိပါတယ်။ ရူးနေတဲ့ခွေးကိုက်ရင် ကိုယ်လည်းရူးသွားမှာ ပြီးတော့ သွားရည်တွေ ထွက်လာပြီး လူတွေအချင်းချင်းကိုလည်း လိုက်ကိုက်တတ်တယ်လို့ လူကြီးတွေက ပြောပြတာ။ ဘယ်လိုပဲပြောပြော ခွေးရူးကိုတော့ ကြောက်ပါတယ်။

ရပ်ကွက်ထဲမှာ သွားရည်တွေထွက်၊ ခေါင်းငိုက်စိုက်ကျပြီး ဒယိမ်းဒယိုင်သွားနေတဲ့ ခွေးကိုကျန်တဲ့ ခွေးအများစုက ဝိုင်းပြီးဟောင်၊ နောက်က လိုက်မောင်းသလို ကိုက်သလို လုပ်နေတာ တွေ့ခဲ့ဖူးပါတယ်။ လူကြီးတွေကတော့ အဲဒါခွေးရူးလို့ ပြောပါတယ်။ ဆေးကျောင်းရောက်တော့ ခွေးရူးရောဂါ အကြောင်း စာသင်ရတာပေါ့။ ခွေးရူးပြန်ရောဂါဖြစ်နေတဲ့ လူနာကိုတော့ အလုပ်သင် ဆရာဝန်ဘဝမှာ ပထမဆုံး တွေ့ဖူးတာပါ။ လူနာက အသက်က ၁၄ နှစ်အရွယ်။ ဖျားတယ်။ မောတယ်။ အစားလည်း မဝင်ဘူးလို့ပြောတယ်။ မောတယ်ဆိုတော့ အဆုတ်ကို စမ်းကြည့်တော့ ပုံမှန်ပဲ။ နှလုံးကလည်း နှလုံးခုန်နည်းနည်းမြန်တာက လွဲလို့ ကောင်းသားပဲ။  ကြည့်ရတာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံပဲ။ ကျွန်မက တုပ်ကွေးရောဂါ ပြင်းပြင်းဖြစ်တယ်လို့ ထင်တာလေ။

သမားတော်ကြီး လှည့်တဲ့အခါကျမှ အဲဒါခွေးရူးပြန်ရောဂါ ဖြစ်နေမှန်းသိသွားတာ။ သမားတော်ကြီးက  ဆရာကြီး ဦးမင်းနိုင်လေ။ ဒီမှာကြည့်ဆိုပြီး ဆရာကြီးက လူနာကို ရေတစ်ငုံသောက်ခိုင်းပါတယ်။ ရေပါးစပ်ထဲ ရောက်တာနဲ့တစ်ပြိုင်ထဲ လည်ပင်းထဲကအသံတစ်ခုမြည်လာပြီး ထွေးထုတ်လိုက်ပါတယ်။ မျိုလို့မရပါ။ ဒါတင်မကသေးဘူး။ဆရာကြီးက လူနာရဲ့မျက်နှာကို ရေနဲ့တောက်လိုက်တာ မျက်နှာနောက်ကို ရွှေ့သွားပြီး လည်ပင်းက အသံမြည်လာတယ်။ ရေကိုကြောက်တာလေ။ ဒါ့ပြင်ယပ်တောင်လေးနဲ့ ယပ်ခပ်လိုက်ရင် လူနာက တုန်လှုပ်သွားပြီး မျက်နှာကို ရှောင်လွှဲသွားတယ်လေ။  လေကိုပါကြောက်တာပေါ့။ အဲဒီမြင်ကွင်းကို မျက်စိထဲမှာ ယခုအချိန်အထိ စွဲနေတယ်လေ။

ဆရာကြီးက တော်လိုက်တာနော် ဆိုပြီး စိတ်ထဲကတွေးမိတယ်။ ကျေးဇူးလည်း အလွန်တင်သွားတယ်။ အခုအချိန် ကိုယ့်တပည့်တွေကို ဒီလိုမျိုး ပြန်လည်သင်ကြားပေး နေရတယ်လေ။ အဲဒီတော့မှလူနာကို ခွေးကိုက်ခံရတဲ့ ရာဇဝင်မေးတော့ လမ်းလျှောက်ရင်းနဲ့ လမ်းဘေးကခွေးကိုက်ခံရတာ။ နှစ်ပတ်လောက်ရှိပြီလို့  ပြောတယ်။ ခွေးရူးလား၊ ခွေးကောင်းလားလည်း မသိဘူး။ ခွေးပိုင်ရှင်လည်း မရှိဘူးပေါ့။ ခွေးကိုက်တဲ့ဒဏ်ရာကဖြင့် ကျက်တောင်နေပြီ။ အဲ့ဒီလူနာ ဆေးရုံပေါ်ရောက်ပြီး သုံး၊ လေးရက်လောက်မှာ ဆုံးသွားတယ်လေ။ခွေးရူးပြန်လက္ခဏာပေါ်ပြီးရင်  ကုစရာဆေးမရှိဘူး။ ၁ဝဝ ရာခိုင်နှုန်း သေမှာပဲလို့ ဆရာကြီးကပြောပြပါတယ်။ ကျွန်မတို့အားလုံး လူနာကိုလည်း သနားတယ်။ စိတ်ထဲလည်း မကောင်းဘူးပေါ့။ အတော်ကြောက်စရာကောင်းသား။ နောက်ထပ်  တွေ့ရတဲ့လူနာတွေထဲက ထူးထူးခြားခြား တွေ့ရတာကျတော့ ပြင်ဦးလွင်ဆေးရုံမှာ တွေ့တာ။ အဲဒီဦးလေးကြီးက အသက် ၅ဝ လောက်ပဲ။ သူကနောက်ကျောတွေ တအားယားတယ် ဆိုပြီးလာတာ။

အင်္ကျီမ ကြည့်လိုက်တော့ ကျောမှာ ကုပ်ထားတာ အသားနီတောင် လန်နေပြီလေ။ ကျန်နေတဲ့ နေရာတွေမယားဘူး။ထူးဆန်းသား။ ဆေးရုံပေါ်ရောက်ပြီး လေး၊ ငါးရက်လောက်နေတော့ ဒီလူနာကပြောတယ်။ သူမျက်နှာသစ်လို့ မရဘူးတဲ့။ လက်တွေလည်း သန်တာပဲလေ။ ကျွန်မကမယုံလို့ ''ကဲ မျက်နှာသစ်တာပြန်လုပ်ပြပါလို့'' ပြောရတယ်။ ရေထည့်ထားတဲ့ ဖလားကို ဘယ်လက်ကကိုင်ပြီး ညာလက်နဲ့ ရေကို မျက်နှာကိုပက်မယ် လုပ်လိုက်တော့ စောစောကပြောတဲ့ ခွေးကိုက်ခံရတဲ့လူနာလိုပဲ သူ့မျက်နှာက ကြောက်လန့်ပြီး နောက်ဆုတ်သွားတယ်။ သူ့စိတ်ထဲမှာလည်း မွန်းကျပ်သွားတယ်လို့ပြောတယ်။

ဒီတစ်ခါကျတော့ ကျွန်မက အလုပ်ဝင်စ ဆေးမှူးဖြစ်ပေမယ့် ခွေးရူးပြန်ရောဂါဆိုတာ သိသွားပြီလေ။ခွေးရူးပြန်ရောဂါဆိုတာ မဖြစ်အောင်ဘဲ အဓိက ကာကွယ်ရတာ။ ကာကွယ်ဆေး ထိုးရတာပေါ့။ ခွေးတွေကိုလည်း ကာကွယ်ဆေး ထိုးရမယ်။ ခွေးကိုက်မခံရအောင်လည်း ဂရုစိုက်ရမယ်ပေါ့။ ကိုယ့်လက်မှာ ပွန်းပဲ့ဒဏ်ရာရှိရင် ရောဂါရှိတဲ့ခွေးက လျှာနဲ့လျက်လိုက်ရင်လည်း ရောဂါဖြစ်နိုင်တာပေါ့။ ခွေးကိုက်ခံရပြီဆိုရင် ကာကွယ်ဆေး ထိုးဖြစ်အောင်ထိုးပါ။ ခွေးကိုက်ခံရတဲ့ ဒဏ်ရာကိုလည်း သန့်ရှင်းအောင် ဆပ်ပြာနဲ့ရေနဲ့ သေသေချာချာ ဆေးသင့်တယ်လေ။ ဒဏ်ရာအနေအထားပေါ် မူတည်ပြီး ဆေးထိုးရမယ်။ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ ရယ်ဒီမိတ် ဆေးဆိုတဲ့ ဆေးနှစ်မျိုးကို ခွေးကိုက်ခံရပြီးတဲ့ အခါမှာ ဒဏ်ရာအပြင်းအထန် အတိမ်အနက်ပေါ် မူတည်ပြီး ထိုးရပါမယ်။ အကြမ်းဖျင်းအားဖြင့် ဒဏ်ရာလေးက တိမ်တိမ်လေး တစ်နေရာလောက်ပဲဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး တစ်မျိုးတည်းနဲ့ပဲ လုံလောက်ပါတယ်။

ဒီလိုမဟုတ်ဘဲ ဒဏ်ရာက အရမ်းနက်တယ်။နှစ်နေရာ သုံးနေရာလောက်ဖြစ်တယ်။ ကိုက်တဲ့ခွေးကလည်း ရူးနေတယ်။ မိမိကိုယ်တိုင်ကလည်း ကိုယ်ခံအားနည်းနေတယ်ဆိုရင်တော့ ခွေးရူးပြန် ကာကွယ်ဆေးရော ရယ်ဒီမိတ်ဆေးရော နှစ်မျိုးစလုံး ထိုးရပါမယ်။ ခွေးရူးပြန် ကာကွယ်ဆေးကို အရေပြား အတွင်းထိုးခြင်း သို့မဟုတ် အသားဆေးထိုးခြင်း ပုံစံမျိုးဖြင့် ပေါင်၊ ဝမ်းဗိုက်၊ ပခုံးကြွက်သားများတွင် ထိုးနိုင်ပါတယ်။ ရယ်ဒီမိတ်ဆေးကို ခွေးကိုက်ခံရတဲ့ ဒဏ်ရာအနားမှာ ထိုးရပါမယ်။ ဆေးပတ်လည်အောင် ဆေးညွှန်းပြည့်အောင် ထိုးရပါမယ်။ အဲဒါ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ၂ဝ၁၈ ခုနှစ်ထုတ် ညွှန်ကြားချက်ပါ။ ဒီလိုဆိုရင် ခွေးကိုက်ခံရပြီး ခွေးရူးကာကွယ်ဆေးကို အချိန်မီဆေးပတ်လည်အောင် ထိုးရင် ခွေးရူးပြန်ရောဂါဖြစ်ခြင်းမှ ၁ဝဝ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီလား။

ဒီအဖြေကို ကျွန်မဘွဲ့လွန် သင်တန်းတက်စဉ်တုန်းက ဂျပန်ဆေးရုံ (ရန်ကုန်ဆေးရုံသစ်ကြီး)မှာ တွေ့ခဲ့တဲ့ လူနာလေးဖြစ်စဉ်နဲ့ ပြောပြပါမယ်။ အဲဒီလူနာက ခွေးကိုက်ခံရချင်းပဲ ခွေးရူးကာကွယ် ဆေးထိုးပါတယ်။ ၁၉၉၃ ခုနှစ်လောက်ကပေါ့။ ဒဏ်ရာကလည်း မနက်ဘူး။ ကျက်နေပြီ။ခြေထောက်မှာလေ။ သူကဆေးရုံကို လာတာ လမ်းလျှောက်လို့ မရလို့လာတာ။ ရေတွေသောက်လို့ရတယ်။စမ်းကြည့်တော့ ခြေထောက်နှစ်ဖက်စလုံး အာရုံကြောအားနည်းနေတာ တွေ့ရတယ်။ ဒါဟာ ခွေးရူးပြန် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်သလို ခွေးရူးပြန်ရောဂါလက္ခဏာလည်းဖြစ်နိုင်တယ်။ ဆေးရုံပေါ်ရောက်ပြီး တစ်ပတ်လောက်ကြာတော့မှ ရေမျိုလို့မရတာတွေ၊ လေကြောက်တာတွေ ဖြစ်လာတာ။ ခွေးရူးပြန် ရောဂါပဲပေါ့။ ကာကွယ်ဆေး အချိန်မီထိုးတယ်လေ။ ဘာကြောင့်လဲ။ ကာကွယ်ဆေးတွေဟာ ၁ဝဝ ရာခိုင်နှုန်း မကာကွယ်နိုင်ဘူး။

