Latest News

Friday, May 25, 2018

စက်သုံးဆီဒီဇယ် ဈေးတက်သော်လည်း ၁ဝ နှစ်အတွင်း အမြင့်ဆုံးဈေး၏ ၆ဝ ရာခိုင်နှုန်းကျော်သာရှိနေသေး

စက်သုံးဆီဒီဇယ် ဈေးတက်သော်လည်း ၁ဝ နှစ်အတွင်း
အမြင့်ဆုံးဈေး၏ ၆ဝ ရာခိုင်နှုန်းကျော်သာရှိနေသေး

ရန်ကုန် မေ  ၂၄

ကမ္ဘာ့ရေနံဈေးတက်လာ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော  ၂ဝ၁၈ မေလ နောက်ဆုံးပတ် ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းဆိုင်များတွင် အောက်တိန်း  ၉၂  တစ်လီတာလျှင်  ၈၅၅/၈၇ဝ ကျပ်၊ ဒီဇယ်တစ်လီတာလျှင်   ၈၉ဝ/    ၉ဝ၅  ကျပ်$နှုန်းရောင်းချနေသည်ဟု စက်သုံးဆီဝယ်ယူသုံးစွဲနေသူများက ဆိုသည်။
ယင်းဈေးနှုန်းအရ  ဒီဇယ်တစ်ဂါလန်လျှင် ၄၁ဝဝ ကျပ်၊ ဂါလန် ၅ဝ ဝင် တစ်ပီပါလျှင် ၂ဝ၅ဝဝဝ ကျပ်၊   ဝန်းကျင်နှုန်းရှိနေသည်။ ယခုလပိုင်း စက်သုံးဆီဈေးမြင့်ခြင်းကို ပြောဆိုခြင်းများနေသော်လည်း  ပြည်တွင်းစက်သုံးဆီဈေးကွက်၏  ၂ဝဝ၈   နှစ်လယ်မှ  ၂ဝ၁၈  နှစ်လယ်အထိ ဆယ်စုနှစ် တစ်နှစ်တာကာလအတွင်း ဈေးနှုန်းအမြင့်ဆုံးအဖြစ်မရှိ သေးဟု ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟောင်းများအရ သိရသည်။
၂ဝဝ၈  ခုနှစ် သြဂုတ်လအတွင်း ကုန်စည်ပို့ဆောင်ရေးကုန်ကားများတွင်အသုံးများသော ဒီဇယ်တစ်ပီပါလျှင်   ၃၅ဝဝဝဝ ကျပ်အထိ မြင့်တက်ခဲ့သည်။ သို့သော်   ၂ဝဝ၉   ခုနှစ် ဖေဖော်ဝါရီလတွင်မူ  ၇၉ဝဝဝ  $ကျပ်အထိ ဈေးကျခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနမှ  ၂ဝ၁ဝ  ပြည့်နှစ်မှစ၍ open  market     စနစ်ဖွင့်ပေးခဲ့သည်။  ၂ဝ၁၅  ခုနှစ် စက်တင်ဘာလ  ၁၅  ရက်အထိ ပုဂ္ဂလိက စက်သုံးဆီဆိုင်နှင့်  နိုင်ငံပိုင် စက်သုံးဆီဆိုင်ပေါင်း   ၁၆၁၂   ဆိုင်နှင့်  ရေနံသိုလှောင်ကန် ခြောက်ခုရှိခဲ့သည်။ ယခုကာလတွင် စက်သုံးဆီဆိုင်ပေါင်း ၂ဝဝဝ  ဝန်းကျင်ရှိလာသည်။
ယခင်နှစ်များတွင် ဒီဇယ်သည် အောက်တိန်း  ၉၂  ထက်ဈေးနှုန်းနိမ့်နေသော်လည်း ယခုနှစ်တွင် ဒီဇယ်သည် အောက်တိန်း  ၉၂  ထက် ဈေးမြင့်နေရာ ဒီဇယ်အသုံးများ သော ကုန်ကားများသည် ပိုမိုကုန်ကျနေသည်ဟု ခြောက်ဘီးကုန်ကားပိုင်ရှင် ကိုဖိုးချိုက ပြောသည်။
ယခုလပိုင်း ဒီဇယ်ဈေးသည်   ၁ဝနှစ်အတွင်းဖြစ်ခဲ့သော အမြင့်ဆုံးဈေးနှုန်း၏  ၆ဝ  ရာခိုင်နှုန်းဝန်းကျင်သာရှိသေးသဖြင့် ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့သောကာလ၏ ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများအရ ကုန်ကားလုပ်ငန်းလုပ်ကိုင်သူများ အခက် အခဲဖြစ်မှုနည်းသော်လည်း   ပြည်တွင်းစက်သုံးဆီ ဝယ်ယူနေရသည့်ဈေးကွက်တွင်  ဈေးနှုန်းအရည်အသွေး  အခြင်အတွယ်စသည့် ဝန်ဆောင်မှုကောင်းများ ဝယ်ယူသူ အပေါ် မိမိဆိုင်တံဆိပ်ကိုအလေးထား တာဝန်ယူတာဝန်ခံမှု အပြည့်အဝပေးနိုင်သည့် ပီပြင်သော ဈေးကွက်စီးပွားရေးဖြစ်လာရန် မျှော်လင့်နေပါသည်ဟု စက်သုံးဆီဝယ်ယူ နေရသူများက ဆိုသည်။  
                                                                   
ခင်ဆိုင်

No comments:

Post a Comment