Latest News

Wednesday, May 9, 2018

ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားပုထိုး ၃ဝ ဆူ ပြုပြင် ထိန်းသိမ်းပြီးဖြစ်

ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားပုထိုး ၃ဝ ဆူ ပြုပြင် ထိန်းသိမ်းပြီးဖြစ်

နေပြည်တော် မေ ၉

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က အင်အားရစ်(ခ်ျ)တာစကေး ၆ ဒသမ ၈ အဆင့် မြေငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ၂ဝ၁၈ ခုနှစ် ဧပြီလအထိ စာရင်းများအရ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီး ဘုရားပုထိုး ၈၄ ဆူ စုစုပေါင်း ၃ဝ၈ ဆူကို ပြုပြင်ထိန်းသိမ်းပြီး ဖြစ်ကာ ၂၆ ဆူမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားပုထိုး ၃၈၉ ဆူ ပျက်စီးခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ကွင်းဆင်း စစ်ဆေးစာရင်း ကောက်ယူမှုအရ သိရသည်။ ရှေးဟောင်း အဆောက်အအုံများ အရေးပေါ် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်တွင်းပြည်ပ ပညာရှင်များ၏ အကြံပြုချက်များနှင့် အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီး ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အနေဖြင့် ပထမဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၅၃ ဆူနှင့် ပျက်စီးမှု အနည်းငယ်သာရှိသည့် တတိယဦးစားပေး ပြုပြင်ထိန်းသိမ်းမည့် အဆူ ၃ဝဝ ကို ကနဦး သတ်မှတ်ခဲ့ပြီး နိုင်ငံတကာ ပညာရှင်၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေးမှုအရ အဆူ ၃ဝဝ အနက် ၇၆ ဆူတို့ကို ပညာရှင်များ ဖိတ်ခေါ်၍ ဌာနက တိုက်ရိုက်ကြီးကြပ် ညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက် ခဲ့သည်။

ယခုအခါ တတိယ ဦးစားပေးမှ ကျန် ၂၂၄ဆူကို အလှူရှင်များ ဖိတ်ခေါ်ပြုပြင် ထိန်းသိမ်းခဲ့ရာ ၂ဝ၁၇ ခုနှစ် ဧပြီလတွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များ အနေဖြင့် ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် အလောတကြီး မပြုပြင်ဘဲ ရှေးမူလက်ရာမပျက် ထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment