Latest News

Wednesday, May 16, 2018

တောကောင်များကို ကြင်နာပါ

တောကောင်များကို ကြင်နာပါ

အဆီအနှစ်များ၊ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပန်းကန်ထဲတွင် သဖန်းသီးကဲ့သို့သော အသီးအနှံအပိုင်းအစများကို ဟင်းအဖြစ် မြင်ရသည်။ ကြက်ဥအနှစ်ကဲ့သို့ ဝါဖန့်ဖန့် အနှစ်များ လည်းပါသည်။ ကြက်အူကိုဖြတ်ပိုင်းထားသည်ဟုထင်ရသည့် အူအပိုင်းအစများမှာ ဟင်းခတ်အမွှေးအကြိုင်များ၏အကူအညီဖြင့် စားကောင်းမည့်ဟင်းတစ်ခွက်ဟု ထင်ရသည်။ ယခုကဲ့သို့ ဟင်းတစ်ခွက် စားပွဲပေါ်ရောက်ရှိလာဖို့ လွယ်ကူသည်တော့မဟုတ်။ မုဆိုးများက ရက်ပေါင်းများစွာစောင့်ဆိုင်းပြီးမှ ရရှိသည်တဲ့။ ဟင်းအမည်က မျောက်ချေးခါး။ အလွယ် တကူစားသုံးဖို့တော့ မဖြစ်နိုင်ဘူးဟု ရောင်းချသူကဆိုသည်။ တကယ်က အစားစားပြီးစမျောက်ကလေးများအား ပစ်ခတ်ဖမ်းကာ အသက်မကုန်မီ ဗိုက်ကိုခွဲ၍အတွင်းမှ အစာအိမ် နှင့် အူမကြီးတို့ကို ထုတ်ယူရသည်။ လေမဝင်စေရန် အူထိပ်ကိုထုံးထားရသည် လေဝင်က အလွန်ခါးသည်ဟု ရောင်းချသူက ဆက်ပြောပြသည်။ ရခိုင်ရိုးမတစ်နေရာ ငပလီကမ်းခြေမှအပြန် မျောက်ချေးခါး ဝယ်ယူသူများကတော့ တစ်ဆယ်သားကို ငွေကျပ် ခုနှစ်ထောင်မှ တစ်သောင်းကျော်ပေးဝယ်ခဲ့ရသည်ဟုဆိုသည်။ မျောက်ကလေးများကဲ့သို့ပင် အခြားအခြားသော သားရိုင်းသတ္တဝါအများစုသည် လူသားတို့၏ လောဘအမျိုးမျိုးတို့ကြောင့် နေ့စဉ်ရက်ဆက် သေပွဲဝင်နေကြရသည်။

ဈေးကွက်က တောင်းဆို
''တောကောင်သားတွေကို   စား သောက်နေကြတာကြောင့်   ပညာပေး လုပ်ငန်းတွေ အများကြီးလုပ်နေပါတယ်၊ ဒါပေမယ့် စားသုံးသူတွေရှိသလို ရောင်းချ သူတွေကလည်း ရှိတယ်၊ သားကောင်တွေ လိုက်တဲ့ မုဆိုးတွေလည်း သူ့ဟာသူရှိနေ ကြတာပဲ၊  ကျွန်တော်တို့ကတော့   မြင် သလောက်တွေ့သလောက်  တားမြစ်ဖူး တယ်၊ ဒါပေမယ့် ဈေးကွက်ကတောင်း ဆိုတာကြောင့်  ဒေသခံတွေဟာလည်း ငွေနောက်လိုက်နေကြရတာလည်း   ရှိ တယ်'' ဟု  ရှမ်းရိုးမတောင်တန်းကြီး၏အစပ်   ပင်လောင်းလမ်းခွဲအကျော်မှ ဒေသခံတစ်ဦးကလည်း ဆိုသည်။


မြန်မာနိုင်ငံသည်   သဘာဝသယံ ဇာတများ၊ ထူးခြားသော ဇီဝမျိုးကွဲမျိုးစုံ များနှင့် သစ်တောထွက်ကုန်များ ပေါများ သည့်နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာ့သစ်တော ထွက်ကုန်များသည် က္ဘာ့အလယ်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ တိုးတက်ဖွံ့ဖြိုး လာခြင်းနှင့်အတူ  သဘာဝသယံဇာတ များကို အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် သစ်တောထွက် သယံဇာတများ၊ တောရိုင်း တိရစ္ဆာန်များသည် မျိုးသုဉ်းမှု၊ ရှားပါးလာမှု တို့နှင့် ရင်ဆိုင်နေကြရသည်။ လွတ်လပ် ရေးရပြီးစက မြန်မာ့သစ်တောမြေသည် နိုင်ငံ၏ ၇ဝ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၄ဝရာခိုင်နှုန်းဝန်းကျင်သာရှိတော့သည်။ ထိုသို့ သဘာဝသယံဇာတများလျော့နည်း လာခြင်းကို  တားဆီးနိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက  ထိန်းသိမ်းစောင့် ရှောက်မှုများ၊ ပညာပေးမှုများကို အဆက် မပြတ်ပြုလုပ်နေသည်ကိုလည်း မြင်တွေ့ ရသည်။ လက်ရှိတွင် သဘာဝနယ်မြေ ၄ဝ ခုခန့်ရှိပြီး ယင်းနေရာများသည် မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ ၅ ရာခိုင်နှုန်းကျော်ရှိနေ ပြီဖြစ်သည်။
ဝန်ကြီးဌာနအပါအဝင် နိုင်ငံတကာ အန်ဂျီအိုများ၊ ပြည်တွင်းအဖွဲ့အစည်းများက ပူးပေါင်းကာ     ပညာပေးလုပ်ငန်းများ တောရိုင်းတိရစ္ဆာန်များ     ထိန်းသိမ်း ကာကွယ်ခြင်းနှင့် တရားမဝင်ရောင်းဝယ်မှုတားဆီးရေးဆိုင်ရာ ကမ်ပိန်းများကို နေရာအနှံ့တွင်   ကျင်းပခဲ့သော်လည်း တောကောင်ရောင်းချသည့် ဟင်းလျာဆိုင် များ၊ တောကောင်သားများ၊ အခြောက် လှန်းထားသည့် တိရစ္ဆာန်များ၏ အသွေး အသားအရိုးအစွယ်များသည်  တည်ရှိ နေဆဲဖြစ်ပြီး  တိရ္ဆာန်များသည်လည်း နေ့စဉ်နှင့်အမျှ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ ကိုခံစားနေရဆဲဖြစ်သည်ကို  မြင်တွေ့ရ သည်။
ဖမ်းမိဖို့ မလွယ်
''တောထဲကိုသွားရင်  မကြာခဏ ဆိုသလို ဆင်အရေပြားတွေ၊ အသားတွေ အခြောက်လှန်းတာကို ကြုံရတယ်၊ မကြာ သေးခင်ကပဲ ကျွန်တော်တို့ ဒေသခံတွေရဲ့ သတင်းပေးမှုနဲ့  ဆင်ဘေးမဲ့တောထဲမှာ အခြောက်လှန်းထားတဲ့ ဆင်စွယ်မပါတဲ့ ဆင်အသားတွေ၊ အရေပြားတွေနဲ့ အရိုး တွေကို ဖမ်းမိခဲ့သေးတယ်၊ ဈေးကွက် ကလည်း တော်တော်ကို ကျယ်ပြန့်ပါတယ်၊ သစ်တောကလည်း  ဖမ်းပေမယ့်  ရိုးမ အကျယ်ကြီးထဲမှာ  ဘယ်လိုမှ  ဖမ်းမိဖို့ မလွယ်ဘူး၊ အဲဒီဖြစ်စဉ်က ဧပြီလဆန်း မှာဖြစ်ခဲ့တာ၊ မုဆိုးကိုလည်း ဖမ်းမိခဲ့တယ်၊ ဒါပေမယ့် သူပစ်ခတ်ပြီး သေဆုံးသွားတဲ့ ဆင်ကိုတော့ ဘယ်လိုမှအစားပြန်မရနိုင် တော့ဘူးလေ၊ ဒါက ဒေသအတွက်ရော၊ ဆင်တွေအတွက်ရော    ဆိုးကျိုးတွေပေါ့၊ ကျွန်တော်တို့ဒေသတစ်ခုတည်းတင်မကပါဘူး၊ နယ်စုံမှာ ဈေးကွက်ရှိတယ်၊ ဆင်စွယ် ဆိုရင် မုဆိုးတစ်ယောက်အတွက် ခြောက် သိန်းလောက်ရနိုင်ပေမယ့် တကယ်အပြင် မှာ ပြန်ရောင်းစားရင် အဆပေါင်းများစွာ ရတယ်''ဟု ကျ္တိလီဒေသခံ  တစ်ဦးက ပြောကြားသည်။
