Latest News

Tuesday, May 15, 2018

ကလေးကို လေ ဘယ်လိုထုတ်ပေးမလဲ

ကလေးကို လေ ဘယ်လိုထုတ်ပေးမလဲ

ကလေးငယ်ရဲ့ ဗိုက်ထဲမှာရှိတဲ့ ဓာတ်ငွေ့တွေ(လေတွေ)က ကလေးကို မသက်မသာဖြစ်စေပြီး နာကျင်မှုကို ခံစား ရစေတာပါ။ ဒါကြောင့် သင့်ကလေးကို လေ မကြာခဏ ထုတ်ပေးခြင်းက  ဂက်စ်တွေကို  ထွက်သွားစေနိုင်ပြီး ကလေးကို ပိုပြီးနေလို့ကောင်းစေကာ ဗိုက်နာလို့ ငိုခြင်းမှ လည်း ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါ ဆောင်းပါး မှာ ကလေးကို ဘယ်လိုမျိုး မှန်ကန်စွာ လေထုတ်ပေး ရမလဲဆိုတာကို ဖော်ပြထားပါတယ်။ ဒါမှသာ ကလေးက လေထိုးလို့နာကျင်တာမျိုး မဖြစ်တော့မှာ မဟုတ်လား။

ကလေးရဲ့ဗိုက်ထဲက  လေ(ဂက်စ်)တွေကို
ဘာတွေက ဖြစ်စေတာလဲ

လေကို မျိုချမိခြင်း- ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးချိန်နဲ့ နို့ဘူးတိုက်ချိန်တွေမှာ သူတို့ဟာ လေကို မမျိုချမိဖို့ ရှောင်ရှားနိုင်စွမ်းက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် သောက်လိုက်တဲ့ နို့တွေနဲ့အတူ လေတွေက အစာအိမ်ထဲ ပါသွားပါတော့တယ်။

အစာခြေခြင်း- အူမကြီးထဲမှာ  ဗက်တီးရီးယားတွေနဲ့ အစာခြေတဲ့စနစ်နဲ့ လုပ်ငန်းစဉ်တွေဟာ ကလေးငယ်ရဲ့ ဗိုက်ထဲက လေ(ဂက်စ်)တွေကို သဘာဝအတိုင်း ဖြစ်ပေါ် စေနိုင်ပါတယ်။

ဓာတ်မတည့်ခြင်း သို့မဟုတ် အစာဒဏ်မခံနိုင်ခြင်း-
တကယ်လို့ ကလေးငယ်ကို မိခင်နို့တိုက်တယ်ဆိုရင် မိခင် စားလိုက်တဲ့ အစာတွေထဲက အချို့ကို ခံနိုင်ရည်မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ခန္ဓာကိုယ်က ဗိုက်ထဲမှာ လေတွေ ဖြစ်ပေါ်စေခြင်းအားဖြင့် တုံ့ပြန် တတ်ပါတယ်။ ဖြစ်ရပ်အများစုမှာ နို့ထွက်ပစ္စည်းတွေကို ခံနိုင်ရည်မရှိတာက     ကလေးတွေရဲ့    ဗိုက်ထဲမှာ လေအများဆုံး ဖြစ်စေတာပါပဲ။

ဘယ်အချိန်မှာ လေထုတ်ပေးရမလဲ

ကလေးငယ်ဟာ အစာစားချိန်တွေမှာ မသက်မသာ ဖြစ်ပြီး တွန်းဆွဲနေတာမျိုးနဲ့ ငိုယိုနေတာမျိုးဖြစ်နေပြီဆိုရင် ဒါဟာ လေထုတ်ပေးရမယ့်အချိန်ပါပဲ။ အချို့သောမိဘ တွေဟာ ကလေးငယ်ကို နို့ဘူးတစ်ဝက်လောက် ကုန်တဲ့ အချိန် သို့မဟုတ် နို့တိုက်ပြီးချိန်မှာ လေထုတ်ပေးတတ် ကြပါတယ်။  တကယ်လို့  ကလေးဟာ  ငြိမ်နေတယ်။ ဒါမှမဟုတ်  နို့စို့ပြီးချိန်မှာ  အိပ်ပျော်သွားတယ်ဆိုရင် လေထုတ်ပေးဖို့ မလိုအပ်ပါဘူး။

သင့်ကလေးဟာ လေးလမှ ခြောက်လအရွယ်ရောက် လာပြီဆိုရင်  လေထုတ်ပေးနေရတဲ့  ဘဝကနေ  လွတ်လာ ပါပြီ။    အတိအကျပြောရမယ်ဆိုရင်    သူတို့ဟာ ကောင်းကောင်းနို့စို့တတ်တဲ့၊ စားတတ်တဲ့ အရွယ်ရောက် လာတာဖြစ်ပြီး အရင်က အခြေအနေတွေနဲ့ ယှဉ်လိုက်ရင် လေကို မျိုချမိတာမျိုး ဖြစ်ခဲသွားပါပြီ။

ဘယ်လိုလေထုတ်ပေးရမလဲ-

ပခုံးပေါ်တင်ပြီး ထုတ်ပေးပါ။

သင့်ရဲ့ပခုံးတွေက  သင့်ကလေးဗိုက်ကို  ညင်ညင် သာသာလေး ဖိနေသလိုဖြစ်အောင် လုံလောက်တဲ့အမြင့်မှာ ကလေးကို ထားပါ။ ဒီအနေအထားဟာ ကလေးဗိုက်ထဲက လေတွေကို ကျောကို ပုတ်လိုက်တာနဲ့ ထွက်လာနိုင်အောင် လုံလောက်တဲ့ ဖိအားပေးနိုင်ပါတယ်။ ကလေးရဲ့ကိုယ်ကို လက်တစ်ဖက်က ထိန်းထားပြီး နောက်တစ်ဖက်နဲ့ ကျောကို  ညင်သာစွာ ပွတ်ပေး၊ ပုတ်ပေးပါ။ ဒါကို လုပ်နေစဉ်မှာ သင့်ကလေးက သက်သောင့်သက်သာရှိနေပါစေ။ ပုံမှန် အသက်ရှူလို့ ရနေပါစေ။ ခေါင်းကို အတင်းကြီး ချိုးထား ရတာမျိုး၊ ငုံ့ထားရတာမျိုး မဖြစ်ပါစေနဲ့။ ကလေးရဲ့ ခေါင်း အနေအထား မှန်၊ မမှန်ဆိုတာနဲ့ လေထုတ်ဖို့ အသင့် ဖြစ်၊ မဖြစ် သေချာဖို့အတွက် သင်တို့ရဲ့အနေအထားကို မှန်ထဲမှာ ကြည့်လို့ရပါတယ်။

ပေါင်ပေါ်မှာ ထိုင်ခိုင်းပါ-

ကလေးကို ပေါင်ပေါ်မှာ မတ်မတ်ထိုင်နိုင်အောင် လုပ်ပေးပြီး သင့်ကို ကျောပေးပြီး ထိုင်ခိုင်းထားပါ။ ကလေးရဲ့ ကိုယ်ကို လက်တစ်ဖက်က ထိန်းပြီး ကျန်တစ်ဖက်နဲ့ ကျောကို ညင်သာစွာ ပွတ်ပေး၊  ပုတ်ပေးပါ။  ကလေးရဲ့ ရင်ဘတ်ကို လက်ဖဝါးနဲ့ ထိန်းထားပြီး သင့်လက်ချောင်း တွေက  သူ့ရဲ့မေးစေ့နဲ့  မေးရိုးတွေကို   ထောက်ပြီး ထိန်းထားပေးပါ။  သင့်လက်ချောင်းတွေဟာ ကလေးရဲ့ လည်ပင်းကို မတော်တဆရောက်သွားနိုင်တာကြောင့် ဒီအနေအထားနဲ့ လေထုတ်မယ်ဆိုရင် သတိကြီးကြီး ထားပါ။

ဒီနည်းလမ်းကိုသုံးပြီး  လေမထုတ်ခင် သင့်ကလေး က သင့်ပေါင်ပေါ်မှာ တံတွေးထွေးချတာတွေ၊ အန်ချတာ တွေ ဖြစ်နိုင်တယ်ဆိုတာ သတိပြုပါ။ အဝတ်စတစ်စကို ပေါင်ပေါ်ဖြန့်ခင်းထားခြင်းအားဖြင့် ဒီလိုအခြေအနေမျိုး ကို ရှောင်ရှားနိုင်ပါတယ်။

ကလေးကို လေထုတ်ရာမှာ အခက်အခဲဖြစ်နေသေး ရင်  ကလေးအထူးကု သို့မဟုတ် ကျန်းမာရေးအကြံပေးကို ဆက်သွယ်ပြီး အကြံဥာဏ်တွေ၊ လမ်းညွှန်မှုတွေနဲ့ ကုသမှု နည်းလမ်းတွေ တောင်းဆိုဖို့ တွန့်ဆုတ်မနေပါနဲ့။   ။

ဝသုန်မြတ်ချယ်(​ကြေးမှုံ)

No comments:

Post a Comment