Latest News

Monday, May 14, 2018

နျူကလီးယား စမ်းသပ်ခန်းများကို ဖျက်ဆီး ပစ်တော့မည့် မြောက်ကိုရီးယား

နျူကလီးယား စမ်းသပ်ခန်းများကို ဖျက်ဆီး ပစ်တော့မည့် မြောက်ကိုရီးယား

ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေး သင်္ကေတများ ပျံ့လွှင့်လာပြီး ငြိမ်းချမ်းရေး စကားသံများ ပိုမိုကျယ် လောင်စွာထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် နောက်ထပ် သတင်းကောင်းတစ်ခု မြောက်ကိုရီးယား ဘက်မှ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။ နိုင်ငံ၏ အရှေ့မြောက်ဘက်တွင် ရှိနေသည့် နျူကလီးယား စမ်းသပ် စခန်းများကို မေ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ဖောက်ခွဲဖျက်ဆီးမည်ဟု မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအွန်က ကြေညာခဲ့သောကြောင့် ဖြစ်သည်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားတို့မှ သတင်းထောက် အသီးသီးကိုလည်း ဖိတ်ကြား ပြီး ဖျက်ဆီးသည့်ဖြစ်စဉ်များကို သတင်းရယူစေမည်ဟုလည်း ဆိုထားကာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် မတွေ့မီ နောက်ထပ် အပြုသဘောဆောင်သည့် မြောက်ကိုရီးယား၏ လုပ်ရပ်တစ်ခုဖြစ်သည်။

ဇွန် ၁၂ ရက်တွင် စင်ကာ ပူ၌ ထရမ့်နှင့် မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်တို့ တွေ့ဆုံမည်ဖြစ်ပြီး ယင်းတွေ့ဆုံ မှုမှာ ကမ္ဘာ့သမိုင်းဝင် တွေ့ဆုံမှုတစ်ခုအဖြစ်လည်း မှတ်တမ်း ဝင်သွားမည်ဖြစ်သည်။ ၂၁ ရာစုတွင် မြောက်ကိုရီးယားနှင့် ထရမ့်တွေ့ဆုံဖြစ်လျှင် နျူကလီးယားအရေး အဖြေရှာခဲ့သည့်ဖြစ်စဉ်က ခေါင်းစဉ်နှစ်ခု တပ်ရတော့မည်ဖြစ်ပြီး ထရမ့်ကိုလည်း ပိုမို လူကြိုက် များလာစေနိုင်သည်။ ယခုထရမ့်နှင့် ပတ်သက်ပြီး လူတိုင်းစောင့်ကြည့်နေကြသည့် အရာက မြောက်ကိုရီးယား အရေးသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ မြောက် ကိုရီးယားတို့က နျူကလီးယား စမ်းသပ်စခန်းများ သာမက စောင့်ကြည့် အဆောက်အအုံများ၊ သုတေသနအဖွဲ့များနှင့် မြေပြင်တပ်ဖွဲ့များကိုလည်း ဖျက်သိမ်းမည်ဟု ဆိုထားေ သာကြောင့် တောင်၊ မြောက်နယ်စပ်တင်းမာမှုက အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားနိုင်ပြီး နောက်ပိုင်း ကင်ဂျုံအွန် အမြဲတမ်းပြော နေကျစကားတစ်ခွန်းက ၎င်း၏ပြည်သူများ အတွက် ဆိုသည့်စကားပင် ဖြစ်သည်။ ကင်ဂျုံအွန်ပါးစပ်မှ ထိုစကားလုံး ထွက်လာသည်မှာ လေးလကျော် လာနေပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင် အမှန်တကယ်ပြောနေသည့် ပုံစံဖြစ်နေသည်သာမက လက်တွေ့ လုပ်ငန်းများကိုပါ လုပ်ဆောင်လျက်ရှိသည်။

ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား သုံးဦးကိုလည်း လွှတ်ပေးပြီးဖြစ်ကာ တောင်ကိုရီးယားနှင့် အဆင်ပြေ ဆုံးက ကင်ဂျုံ အွန်၏ ညီမဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ဇန်နဝါရီလမှစ၍ ပြည်တွင်း၌ အမြဲတမ်း ပုန်းနေတတ်သည့် ကင်ဂျုံအွန်၏ ညီမဖြစ်သူမှာ နိုင်ငံတကာ စင်မြင့်ပေါ်သို့ ရောက် လာခဲ့ပြီး သွက်သွက် လက် လက်နှင့် ပြုံးချိုသော မျက်နှာထားကြောင့် တောင်ကိုရီးယား ပြည်သူတို့၏ နှစ်သက်မှုကိုလည်း ရရှိထားသူ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကင်ဂျုံအွန်က ၎င်း၏ညီမကို အလေးထားဟန်လည်း တွေ့ရှိထားသောကြောင့် ၎င်း ၏ညီမနှင့်အဆင်ပြေခြင်းက ကင်ဂျုံအွန်နှင့် အဆင်ပြေခြင်းဟု ၅ဝ ရာခိုင်နှုန်းခန့် သတ်မှတ်နိုင်သည်။ ယခင်က တောင်ကိုရီးယားတို့ သတ်မှတ်ထားချက်မှာ မြောက်ကိုရီးယားတို့သည် မျက်နှာထား တည်တည်နှင့် မဖော်ရွေတတ်သူတို့ဟု တွေးကြသည်။ သို့သော် ၎င်းတို့၏ အတွေးကို ကင်ဂျုံအွန်၏ညီမက ပြောင်းလဲ ပစ်ခဲ့သည်။ ယခု တောင်ကိုရီးယား ပြည်သူတို့ ငြိမ်းချမ်းရေးကို လက်ကမ်းကြိုဆို နေကြပြီဖြစ် သည်။

ထိုအ ရာက တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်၏ စွမ်းဆောင်မှုကြောင့် ဖြစ်သည်ဟုဆိုလျှင်လည်း မှားမည်မ ဟုတ်ပေ။ ဂျပန်နှင့် အမေရိကန်တို့ ကန့်ကွက်နေသည့်ကြားမှ မွန်ဂျေးအင်က မြောက်ကိုရီးယားဘက်သို့ ပျော့ပျောင်း သည့်သံတမန်ဆက်ဆံရေးများဖြင့် ချဉ်းကပ်ခဲ့ကာ ထရမ့်မသိလိုက် သည့် အချိန်တွင် ၎င်း၏ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်း၌ ကင်ဂျုံအွန်နှင့် သွားတွေ့စေခဲ့သည်။ ထို့နောက် မွန်ဂျေးအင်နှင့် ကင်ဂျုံအွန်တို့ တွေ့ဆုံခဲ့ ကာထိုမှတစ်ဆင့် ထ ရမ့်နှင့်တွေ့ဆုံရန်ဆိုသည့် အတိုင်းအတာအထိ ဖြစ်လာခြင်း ဖြစ်သည်။ ပထမဆုံး မြောက်ကိုရီးယားတို့ ငြိမ်းချမ်းရေး ကမ်းလင့်ခဲ့သည့် အချိန်က၂ဝ၁၈ ခုနှစ် နှစ်သစ်အ ကူးအပြောင်းတွင် ဖြစ်သည်။ နှစ်သစ်ဆုမွန်ကောင်းကို ကင်ဂျုံအွန်က အထူးအဆန်းပင် တောင်ကိုရီးယား၏ ဆောင်းရာသီ အိုလံပစ် ပွဲအောင်မြင်စွာ ပြီးဆုံးစေကြောင်း ဆုေ တာင်းပေးခဲ့သည်က စခဲ့ပြီး ထိုစကားလုံးကိုပင် ကောင်းမွန်စွာ သဘောပေါက်သည့် မွန်ဂျေးအင်က သံတမန်ရေး အခင်းအကျင်းကို ခပ်စိပ်စိပ်နင်းကာ ယခုကဲ့သို့ မြန်မြန် ဆန်ဆန်တွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် မွန်ဂျေးအင်အနေဖြင့် ထိုမျှအထိပျော့ပျောင်းပြီး ငြိမ်းချမ်းရေးကို လိုချင်သလဲဆို သည်ကိုတော့ လူတိုင်းသိချင်ကြသည့် မေးခွန်းတစ်ခုပင် ဖြစ်ကာ ထင်မြင်ချက်တချို့က မွန်ဂျေးအင်က အ ထူးတပ်ဖွဲ့ တပ်သားဟောင်းတစ်ဦး ဖြစ်သောကြောင့်ဟု ဆိုကြသည်။