အဆိုပါမုဆိုးအား  တောရိုင်းတိရစ္ဆာန် နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ    ထိန်းသိမ်းရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး အခြား သော   ဒေသများဖြစ်သည့်  ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် စသည့်   ဒေသအသီးသီးတွင်လည်း တောဆင်အပါအဝင် တောရိုင်းတိရစ္ဆာန် များကို သတ်ဖြတ်ဖမ်းဆီးမှုသည် ဆက် လက်ဖြစ်ပွားလျက်ရှိပြီး မကြာခဏဆိုသလို တရားခံများအား ဖမ်းဆီးရမိသည့် သတင်း များကိုလည်း မြင်တွေ့ရသည်။
ရောင်းချနေကြဆဲ
''တောကောင်သား    ဆိုင်တွေက အရင်လိုပေါ်ပေါ်ထင်ထင်တော့ မရောင်းချ တော့ပါဘူး၊ ဒါပေမယ့်ရှိနေဆဲပဲ၊ ကျွန်တော် စားခဲ့တဲ့ဆိုင်က ချေသားရတယ်၊ ဖြူသားရ တယ်၊ တောဝက်နဲ့ ဆတ်ရတယ်၊ ဈေးက တော့ တစ်ပွဲကို သုံးတုံးလောက်ပါတာကို ငွေကျပ် ၅ဝဝဝ နဲ့ရောင်းတာ၊ အသား စစ်မစစ်ကတော့ ကိုယ်လည်း မြင်ရတာ မဟုတ်တော့  သေသေချာချာမသိဘူး၊ အရင်က    တောကောင်သားစားချင်ရင် ကျိုက်ထီးရိုးဘုရားဖူးသွားမှ စားရတယ်၊ အခုက ရန်ကုန်-နေပြည်တော်အမြန်လမ်း မှာလည်းရတယ်၊  အခြားဒေသတော်တော် များများမှာလည်း  ရတယ်၊  ရိုးမနဲ့နီးတဲ့ ဒေသတော်တော်များများမှာ ရောင်းနေ ကြတာ၊ အချို့ဆိုင်တွေဆိုရင် တောကောင် သားမရောင်းပါဆိုတဲ့ ဆိုင်းဘုတ် တောင် ချိတ်ထားတယ်၊ ကျွန်တော်ကတော့ အဲဒီ ဆိုင်မှာ ချေသားဟင်းလို့ရောင်းတဲ့သူပြော တဲ့ဟင်းနဲ့  စားလာခဲ့တယ်''ဟု ခရီးသွား တစ်ဦးဖြစ်သည့် ကိုနေကပြော ကြားသည်။
ပြီးခဲ့သည့်  မတ်လအတွင်းက  သစ် တောဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း ကာ  တောရိုင်းတိရ္ဆာန်များ  ထိန်းသိမ်း ကာကွယ်ခြင်းနှင့် တရားမဝင်ရောင်းဝယ်မှုတားဆီးရေးဆိုင်ရာ လှုပ်ရှားမှုကမ်ပိန်းကို နေပြည်တော်နှင့် အနီးတစ်ဝိုက်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသည်။
''နေပြည်တော်ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ အသိပညာပေးတဲ့လုပ်ငန်းတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ မြို့မဈေး၊ သပြေကုန်းဈေးနဲ့ အာဟာရသုခဈေး၊ လှေခွင်း တောင်စတဲ့နေရာတွေမှာ အသိပေးဆိုင်းဘုတ်တွေစိုက်ထူခဲ့သလို အမှတ် တရတီရှပ်တွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့ပါတယ်၊ အဓိကရည်ရွယ်ချက် ကတော့ နေပြည်တော်ကောင်စီနယ်မြေ အတွင်းက   နေရာတွေမှာ   တောရိုင်း တိရစ္ဆာန်နဲ့ပတ်သတ်တဲ့ အသားတွေ ဟင်း လျာအဖြစ်ရောင်းချတာ၊ အသုံးအဆောင် အဖြစ် ရောင်းချတာတွေမရှိအောင် မလုပ် ကြဖို့၊ ဥပဒေအရ ပြစ်မှုပြစ်ဒဏ်မြောက်တဲ့ အတွက် စည်းကမ်းသတ်မှတ်နိုင်ဖို့ လုပ် ဆောင်ပေးခဲ့တာဖြစ်ပါတယ်''ဟုWCS မြန်မာမှ လှုပ်ရှားမှု လာရောက်ဆောင်ရွက် သူတစ်ဦးက ပြောပြသည်။
ဆင်သားရေကုန်သွယ်မှု
အာရှဒေသတွင်  ယခင်က  အရွယ် ရောက်ပြီး ဆင်အထီးများကိုသာ ဆင်စွယ် ရလိုမှုဖြင့် သတ်ဖြတ်ခဲ့ကြသော်လည်း ယခုအခါ  ဆင်သားရေကုန်သွယ်မှုများ ပြားလာသည့်အတွက် ဆင်အထီး၊ ဆင် အမ၊ အသက်အရွယ်မရွေး သတ်၍ရယူကြ ကြောင်း၊   တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်၍ ဥပဒေများမှာ  တောရိုင်း တိရစ္ဆာန်၊ သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်း ရေးဥပဒေနှင့်  တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ  ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးနည်းဥပဒေတို့ဖြစ်ကြသည်။ သို့သော် အားပေး ကူညီမှုနှင့် ဝိုင်းဝန်းအားဖြင့် အဖြေရှာဖော် ထုတ်နိုင်မှု   အားနည်းနေသေးသည်။ ယနေ့အထိ ဆင်မုဆိုးများ၊ သားကောင်ဖမ်း ကြသူများကိုသာ စီမံချက်များဖြင့် ဖမ်းဆီး သည့်အတွက် အတော်အသင့်တားဆီးနိုင် ခဲ့သော်လည်း တောရိုင်းတိရစ္ဆာန်များ၏ အသွေးအသားနှင့် အရေပြားတို့ကို ရောင်း ချသူကုန်သည်များကို တိုက်ရိုက်ဖမ်းဆီးမှု မှာ မရှိသလောက်နည်းပါးနေသေးကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်òန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။
မတ် ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရ္ဆာန်များနေ့တွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင် တွေ့ကြုံနေကြရသည့် တောရိုင်းတိရစ္ဆာန် များအား ကာကွယ်စောင့်ရှောက်မှု အပါ အဝင် မြန်မာနိုင်ငံ၏ အလွန်တန်ဖိုးရှိသော သဘာဝအရင်းအမြစ်များကို  ထိန်သိမ်း ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းနေမှု များအတွက် ဥရောပသမဂ္ဂက မြန်မာ နိုင်ငံအစိုးရကို ဂုဏ်ပြုခဲ့သည်။
