Latest News

Friday, May 25, 2018

ပန်းတနော်မြို့နယ်အတွင်း နွေစပါးအောင်ရေရရှိရေးအတွက် မင်းတစု-ပျဉ်းမတောမြောင်းတူးဖော်မှု အမြန်ပြီးစီးရေး ဆောင်ရွက်

ပန်းတနော်မြို့နယ်အတွင်း နွေစပါးအောင်ရေရရှိရေးအတွက်
မင်းတစု-ပျဉ်းမတောမြောင်းတူးဖော်မှု အမြန်ပြီးစီးရေး ဆောင်ရွက်

ပန်းတနော်  မေ  ၂၄

ပန်းတနော်မြို့နယ်အတွင်းရှိ    မင်းတစု-ပျဉ်းမတောမြောင်းအား ရေစီးရေလာကောင်းမွန်စေ ရေးနှင့် နွေစပါးအောင်ရေရရှိရေးအတွက် မေ ၄ ရက်မှစတင်ကာ စက်ယန္တရားများဖြင့် တူးဖော် ဆောင်ရွက်လျက်ရှိကြောင်း မအူပင်ခရိုင် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

''အခုတူးလိုက်တာက ပျဉ်းမတောရေတံခါး အထက်ပိုင်း မိုင်ဝက်လောက်ထိ ထိပ်ဝအကျယ် ပေ ၂ဝဝ၊ အောက်ခြေအကျယ် ပေ ၁၈ဝ နဲ့ ပျမ်းမျှ အနက် သုံးပေခန့်တူးဖော်ပြီး ကျန်တဲ့ သုံးမိုင်ခွဲ လောက်ကိုတော့ ထိပ်ဝအကျယ် ပေ ၆ဝ၊ အောက်ခြေ အကျယ် ပေ ၅ဝ နဲ့ ပျမ်းမျှအနက် ငါးပေတူးဖော် ပေးနေတာပါ၊ ပြည်ထောင်စုရန်ပုံငွေနဲ့ တူးဖော်ပေး နေတာဖြစ်ပါတယ်၊ စက်ယန္တရားအင်အား ကိုးစီးနဲ့ သတ်မှတ်ရက်အတွင်း အပြီးတူးဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု မအူပင်ခရိုင် ဆည်မြောင်း နှင့်           ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

''မင်းတစု-ပျဉ်းမတောမြောင်းကို ပြန်လည်တူးဖော် ပေးလိုက်တာဟာ ကျွန်တော်တို့   ဒေသခံတောင်သူတွေရဲ့ ဘဝကို မြှင့်တင်ပေးလိုက်သလိုပါပဲ၊    စိုက်ပျိုးရေးအပြင် သွားလာဆက်သွယ်ရေးနဲ့   ကျေးလက်ကုန်ထုတ်လမ်း အဖြစ်ပါ အဆင်ပြေတော့မှာဖြစ်လို့ ဝမ်းသာပါတယ်''ဟု ရေလဲ-နှဲကောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသံချောင်း က ပြောသည်။

''မင်းတစု-ပျဉ်းမတောမြောင်း တူးဖော်ပေးလိုက်တဲ့ အတွက်  ပန်းတနော်မြို့နယ်အတွက်သာမက  ဇလွန်၊ ကျုံပျော်နဲ့  ဓနုဖြူမြို့နယ်တွေအတွက်ပါ  ရေစီးရေလာ ပိုမိုကောင်းမွန်လာမှာ  ဖြစ်ပါတယ်၊  နွေစပါးအတွက် အောင်ရေရရှိမှုနဲ့ မိုးစပါးအတွက် ရေကြီးနစ်မြုပ်မှုကနေ လျော့ပါးသက်သာလာမှာ ဖြစ်ပါတယ်၊  ဒေသအတွက်  အကျိုးရှိတဲ့ ဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်၊ နှဲကောမြောင်း နဲ့ မင်းတစုဘုရားရိုးမြောင်းကိုလည်း ဆက်လက်တူးဖော် ပေးစေချင်ပါတယ်''  ဟု မင်းတစု  (မင်းဂရု)ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းစိုးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော် မြို့နယ် ရေလဲ-နှဲကောကျေးရွာအုပ်စုအတွင်းရှိ ပျဉ်းမတော ရေတံခါး အဝင်မြောင်းဖြစ်သည့် မင်းတစု- ပျဉ်းမတော မြောင်းအား ယခုကဲ့သို့ ပြန်လည်တူးဖော်ပေးလိုက်သဖြင့် ဓနုဖြူမြို့နှင့် ပန်းတနော်မြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၄၅ဝဝ အား အောင်ရေကောင်းစွာ ပေးဝေနိုင်မည့်အပြင်      ချောင်း၊ မြောင်းတိမ်ကော၍ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လေ့ ရှိသည့် ဧက ၆ဝဝဝ ခန့်အား ရေကြီးနစ်မြုပ်မှုမှ လျှော့ချ ကာကွယ်သွားနိုင်မည်ဖြစ်သဖြင့် စိုက်ဧကများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။                

သတင်းနှင့်ဓာတ်ပုံ(​ကြေးမှုံ)သပြေထွန်း

No comments:

Post a Comment