Latest News

Wednesday, May 30, 2018

ပလတ်စတစ်ညစ်ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်ကြစို့

ပလတ်စတစ်ညစ်ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်ကြစို့

ကမ္ဘာပေါ်တွင်သက်ရှိ သက်မဲ့ပေါင်း မြောက်မြားစွာတို့သည် ရေ၊ လေ၊ မြေ၊ တောတောင်စသည့် ဝန်းကျင်ရပ်ဝန်းနှင့်အတူ အပြန်အလှန် အပေးအယူမျှတစွာဖြင့် အမှီသဟဲပြု နေထိုင်လာသည်မှာ နှစ်သန်း ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ သက်တမ်းကြာမြင့်ပြီဖြစ်သည့် မိမိတို့၏ မိခင် ကမ္ဘာကြီး ရေရှည်တည်တံ့စေရန် အရေးကြီးဆုံးအပိုင်းဖြစ်သည့် လူသားတို့၏ မဆင်မခြင်လုပ်ရပ်များနှင့်အတူ သဘာဝပတ်ဝန်း ကျင်နှင့် ဂေဟစနစ်များ ယိုယွင်းလာမှုကို အချိန်မီကုစားနိုင်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် ယနေ့ ကမ္ဘာ ကြီးအတွက် အထူးအရေးတကြီး လိုအပ်လာပါသည်။

အပြန်အလှန်အကျိုးပြု

ကမ္ဘာမြေကြီး၏ ဂေဟစနစ်ဆိုသည်မှာ ဇီဝဆိုင်ရာ သဘာဝပတ်ဝန်းကျင်တစ်မျိုးဖြစ်ပြီး ဒေသတစ်ခုအတွင်း နေထိုင်ကြသော သက်ရှိများနှင့် သက်မဲ့များအားလုံး ပါဝင်ကာ သက်ရှိများအတွက် သောက်သုံးရန် ရေ၊ ရှူရိုက်ရန် လေ၊ နေထိုင်ရာ မြေ၊ နားခိုရန် သစ်ပင်တို့သာမက လူသားတို့အတွက အဖိုးတန်သယံဇာတများ၊ စွမ်းအင် စသဖြင့် လိုအပ်ချက်အဖုံဖုံ ကို ဖြည့်ဆည်းပေးနေသည့် သဘာဝပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများပါဝင်ပြီး လူသားများ၏ လူမှု စီးပွားဘ၀ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ဂေဟ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ တစ်နည်းအားဖြင့် လူသားများနေထိုင်ရာကမ္ဘာမြေနှင့် သဘာဝ ပတ်ဝန်းကျင် တို့သည် “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုသလို အပြန်အလှန် ဆက်နွှယ်ပြီး အပြန်အလှန် အကျိုးပြုနေကြသည်မှာ လူသားတိုင်း၏ မျက်မြင်ပင်ဖြစ်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံတိုင်း၊ လူသားတိုင်းအတွက် အထူးလိုအပ်လာသည်နှင့် အညီ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၇ ရက်အထိ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကဏ္ဍအတွက်  ကမ္ဘာ့ကုလသမဂ္ဂမှ ဦးဆောင်၍ ကျင်းပခဲ့သည့် ပထမအကြိမ် လူသားပတ်ဝန်းကျင် ညီလာခံမှ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို  ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဟု ခေါ်ဆိုသမုတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစ၍ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ် (UNEP) မှ  ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်  ကမ္ဘာသူ  ကမ္ဘာသားများနားလည် သဘောပေါက်မှု တိုးမြှင့်ကာ ပါဝင်ဆောင် ရွက်လာစေရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ  ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားများကို အခြေအနေနှင့် အချိန်အခါ အလိုက် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအပေါ် မူတည်ပြီး နှစ်အလိုက် မတူညီသော အထိမ်းအမှတ်ဆောင်ပုဒ် (Theme) နှင့် ကြွေးကြော်သံ ဆောင်ပုဒ် (Slogan) များ သတ်မှတ်ကာ နိုင်ငံအသီးသီးတွင် အလှည့်ကျစနစ်ဖြင့် လက်ခံကျင်းပလျက်ရှိပါသည်။