တောရိုင်းတိရ္ဆာန်ပစ္စည်းများ တရား မဝင်ကုန်ကူးခြင်းသည်  က္ဘာတစ်ဝှမ်းလုံး တွင် လုပ်ဆောင်နေသည့် အမြတ်အစွန်း များစွာရရှိသော ရာဇဝတ်မှုတစ်ခုလည်းဖြစ် သည်။  ထိုသို့တရားမဝင်   ကုန်ကူးခြင်း ကြောင့် ဇီဝမျိုးကွဲများအပေါ် ဆိုးရွားသည့် သက်ရောက်မှုများရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို နှောက်ယှက်ဖျက် ဆီးမှုလည်းဖြစ်ကြောင်း ဥရောပသမဂ္ဂမှ သဘောထားထုတ်ပြန်ထားသည်။
တရုတ်မှတားမြစ်
အာရှနိုင်ငံများတွင်    တောရိုင်း တိရ္ဆာန်ဈေးကွက်တွင် နာမည်ကျော်ကြား ခဲ့သည့် တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့ တွင် ဆင်စွယ်အပါအဝင် အခြားတောရိုင်း တိရ္ဆာန်များ တင်သွင်းခြင်းကို တားမြစ် လိုက်ပြီဖြစ်သည်။ သို့သော် တရားမဝင် ဈေးကွက်သည် ရှင်သန်ဆဲဟု နိုင်ငံတကာ မီဒီယာများက ဖော်ပြကြသည်။ မြန်မာနိုင်ငံ တွင်လည်း တောတောင်များစွာကျန်ရှိ နေပြီး ယင်းတို့တွင် ကျားများ၊ ဆင်များနှင့် အခြား     တောရိုင်းတိရစ္ဆာန်မျိုးစိတ် ၂ဝဝကျော်ကျန်နေသေးသည်။ ယင်းတို့ကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်ခြင်း၊ ဥပဒေ အရအရေးယူခြင်းတို့ဖြင့် ကာကွယ်ကြ ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အခြားနိုင်ငံ များ၏ ဝယ်လိုအားကိုဖြည့်ဆည်းပေးနေ သည့် ဈေးကွက်တစ်ခုဖြစ်နေ မည်ကို စိုးရိမ်ကြောင်း       မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး    မစ္စတာ Kristian Schmidtက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မီဒီယာများအား ပြောကြားခဲ့ဖူးသည်။
ပညာပေးမှု အရှိန်မြှင့်ရန်လို
ယင်းသို့ တောရိုင်းတိရ္ဆာန်ပစ္စည်း များ  တရားမဝင်ကုန်ကူးမှုပပျောက်ရေး အတွက်  အစိုးရနှင့်အတူ  အဖွဲ့အစည်း များက ဝိုင်းဝန်းကူညီကြရန်လိုအပ်နေပြီး ဈေးကွက်ပိတ်သိမ်းခြင်း၊ ကင်းလှည့်ထိန်းသိမ်းရေးဝန်ထမ်းများကို  သင်တန်းများ ပေးအပ်ခြင်း၊ ပြည်သူလူထုနှင့် ဒေသခံများ အား ပညာပေးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်နေကြောင်းကိုလည်း သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တောရိုင်းတိရ္ဆာန်ချစ် သူများဂရုဖ်မှ ကိုမျိုးဝင့်သူက ပြောကြား သည်။
''အခုအချိန်မှာ ဆင်သားရေခွာတဲ့ လုပ်ငန်းက   တော်တော်လေးဈေးကွက် ကြီးမားတယ်လို့ပြောရင်ရတယ်၊ ဒေသ စုံမှာ   ဆင်သေတွေကို  တွေ့နေရတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ ပဲခူး ရိုးမနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေပေါ့၊ ထိထိရောက်ရောက်အရေးယူနိုင်ဖို့အတွက် ဒေသစုံမှာ    ပညာပေးတွေ၊    ဥပဒေ အကြောင်း  သိကောင်းစရာတွေ၊ သဘာဝ ပတ်ဝန်းကျင်ရဲ့ တန်ဖိုးတွေကို ပြောကြား ပေးဖို့လိုအပ်ပါတယ်၊ တစ်ဖက်မှာလည်း မုဆိုးတွေ ကျက်စားလေ့ရှိတဲ့ ဒေသတွေ အထိ ပညာပေးဖို့အတွက် အစိုးရကရော၊ အဖွဲ့အစည်းတွေကပါ ထောက်ပံ့ပေးဖို့လို အပ်တယ်''ဟု သူကဆက်ပြောသည်။
ထို့ပြင် နယ်စပ်ဒေသများသို့ သွား ရောက်၍ လေ့လာတွေ့ရှိချက်များအရ ဆင်သားရေသည်   အဝယ်လိုက်နေပြီး ဆင်အရေခွံတစ်ပေါင်လျှင် မြန်မာငွေကျပ် ၄ဝဝဝဝ ခန့် ဈေးပေါက်နေသည်။  တော ဆင် အရွယ်ရောက်ပြီးတစ်ကောင်လျှင်  ဆင်မုဆိုးတို့ထံမှ ပြန်လည်ဝယ်ယူသည့် နှုန်းထားမှာ တစ်ပေါင်လျှင် မြန်မာငွေကျပ် ၂ဝဝဝဝ ပင်  မပြည့်ဟု  ကိုမျိုးဝင့်သူက ပြောကြားပြီး ယခုကဲ့သို့ တားမြစ်ချက်များ၊ ဖမ်းဆီးအရေးယူမှုများကြားမှပင်  တရုတ် နယ်စပ်တွင်  တရားမဝင်  ဆင်အရေခွံ ရောင်းချမှု ရှိနေသေးကြောင်း သိရှိရသည်။
နယ်စပ်မှ မှောင်ခိုဈေးကွက်
နယ်စပ်ရောင်းဝယ်ဖောက်ကားမှုများ တွင်အများဆုံးတွေ့ရှိရသည့် တိရ္ဆာန်များ မှာ ကြံ့၊ တောင်ဆိတ်၊အောက်ချင်း၊ တော ကျွဲ၊ လိပ်နှင့် ဆင်အရေခွံတို့ဖြစ်ကြောင်း ကိုမျိုးဝင့်သူက ပြောကြားပြီ WWF ၏ အစီရင်ခံစာအရ တရုတ်နှင့် ဗီယက်နမ်နှင့် စင်ကာပူစသည့် နိုင်ငံများမှ ခရီးသွားများ နှင့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ် ကြသည့် ခရီးသွားများက မိုင်းလားနှင့် တာချီလိတ်စသည့်    နေရာများတွင်ရှိ နေသည့်  သားရိုင်းတိရစ္ဆာန်ပစ္စည်း  မှောင် ခိုဈေးကွက်ကို  ရောက်လာကြကြောင်း၊ ဝက်ဝံသည်းခြေ၊  မြွေသည်းခြေများနှင့်  လိပ်အမျိုးမျိုးတို့သည် နေ့စဉ်ဈေးကွက် အတွင်း  နေ့စဉ်ပေါများစွာ  ဝင်ရောက် နေသည်ကို  မြင်တွေ့ရကြောင်း၊  နေ့စဉ် အရောင်းအဝယ်ရှိနေပြီး  ဒေါ်လာ  ဆယ် ဂဏန်းမှသည် ထောင်ချီ၍အရောင်းအဝယ် ဖြစ်နေကြောင်း၊ နေ့စဉ် ဆင်အရေခွံ ပေါင် ၇ဝဝ မှ ၁ဝဝဝ အကြား အနုတ်အသိမ်း ရှိသည်ကို  တွေ့ရကြောင်း WWF   ၏  အစီရင်ခံစာအရ သိရှိရသည်။
လသာမြို့နယ်စားသောက်ဆိုင်အချို့၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်၊ ဘုရားစောင်းတန်းများနှင့်  အထင်ကရ ဈေးအချို့တို့တွင်  တောရိုင်းတိရစ္ဆာန် များနှင့် ယင်းတို့၏  အစိတ်အပိုင်းများကို ရောင်းချနေမှုများ  အဆုံးသတ်သင့်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံ အမတ်ကြီး မစ္စတာ Mr. Peter Lysholt Hansen   က   ပြောကြားထားပြီး မြန်မာနိုင်ငံရှိ   တောရိုင်းတိရစ္ဆာန်များ၏ အနာဂတ်သာယာလှပရေးအတွက် တတ် စွမ်းသမျှ  ကူညီမည်ဟုလည်း  ပြောကြား ထားသည်။
