Latest News

Friday, May 25, 2018

ပီအက်စ်ဂျီအသင်း နည်းပြဟောင်း အမ်မရီ အာဆင်နယ် အသင်း၏ နည်းပြဖြစ်လာ

ပီအက်စ်ဂျီအသင်း နည်းပြဟောင်း အမ်မရီ အာဆင်နယ် အသင်း၏ နည်းပြဖြစ်လာ

ပီအက်စ်ဂျီအသင်းနည်းပြဟောင်း အမ်မရီအား အာဆင်နယ်အသင်း နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် အီဗန်ဂါဇီဒစ်က ပြောကြားလိုက်သည်။

အသက် ၄၆ နှစ်အရွယ်ရှိ နည်းပြအမ်မရီသည် ပီအက်စ်ဂျီအသင်းအား ပြင်သစ် ပထမတန်းဖလားရယူပေးခဲ့ပြီးနောက် ပီအက်စ်ဂျီ အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံသားနည်းပြ အမ်မရီသည် ဆီဗီလာအသင်းတွင် တာဝန်ယူကိုင်တွယ်စဉ်က ယူရိုပါလိဂ်ချန်ပီယံအဖြစ် သုံးနှစ် ဆက်တိုက်ရယူပေးနိုင်ခဲ့ပြီး ပြင်သစ် ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိလာခဲ့ချိန်တွင်လည်း ပြင်သစ်ပြည်တွင်းဖလား လေးလုံးအထိ ရယူပေးနိုင်ခဲ့သူဖြစ်သည်။

နည်းပြ အမ်မရီသည် နည်းပြ အာစင်ဝင်းဂါးနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး အာစင်ဝင်းဂါးမှာ အာဆင်နယ် အသင်းတွင် ၂၂ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြတစ်ဦး ဖြစ်သည်။

မန်စီးတီးအသင်း၏ လက်ထောက်နည်းပြနှင့် အာဆင်နယ်အသင်း၏ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် မိုက်ကယ် အာတီတာသည်လည်း အာဆင်နယ်အသင်းနည်းပြဖြစ်လာရန် ရေပန်းစားခဲ့သော်လည်း အာဆင်နယ်အသင်းသည် နည်းပြဘဝတွင် အတွေ့အကြုံရင့်ပြီး အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သည့် အမ်မရီကိုသာ နည်းပြသစ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အမ်မရီသည် နည်းပြဘဝတွင်သာမက ကစားသမားဘဝကလည်း ခြေစွမ်းကောင်းတစ်ခုပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ရီးယဲလ်ဆိုစီဒက်အသင်း နှင့် တိုလီဒိုအသင်းတို့တွင် ပါဝင်ကစားပေးခဲ့ပြီး နည်းပြဘဝကို အယ်လ်မာရီးယားအသင်းနှင့် ဗလင်စီယာအသင်းတို့တွင် စတင်ခဲ့သူဖြစ် သည်။

ထို့နောက် နည်းပြ အမ်မရီသည် ၂ဝ၁၃ ခုနှစ်တွင် ဆီဗီလာအသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ၎င်းကိုင်တွယ်ခဲ့ သည့် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း ဆီဗီလာအသင်းကို ဥရောပ၏ ဒုတိယအကြီးဆုံးပြိုင်ပွဲဖြစ်သည့် ယူရိုပါလိဂ်ဖလားကို သုံးကြိမ် ရယူပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် နည်းပြ အမ်မရီသည် ၂ဝ၁၃-၂ဝ၁၄ တွင် ဥရောပ၏ အကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့သည်။

လက်ရှိတွင် နည်းပြအမ်မရီသည် အာဆင်နယ်အသင်းနည်းပြဖြစ်လာခဲ့ပြီး အာဆင်နယ်အသင်းတွင်လည်း အခြားကလပ်အသင်း များကဲ့သို့ ဆုဖလားများ ရယူပေးနိုင်မည်လားဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေခဲ့သည်။                            

ငွေကြယ်(​ကြေးမှုံ)

No comments:

Post a Comment