မြောက်ကိုရီးယားနယ်စပ် စစ်ဆင်ရေးများတွင်လည်း ကိုယ်တိုင်ပါဝင်ဖူးသည့် မွန်ဂျေးအင်က ငြိမ်းချမ်းရေး လိုချင်သည်မှာ မထူးဆန်း။ ယခု နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် တစ်ခုဆီသို့ ရောက်ရှိကြတော့မည် ဖြစ်သည်။ လုံးလုံးလျားလျား ငြိမ်းချမ်းရေးဆိုသည့် စကားလုံးကို ကြားကြရတော့မည်ဖြစ်သည်။ အီရန်နှင့် နျူကလီးယား သဘော တူညီချက် လုပ်ခဲ့ကြဖူးသလိုပင် အရာရာတိုင်းက လွယ်လွယ်ကူကူ အဆင်ချောမည် တော့မဟုတ်။ ဖြစ်ချင်သည့်အရာ ရောက်လိုသည့် ပန်းတိုင်ကို စိတ်ရှည်ရှည်နှင့် သည်း ခံစောင့်ဆိုင်း ဆွေးနွေး ပြီးမှသာရရှိမည်ဖြစ်သည်။ ထိုအဆင့်ကို ကျော်နိုင်မှသာ နျူကလီးယား သဘောတူညီချက်နှင့် ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးက အကောင်အ ထည် ပေါ်လာမည်ဖြစ်ပြီး ဖြစ်လာနိုင်သည်က ဆွေးနွေးပွဲနှစ်ခု၊ သုံးခုအထိပေါ်လာနိုင်သည်။ ဆွေးနွေးပွဲတစ်ခုတည်းနှင့် အကောင်အထည် မပေါ်လာနိုင်သည်မှာ ကျိန်းသေသည်။ လက်ရှိတွင် ကင်ဂျုံအွန်က ၎င်းဘက်မှ အလျှော့မပေးသင့်သည်များကို အလျှော့မပေးဟု အော်နေသော်လည်း ၎င်းဘက်က လက်ရှိတွင် ဖြေလျှော့မှုများကို လုပ်ပေးနေသည်။

ပြည်သူများအတွက်ဟု ဆိုသည့် ကင်ဂျုံအွန်၏ စကားလုံး က အမှန်တကယ်ပြောသည့် စကားလား ဟူသည်က စဉ်းစားစရာ ဖြစ်လာနေပြီဖြစ်သည်။ ယခင်က ကင်ဂျုံအွန်ကို ပြောမရဆိုမရခေါင်းမာသော လူစား၊ ထရမ့်ကိုယ်တိုင်ပင် ဝက်ပုတ်ဟုခေါ်ခဲ့ေ သာကြောင့် ကင်ဂျုံအွန် ဒေါသထွက်ခဲ့ရကာ ၂ဝ၁၇ ခုနှစ် ဧပြီလက တစ်ဖက်နှင့်တစ်ဖက် စစ်ရေးအပြိုင်အဆိုင် ခြိမ်းခြောက်ခဲ့ကြပြီး B52 ဗုံးကြဲလေယာဉ်များပင် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် အပျံဝဲဆုံး အချိန်ဖြစ်ခဲ့ရသည်။ ယခု ထိုနိုင်ငံများက သူတို့ဘာမှ မလုပ်ခဲ့ကြသည့် ပုံစံနှင့် ငြိမ်းချမ်းရေး လက်ကမ်းမှုပင် ပြုလုပ်နေကြပြီဖြစ် သည်။

ယနေ့ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးဆိုသည့် စကားသံများ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်ကာ လူတိုင်း နိုင်ငံတိုင်းက ငြိမ်းချမ်းရေးကို အာသာငမ်းငမ်း လိုချင်ကြသော်လည်း စူပါပါဝါနိုင်ငံဟုခေါ်သည့် နိုင်ငံ များ၏ ဝင်ရောက်စွက် ဖက်မှုကြောင့် တစ်မျိုး၊ အကြမ်းဖက် သမားတို့ကြောင့်တစ်ဖုံ ငြိမ်းချမ်းရေး ပျက်စီးနေရသည်။ ယခု ကိုလံဘီယာနိုင်ငံပြီးလျှင် ဒုတိယမြောက် ငြိမ်းချမ်းရေးအဖြစ် မြောက်ကိုရီး ယားနှင့် တောင်ကိုရီး ယားတို့ သင့်မြတ်ခြင်းမှသည် ဖြစ်ပေါ်လာရန် ရေပန်းအစားဆုံး ဖြစ်လျက်ရှိသည်။ အီရန်အရေးကိုလည်း ဥရောပနှင့် ကျန်နိုင်ငံများက ဆက်လက် ထိန်းသိမ်းနေသောကြောင့် နျူကလီးယား သဘောတူညီချက် မပျက်စီးနိုင်သည့်ဘက်သို့ ပိုများနေကာ ကိုရီးယား ကျွန်းဆွယ်အရေးသာ အောင်မြင်ခဲ့ပါက ကမ္ဘာပေါ်တွင် တက်သစ်စနိုင်ငံများ၏ နျူကလီးယားအရေးက စိုးရိမ်စရာများများစားစား ရှိတော့မည် မဟုတ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ရှိန်းထက်

No comments:

Post a Comment