ဒါ့အပြင် ဒီဆေးတွေ စထုတ်တဲ့ ဓာတ်ခွဲခန်း၊ စက်ရုံမှသည် လူနာကို ဆေးထိုးသည်အထိ အအေးခန်းစနစ်ဟာလည်း ကာကွယ်ဆေး ရဲ့အာနိသင်ပြဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့်လည်း ဒီလူနာဟာ ခွေးရူးပြန်ရောဂါဖြစ်သွားတာပေါ့။ ဒီဆောင်းပါးရေးမယ်ဆိုတော့ ကမ္ဘာပေါ်မှာရှိခဲ့တဲ့ ခွေးရူးပြန်ရောဂါနဲ့ ဆိုင်တဲ့ သုတေသန တွေ့ရှိချက်တွေကို လိုက်ပြီး   သုံးသပ်ကြည့်ပါတယ်။ တရုတ်ပြည်မှာ ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ခွေးရူးပြန်ရောဂါ လူနာပေါင်း  ၂ဝဝဝဝ ကို လေ့လာခဲ့တာ ဖေဖော်ဝါရီလမှာ  ရောဂါဖြစ်တာ အနည်းဆုံးတဲ့။ နောက်ပြီး ဘူတန်နိုင်ငံမှာ ၁၉၉၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ လေ့လာထားတာကတော့ နွေဦးပေါက်နဲ့ နွေရာသီမှာ ခွေးရူးပြန်ရောဂါဖြစ်တာ အများဆုံးလို့ ပြောပါတယ်။ ကျွန်မတို့လိုမျိုး လက်ပံပွင့်ချိန်ဖြစ်မှာပေါ့။ ချီလီနိုင်ငံ သုတေသီတွေကတော့ သူတို့တိုင်းပြည်မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာဖြစ်တာ အများဆုံးလို့ ဆိုပါတယ်။ တကယ်တော့ ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်ဟာ ပူပြင်းတဲ့ကာလ၊ ခြောက်သွေ့တဲ့ဥတုမှာ ပွားနှုန်း၊ ပျံ့နှုန်းအများဆုံးဖြစ်တာပါ။ ဒီဗိုင်းရပ်ကြိုက်တဲ့ ဥတုပေါ့။

ဥပမာ- တုပ်ကွေးဗိုင်းရပ်ဆိုရင် ဆောင်းဥတုကြိုက်ပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ ခွေးရူးပြန်ရောဂါ လက္ခဏာပြပြီဆိုရင် လုံးဝကြိမ်းသေ သေရမယ့် ခွေးရူးပြန်ရောဂါမဖြစ်အောင် ပြည်သူ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရပါမယ်။ ခွေးလေခွေးလွင့် မရှိစေရေး၊ ခွေးတိုင်းကို ကာကွယ်ဆေးထိုးရေး ဆိုတာတွေဟာ ဝန်ကြီးဌာန တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ ပြတာလေ။ ပြည်သူတွေအားလုံး အသိရှိရမယ်ပေါ့။ လက်ပံပွင့်ချိန်တစ်ခုထဲမှာပဲ ဆင်ခြင်ကြမှာလား။

 နွေ၊ မိုး၊ ဆောင်း ၁၂ ရာသီ ဂရုပြုရမှာပါ။ ခွေး၊ ကြောင်၊ လင်းနို့အစရှိသော  သတ္တဝါများ အကိုက်ခံရပါက ဆေးရုံ၊   ဆေးခန်းသို့ အမြန်ဆုံးပြေးပြီး ကာကွယ်ဆေးထိုးပါ။ ကြောင်ကိုက်ပြီး ခွေးရူးပြန်ဖြစ်တဲ့ လူနာတွေလည်း အများကြီးပါ။ မပေါ့ဆကြပါနဲ့။ လက်ပံပွင့်ချိန်တစ်ခုတည်း မဟုတ်ပါ။ တစ်နှစ်ပတ်လုံး သတိရှိကြပါ။  ။

MWD

No comments:

Post a Comment