Latest News

Tuesday, May 15, 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း သီးနှံအာမခံ စတင်စမ်းသပ်လုပ်ကိုင်မည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း သီးနှံအာမခံ စတင်စမ်းသပ်လုပ်ကိုင်မည်

ပုသိမ်  မေ   ၁၄

မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးရေး အခြေခံဖြစ်ပြီး   စပါးကျီဒေသဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း အာမခံအမျိုးအစား  သစ်ဖြစ်သည့် သီးနှံအာမခံကို စတင် စမ်းသပ်   လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအာမခံအသင်းမှ   သိရ သည်။

မြန်မာနိုင်ငံတွင်    ရာသီဥတု ပြောင်းလဲမှု   အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်များ၏ အခြေ အနေကြောင့်     နိုင်ငံတော်နှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှုမရှိစေဘဲ    အကျိုးရှိ စေရန် ရည်ရွယ်သည့် သီးနှံအာမခံ စနစ်တစ်ခုကို အလျင်အမြန် အကောင် အထည်ဖော်ရန်  ဂလိုဘယ်ဝေါ(လ်)အာမခံကုမ္ပဏီက အာမခံအမျိုးအစား သစ်ကို    စတင်ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့်   တိုင်း ဒေသကြီး လေးခုဖြစ်သည့် ဧရာဝတီ၊ မကွေး၊ မန္တလေးနှင့်  ရန်ကုန်တို့တွင် စမ်းသပ်သုတေသနလုပ်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီးနှံအာမခံစမ်းသပ် လုပ်ကိုင်ရာတွင် သီးနှံမျိုးစုံရှိသည့်အနက် စပါး တစ်မျိုးတည်းကိုသာ  ရွေးချယ်ပြီး  အနီးဆုံး  စိုက်ပျိုးရာသီမှ စတင်ပြီး လုပ်ကိုင်မည်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်သော သီးနှံသတ်မှတ် အထွက်နှုန်းအောက် လျော့နည်းခြင်းကို ပေးလျော်သွားမည့်ပုံစံဖြစ်သည်။ ရာသီဥတုဖောက်ပြန်ခြင်းဆိုသည်မှာ ရွေးချယ်သတ်မှတ်ထားသော Pilot  Area၏ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတ်မှတ်သည့် စံနှုန်းသတ်မှတ် ချက်သာ အတည်ဖြစ်မည်ဖြစ်ပြီး ယခုအခါတွင် သီးနှံအာမခံစမ်းသပ် လုပ်ကိုင် မည့် တိုင်းဒေသကြီးများအနက် မကွေးတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်များကိုယ်တိုင် ဦးဆောင်ပါဝင်သည့် အစည်းအဝေးများ ကို ပြုလုပ်ဆွေးနွေးလျက်ရှိကာ အဆိုပါ အစိုးရအဖွဲ့များအနေဖြင့် သီးနှံအာမခံ စမ်းသပ်လုပ်ကိုင်ရန် အထူးစိတ်ဝင်စားလျက်ရှိနေကြောင်း သိရသည်။

သီးနှံအာမခံနှင့်ပတ်သက်၍ မေ ၈ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌   အစည်းအဝေး  ကျင်းပခဲ့ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဝန်ကြီး ဦးတင်အောင်ဝင်း၊ ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုး၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစိုးဝင်းနှင့်  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အပါအဝင် ဂလိုဘယ်ဝေါ(လ်)အာမခံကုမ္ပဏီမှ ဒါရိုက်တာဦးစိုးဝင်းသန့်နှင့် အဖွဲ့ဝင်များ  တက်ရောက်ကာ  အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း အဆိုပါအစိုးရအဖွဲ့မှ သိရသည်။

သီးနှံအာမခံအမျိုးအစားသစ်သည် နိုင်ငံတော်နှင့် တောင်သူအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အထူးအရေးပါနေ သည့် ဧရာဝတီတိုင်းဒေသကြီးတွင် အမြန်စတင်အကောင်အထည်ဖော်သင့်ပြီး  ယခုသီးနှံအာမခံ စမ်းသပ်လုပ်ကိုင်မည့်ကိစ္စကို အဖွဲ့အစည်းတစ်ခု အကျိုး စီးပွားဟုမမြင်ဘဲ အမျိုးသားအကျိုးစီးပွားဟု ခံယူကာ အစိုးရအဖွဲ့ ဦးဆောင်မှု ဖြင့် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းပါဝင်ကူညီကြရမည်ဖြစ်ကာ လုပ်ရင်း ကိုင်ရင်း အခက်အခဲများကို စုပေါင်းအဖြေရှာ ဖြေရှင်းသွားကြရန်နှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း Pilot  Area အဖြစ် ဟင်္သာတခရိုင်အတွင်း အဆင်ပြေ မည့် နေရာကိုရွေးချယ်လုပ်ကိုင်ရန်၊ တောင်သူများ သီးနှံအာမခံနှင့်ပတ်သက် ၍  လွယ်ကူစွာ  နားလည်သဘောပေါက်စေရန်  အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကာ ပညာပေးလုပ်ဆောင်မှုမျိုး ပြုလုပ်စေလိုကြောင်း ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။

သီးနှံအာမခံနှင့်ပတ်သက်ပြီး ဂလိုဘယ်ဝေါ(လ်)အာမခံကုမ္ပဏီ ဒါရိုက်တာ ဦးစိုးဝင်းသန့်က သီးနှံအာမခံဒီဇိုင်းတစ်ခုကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလက စတင်ရေးဆွဲအဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကာ ၂ဝ၁၇ ခုနှစ်မှစတင်ပြီး တောင်သူ အသိပညာပေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိ တွင် တောင်သူများအနေဖြင့် အသက်အာမခံ၊ မြွေအန္တရာယ်အာမခံနှင့် သီးနှံ အာမခံ စသော အာမခံဝန်ဆောင်မှုများကို  ပိုမိုစိတ်ဝင်စားလျက်ရှိလာ ကြောင်း မကွေးမဲဆန္ဒနယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း က ပြောသည်။  

ကြေးမှုံ
                             

       

No comments:

Post a Comment