မီးမောင်းထိုးပြ

၂၀၁၈ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် “Beat  Plastic Pollution” “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” ဟူ၍ သတ်မှတ် ခဲ့ပါသည်။ ဆိုလိုသည်မှာ ပင်လယ်သမုဒ္ဒရာများကို ညစ်ညမ်း စေသော၊ အဏ္ဏဝါသက်ရှိများအား ပျက်စီးစေသော၊ လူသား တို့၏ ကျန်းမာရေးကို ခြိမ်းခြောက် နေသော တစ်ခါသုံး ပလတ် စတစ်ပစ္စည်းများ၏ အန္တရာယ်ကို ပြည်သူများ သိရှိနိုင်စေရန် ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှုကို လျှော့ချခြင်း၊ ပြန်လည်အသုံး ပြုခြင်း၊ ပြန်လည် ထုတ်လုပ်ခြင်းတို့ အပါအဝင် ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်နိုင်မည့် နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်နိုင်ရန် ယခုနှစ် ဆောင်ပုဒ်မှ မီးမောင်းထိုးပြထားခြင်း ပင်ဖြစ်သည်။ ၂၀၁၈ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို  ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု၏ အန္တရာယ်ဆိုး တစ်ခုဖြစ်သည့် ပလတ်စတစ် ညစ်ညမ်းမှုများကို ကာကွယ်ထိန်းသိမ်း နိုင်ရန်အတွက် ပြန်လည်သုံးစွဲခြင်း လုပ်ငန်းစဉ်များတွင် ဇောင်းပေးပြီး ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှု

ပလတ်စတစ်ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက် လာပြီး ပုံသွန်းရန်သင့်သောပစ္စည်းဟု အနက် အဓိပ္ပာယ်ဆောင်ပါသည်။ ပလတ်စတစ်များကို  ကမ္ဘာပေါ်တွင် ၁၉၅၀ ဝန်းကျင်ကတည်းက စတင်သုံးစွဲခဲ့ပြီး ယနေ့ လက်ရှိ အချိန်တွင် ပလတ်စတစ်ကို အစားအစာများထုပ်ပိုးမှု (Packing) ပြုလုပ်ရာတွင် အများဆုံးသုံးစွဲပြီး စုစုပေါင်း ပလတ်စတစ် သုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ နှစ်စဉ်  ကမ္ဘာပေါ်တွင် ပလတ်စတစ်အိတ် ဘီလီယံ ၅၀၀ ခန့်ကို သုံးစွဲနေကြပြီး ၅၀ ရာခိုင်နှုန်းမှာ တစ်ခါသုံး ပလတ်စတစ် အိတ်များဖြစ်ကြောင်း၊ တစ်မိနစ်တိုင်း ပလတ်စတစ်ဘူး တစ်သန်းကို ဝယ်ယူသုံးစွဲပြီး ၂၀၁၆ ခုနှစ်တွင် ရေသန့် ဘူး ၄၈၀ ဘီလီယံ  ကမ္ဘာတစ်ဝန်း ရောင်းချခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပလတ်စတစ် ထုတ်လုပ်မှု အများ ဆုံးဖြစ်ပြီး  ကမ္ဘာတစ်ဝန်း ပလတ်စတစ် ထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

ပလတ်စတစ်အန္တရာယ်

- စွန့်ပစ်ပစ္စည်းများဖြစ်သည့် ပလတ်စတစ်အိတ်များ၊ ပလတ် စတစ်ဘူးများသည် ပင်လယ် သမုဒ္ဒရာအတွင်းသို့ နှစ်စဉ်တန်ပေါင်း ၁၃ သန်းခန့် မျောဝင်စီးဆင်းနေပြီး အမှိုက်ထုကြီးသဖွယ် စီးမျောနေသဖြင့် ရေနေသတ္တဝါ များနှင့်ပင်လယ်ကူးသင်္ဘောများအတွက် ဘေးအန္တရာယ်ရှိခြင်း၊ တစ်နည်းအားဖြင့် အဏ္ဏဝါဂေဟစနစ်ကို ယိုယွင်းပျက်စီးစေခြင်း၊

- ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကော်စေ့သည် သဘာဝ သယံဇာတဖြစ်သည့် ရေနံစိမ်းမှ ထုတ်ယူသုံးစွဲရသဖြင့် သဘာဝသယံဇာတ လျော့နည်းစေခြင်း၊

- မိုးတွင်းအခါ စွန့်ပစ်ပလတ်စတစ်အိတ်များကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရေကြီး ရေလျှံမှုများနှင့်အတူ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း၊

- ပလတ်စတစ်များသည် နှစ်ပေါင်း ၅၀၀ ကျော်မှ ပျက်စီးနိုင် သည့်အတွက် အမှိုက်များ မြေမြှုပ်မှုနှင့်အတူ ပလတ်စတစ် အိတ်များ၊ ပလတ်စတစ်ဘူးများ မြေမြှုပ်ဖျက်ဆီးခြင်း ကြောင့် အပင်မျိုးစေ့များ မထွက်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်စေခြင်း၊

- ပလတ်စတစ်အိတ်များဖြင့် အစားအစာများ ထုပ်ပိုးမှု ကြောင့် ပလတ်စတစ်အိတ်များတွင်ပါရှိသည့် ခဲဓာတ် ကြောင့် ကင်ဆာရောဂါကို ဖြစ်ပွားစေခြင်း စသည့် ဆိုးကျိုး များကို ခံစားကြုံတွေ့စေမည် ဖြစ်သည်။

ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့

ပလတ်စတစ်သုံးစွဲမှုကို လျှော့ချနိုင်ရန် ကမ္ဘာပေါ်ရှိ နိုင်ငံ တိုင်းမှ လိုက်နာကျင့်သုံးနေသည့် Reject၊ Reduce၊ Reuse၊ Recycle၊ Return ဟူသည့် R ငါးလုံးနည်းလမ်း ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

- အစားအစာများကို ဝယ်ယူရာတွင် ရောင်းချသူများမှ တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ်စတစ် ဘူးများဖြင့် ထုပ်ပိုးမှုကို တတ်နိုင်သလောက် ငြင်းပယ်ပါ။ (Reject)

- ပလတ်စတစ်သုံးစွဲမှု လျော့နည်းလာစေရေးအတွက် ယခင် ကတည်းက ထုပ်ပိုးလာသည့် အင်ဖက်၊ ငှက်ပျောဖက်များ ဖြင့် ထုပ်ပိုးမှုစနစ်ကို ပြန်ကျင့်သုံးရန်၊ အော်ဂဲနစ် ပလတ်စတစ်အိတ်များဖြင့် အစားထိုးသုံးစွဲရန်၊ (Reduce)

- တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ်စတစ် ဘူးများကို တစ်ခါသုံးစွဲခြင်းဖြင့် စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်သုံးစွဲရန်၊ (Reuse)

- တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ်စတစ် ဘူးများကို ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် ကုန်ကြမ်းအဖြစ် ပြန်လည်သုံးစွဲပါ။ (Recycle)

- အသုံးပြုပြီး ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူးများအား Recycle ပြုလုပ်နိုင်သည့် နေရာသို့ စုစည်း ပို့ဆောင်ပါ။ (Return)

ကမ္ဘာတစ်ဝန်း အကောင်အထည်ဖော်နေသည့် စဉ်ဆက် မပြတ်ဖွံ့ ဖြိုးမှု ပန်းတိုင် ၁၄ တွင် ပင်လယ်၊ သမုဒ္ဒရာနှင့် အဏ္ဏဝါအရင်းအမြစ်များကို ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပန်းတိုင် ၁၅ တွင်  ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ရေရှည်တည်တံ့ရေး၊ မြေဆီလွှာဆုံးရှုံးမှုကို ရပ်တန့်ရန် စသည့် ရည်မှန်းချက်ပန်းတိုင်တို့ကို အထက်ဖော်ပြပါ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေး လုပ်ငန်းစဉ်များမှတစ်ဆင့် အရောက်လှမ်းနိုင်မည် ဖြစ်သည်။

သို့ဖြစ်ပါ၍ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ပတ်ဝန်းကျင်ယိုယွင်းမှု၊ ညစ်ညမ်းမှုမရှိ စေရေးအတွက် လူတစ်ဦးချင်းမှ ပလတ်စတစ် သုံးစွဲမှု၊ ထုတ်လုပ်မှုများကို လျော့နည်းပပျောက်လာအောင် အမူအကျင့်တစ်ခုအနေဖြင့် လိုက်နာဆောင် ရွက်ရင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်ကြစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

မယု (စက်မှု)
ပြန်​/ဆက်

No comments:

Post a Comment