'လွန်ခဲ့တဲ့    နှစ်ပေါင်းလေးဆယ် ကျွန်တော်ငယ်ငယ်က ရွာထဲကနေ ကျား ဟိန်းသံတွေ၊  ပြောင်တွေ  တစ်ကောင်နဲ့ တစ်ကောင် တိုးဝှေ့သံတွေကို ကြားရဖူး တယ်၊ အခုတော့ အတော်လေး ရှားပါးသွား ပါပြီ၊ မရှိတော့သလောက်ပဲ၊ အဆိုးဆုံး ကတော့ လွယ်လွယ်နဲ့ ဖမ်းလို့ရနိုင်သေးတဲ့ သားကောင်တွေ   ပစ်ခတ်နေကြတာ မျိုးသုဉ်းတော့မယ်၊ လမ်းပန်းဆက်သွယ် ရေးက  ကောင်းလာတဲ့အတွက်  ချင်း ပြည်နယ်ကို လာရောက်တဲ့ ခရီးသွားတွေ လည်း ပေါများပါတယ်၊  သူတို့ရဲ့အပြန် လက်ဆောင်ထဲမှာ ချေသား၊ ဆတ်သား ဆိုပြီး အမြဲပါတယ်၊ တစ်ပိဿာကို ငွေကျပ် နှစ်သောင်းဝန်းကျင်ပေးရတယ်၊ တော ကောင်တွေလည်း ကုန်တော့မယ်၊ ချေတွေ၊ ဒရယ်တွေရဲ့ ဦးချိုတွေ၊ သားရေတွေဆို တာလည်း တန်ဖိုးတော်တော်လေးများ တယ်၊ နယ်စပ်ကိုလည်း တင်ပို့ကြတယ်၊ တရားမဝင်နည်းလမ်းဆိုတော့ ဒေသခံတွေ အတွက် တန်ဖိုးထက်အများကြီးလျော့ နည်းပြီး ရကြတာပါ၊ ကျွန်တော်တို့ ဖလမ်း အပြင် ဟားခါးရော တီးတိန်မှာပါ တော ကောင်သား  အစို၊  အခြောက်အားလုံး လက်သိပ်ထိုး  ရောင်းချနေတာရှိတယ်။ ဈေးတွေမှာ  မသိမသာ  လာရောင်း၊ လာဝယ်နေကြတာလည်းရှိတယ်၊ ကား တွေ ရပ်နားတဲ့ သိုင်းငင်၊ လုမ်းဘန်တို့မှာဆို ဆိုင်တော်တော်များများက တောကောင် တွေရတယ်''ဟု ဖလမ်းမြို့ဒေသခံ ကိုဆန် ဇန်လျံက ပြောပြသည်။
လိုင်စင်မရှိဘဲ အမဲလိုက်ခြင်း၊  အမဲ လိုက်ခွင့်လိုင်စင်စည်းကမ်းချက်တစ်ရပ် ရပ်ကို ချိုးဖောက်ခြင်း၊ သာမန်ကာကွယ် ထားသည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြု ချက်မရှိဘဲ စီးပွားရေးအလို့ငှာ မွေးမြူခြင်း တို့ပြုလုပ်ပါက ထောင်ဒဏ်သုံးနှစ်၊ ငွေဒဏ် တစ်သောင်းအထိ သို့မဟုတ် နှစ်ရပ်လုံးဖြစ် စေချမှတ်ရမည်ဟုပါရှိပြီး      သာမန် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက် ခြင်း  သို့မဟုတ်  အနာတရဖြစ်စေခြင်း၊ ယင်းတောရိုင်းတိရစ္ဆာန်ကိုဖြစ်စေ၊ ယင်း၏ အစိတ်အပိုင်းကို ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ် ဆောင်ခြင်းသို့မဟုတ် လွှဲပြောင်းခြင်းတို့ ပြုလုပ်ပါက ထောင်ဒဏ် ငါးနှစ်ဖြစ်စေ၊ ငွေဒဏ် သုံးသောင်းအထိဖြစ်စေ၊ နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပြီး လုံးဝကာကွယ်ထားသည့်     တောရိုင်း တိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ် ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရ ဖြစ်စေခြင်း၊ ယင်းတောရိုင်းတိရစ္ဆာန်ကို ဖြစ်စေ၊ ယင်း၏ အစိတ်အပိုင်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ   လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊ ညွှန်ကြားရေးမှူးချုပ်၏ ထောက်ခံချက်မရှိဘဲ ပြည်ပသို့ တင်ပို့ပါက ထောင်ဒဏ်ခုနစ်နှစ်ဖြစ်စေ၊    ငွေဒဏ် ငါးသောင်းဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပြီး ပြစ်မှု ကျူးလွန်သူကြောင့် သစ်တောဦးစီးဌာန၏ ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကို သစ်တောဦးစီး ဌာနသို့  လျော်ကြေးပေးဆောင်စေရန် အမိန့်ချမှတ်နိုင်သည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သော တောရိုင်းတိရစ္ဆာန်များ၊ ယင်းတို့  အစိတ်အပိုင်းများကို  ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီး ပြစ်မှုနှင့်သက်ဆိုင်သည့် ယာဉ်၊ တိရစ္ဆာန် နှင့် အခြားပစ္စည်းကိရိယာများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်  သိမ်းဆည်းရန် အမိန့်ချမှတ်နိုင်ကြောင်း    တောရိုင်း တိရစ္ဆာန်နှင့်     သဘာဝအပင်များ ကာကွယ်ရေးနှင့်  သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေတွင်  ဖော်ပြထား သည်။
တောရိုင်းတိရစ္ဆာန်များကို ကာကွယ် ထိန်းသိမ်းခြင်းသည်   အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး  သစ်တောဦးစီး ဌာန  လက်အောက်ရှိ သဘာဝပတ်ဝန်း ကျင်နှင့်    သားငှက်တိရစ္ဆာန်  ထိန်းသိမ်းရေး ဌာနသည်   ဒေသအနှံ့တွင်   သားရိုင်း တိရစ္ဆာန်များကို ဝန်ထမ်းများ၊ အဖွဲ့အစည်း များ၊ ဒေသခံများနှင့် ပူးပေါင်းကာ ထိန်း သိမ်း စောင့်ရှောက်လျက်ရှိသည်။ သို့ဖြစ်၍ ဒေသခံများအားလုံးကလည်း  တောရိုင်း တိရစ္ဆာန်များကို ကြင်နာသနားသောစိတ် ထားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်လို အပ်ပြီး   စားသုံးသူများနှင့်   ရောင်းဝယ် သူများကလည်း   တိရစ္ဆာန်များ  သဘာဝ အတိုင်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်ကျက် စားခွင့်အတွက် စောင့်ရှောက်ကူညီထိန်း သိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း တင်ပြ လိုက်ပါသည်။      

သတင်းဆောင်းပါး - ရှင်လမင်း၊ ဓာတ်ပုံ -WCS Myanmar, FOW


No comments:

Post a Comment