Latest News

Tuesday, May 22, 2018

လှေအမျိုးမျိုးကို ပြုပြင်ပေးနေသော မြိတ်ကျွန်းစုရှိ လွန်းကျင်းများတွင် သစ်ရှားပါးလာမှုကြောင့် သံခွံငါးဖမ်းလှေများ ပြောင်းလဲတည်ဆောက်လာ

လှေအမျိုးမျိုးကို ပြုပြင်ပေးနေသော မြိတ်ကျွန်းစုရှိ လွန်းကျင်းများတွင် သစ်ရှားပါးလာမှုကြောင့် သံခွံငါးဖမ်းလှေများ ပြောင်းလဲတည်ဆောက်လာ

မြိတ် မေ ၂၁

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်ကျွန်းစုဒေသတွင် ယခုအခါ သစ်များရှားပါး လာမှုကြောင့် ငါးဖမ်းလှေများ အဓိကပြုပြင် တည်ဆောက်နေသည့် လွန်းကျင်းလုပ်ငန်း များတွင် သစ်သားငါးဖမ်းလှေများ အစား သံခွံငါးဖမ်းလှေ များကို ပြောင်းလဲတည်ဆောက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ လွန်းကျင်းများတွင် မြိတ်ကျွန်းစု ဒေသခံများအတွက် ဝါလပ်လှေများ၊ ဝါတန်းလှေများ၊ မီးထွန်းလှေများ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများ၊ ကုန်တင်လှေများနှင့် အခြားလှေ အမျိုးမျိုးကို ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းကို ပြုလုပ်ပေးနေရသဖြင့် ယခုအခါ သစ်များရှားပါး လာမှုကြောင့် သစ်လှေအသစ် ပြုလုပ်နိုင်ရန်နှင့် ရှိပြီးသားလှေများကိုလည်း ပြုပြင်နိုင်ရန် ခက်ခဲနေခြင်းတို့ကြောင့် သစ်သားလှေများ အစား သံခွံလှေများကို ပြောင်းလဲတည်ဆောက် လာနေကြကြောင်း သိရသည်။

 ''ကျွန်တော်တို့ လွန်းကျင်းက လေးဧက အကျယ်ရှိပြီး လှေအကြီး အသေးအစင်း ပေါင်း ၆ဝ ထားရှိနိုင်ပါတယ်။ လွန်းကျင်းမှာ ယနေ့အထိ ပြုပြင်ပြီးစီးသည့် လှေအစင်းရေက ၆၃၅၁ စင်းရှိပြီး လှေအသစ် ၁၅၁ စင်းကို တည်ဆောက်ပြီး ဖြစ်ပါတယ်။ ယခုနောက်ပိုင်း သစ်များရှားပါး လာတဲ့အတွက် သစ်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်။ သစ်လှေတစ်စင်း တည်ဆောက်ရင် လှေအကြီးအသေးပေါ် မူတည်ပြီး လေးလမှ ခြောက်လအထိ ကြာတယ်။ သံခွံလှေတည်ဆောက်ရင် အချိန်ခြောက်လ ကြာပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ လွန်းကျင်းက သံခွံလှေ ၁ဝ စင်းကို အသစ်တည်ဆောက်ခွင့် ရထားပါတယ်။ ယနေ့အထိ နှစ်စင်းတည်ဆောက် ပြီးစီးပြီး သုံးစင်းက ၇ဝ ရာခိုင်နှုန်းလောက်ပြီးစီး နေပါပြီ။ ယခုနှစ် ငါးဖမ်းရာသီမှာ အဲဒီငါးစင်းလုံး အသုံးပြုလို့ရနိုင်ပြီလို့'' အောင်မြတ်ဖြိုး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် မြေပေါ်လွန်းကျင်း မန်နေဂျာ ဦးကျော်ကျော်လင်းက ပြောသည်။

မြိတ်မြို့နှင့် ကျွန်းစုမြို့နယ် အတွင်း ငါးဖမ်းလှေ၊ ကုန်တင်လှေနှင့် အခြားလှေ အမျိုးမျိုး ပြုပြင်ပေးနေသော လွန်းကျင်းလုပ်ငန်း လေးခုရှိပြီး ကော့သောင်းမြို့တွင် လွန်းကျင်းလုပ်ငန်း တစ်ခုရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment