Latest News

Wednesday, May 23, 2018

ပြည်ပစက်သုံးဆီ ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်

ပြည်ပစက်သုံးဆီ ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်

ရန်ကုန်  မေ   ၂၂

လက်ရှိ ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းသည် နိုင်ငံတကာ ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ဈေးနိမ့်နေခြင်းကြောင့် လက်ရှိရောင်းချနေသည့် ဈေးနှုန်းထက် ထပ်မံမြင့်တက် လာနိုင်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများ အသင်းအတွင်းရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။

ပြည်တွင်း၌ စက်သုံးဆီ ဈေးနှုန်းများကို လုပ်ငန်းရှင်များက သတ်မှတ်ရောင်းချရာတွင် ပြည်တွင်းရှိ ဆီလက်ကျန်ပမာဏ၊  ပြည်ပမှ တင်သွင်းဝယ်ယူ ရောင်းချရသည့်အတွက် ဆိပ်ကမ်းအရောက် CIF  တန်ဖိုး၊  နိုင်ငံတော်သို့ ပေးသွင်းရသည့် အခွန်အခများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှု ကုန်ကျစရိတ်များ ထည့်ပေါင်းကာ   ဈေးနှုန်းသတ်မှတ် ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းသည် ပြည်ပပေါက်ဈေးပေါ်တွင်  မူတည်နေခြင်းဖြစ်ကာ ပြည်ပဈေးနှုန်း မြင့်တက်သည့်အခါ ပြည်တွင်းဈေးကွက်၌လည်း ဈေးနှုန်းလိုက်ပါ  မြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

''မေ ၁၇ ရက်မှာ ဒီဇယ်လက်ကားဈေး တစ်လီတာကို ငွေကျပ် ၈၈၁ ကျပ်နဲ့ရောင်း တယ်။  အဲဒီနေ့မှာ   ပြည်ပပေါက်ဈေး၊ ငွေလဲနှုန်း၊  အခွန်အခတွေပေါင်းတဲ့အခါ  အရင်းက  တစ်လီတာကို ငွေကျပ် ၉ဝ၁ ကျပ်ဖြစ်ပါတယ်။ ဒါကို ငွေကျပ်  ၈၈၁ ကျပ် နဲ့ရောင်းတဲ့အခါ ကာလပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် ၂ ဒသမ ၂၅ ရာခိုင်နှုန်းလောက် ရှုံးပါတယ်။ အဲဒီဈေးနဲ့ဆိုရင်တော့ ပြည်ပဈေးနဲ့ ပြည်တွင်းငွေလဲနှုန်းက မပြောင်းဘူး။  လက်ရှိအနေအထားနဲ့ ဆိုရင် အရှုံးပေါ်နေတဲ့ အတွက် ဈေးကထပ်တက်ဖို့ အလားအလား ရှိပါတယ်'' ဟု ဦးဝင်းမြင့် ကပြောသည်။

လက်ရှိပေါက်ဈေးဖြင့် တွက်ပါက ရှုံးမည် ဖြစ်သော်လည်း  လက်ရှိရောင်းချနေသည့် ဆီများမှာ ဈေးမတက်မီက ဝယ်ထားသည့် ဆီများဖြစ်သောကြောင့် ရောင်းဈေးမှာ   လတ်တလော ပေါက်ဈေးထက် နိမ့်နေခြင်း ဖြစ်ပြီး လက်ကျန်ဆီကုန်ပါက   တက်ဈေးဖြင့်  ပြန်ဝယ်ရမည်ဖြစ်၍ အရှုံးပေါ်မည်ဖြစ် သည်။ ပြည်တွင်းစက်သုံးဆီ ဈေးကွက်အတွင်း ပြည်တွင်းထွက်ရှိမှုမှာ  အကြမ်းဖျင်း  ၅ ရာခိုင်နှုန်းခန့်သာ ရှိပြီး  ကျန်လိုအပ်သည့်  ၉၅ ရာခိုင်နှုန်းခန့်ကို  ပြည်ပမှ တင်သွင်းခြင်း ဖြစ်ကာ တစ်လလျှင် ဓာတ်ဆီ တန်ချိန်နှစ်သိန်းနှင့် ဒီဇယ်ဆီတန်ချိန် လေးသိန်း စုစုပေါင်း တန်ချိန်  ခြောက်သိန်းကို   ပုံမှန်တင်သွင်း ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment