Latest News

Tuesday, May 22, 2018

ထန်းတက် အလုပ်သမားများ ရှားပါးကာ ထန်းလျက်ဈေး ကျဆင်းနေသဖြင့် ထန်းလုပ်ငန်း လုပ်ကိုင်သူများ အခက်ကြုံ

ထန်းတက် အလုပ်သမားများ ရှားပါးကာ ထန်းလျက်ဈေး ကျဆင်းနေသဖြင့် ထန်းလုပ်ငန်း လုပ်ကိုင်သူများ အခက်ကြုံ

မလှိုင် မေ ၂၁

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ထန်းတက်အလုပ်သမား များရှားပါးကာ ထန်းလျက်ဈေး ကျဆင်းနေ၍ ထန်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

''ကျွန်တော်တို့ရွာမှာ ထန်းတက်သမားက ရှားပါးလာတယ်။ အရင်က ထန်းတက်သမား ၁ဝ ဦးကျော်ကနေ အခုဆိုလေးဦးပဲ ရှိတော့တယ်။ အဓိကက ထန်းလျက်ဈေးက ကျဆင်းလာတယ်။ ထန်းတက်ရတာ ပင်ပန်းတယ်။ အကျိုးအမြတ်က မိသားစု စားဝတ်နေရေး အဆင်တော့ပြေပါတယ်။ ဒါပေမဲ့ အပိုအလျှံ မရှိဘူးလေ။ အဲဒါကြောင့် အခြားမြို့တွေမှာ အလုပ်သွားလုပ်တဲ့သူ များလာတယ်'' ဟု သိမ်ကုန်းကျေးရွာရှိ ထန်းတက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ထန်းလျက်ချက် လုပ်ငန်းမှာ အဆင့်ဆင့် လုပ်ကိုင်ရကာ ထန်းတက်အလုပ်သမား ရှားပါးခြင်း၊ ထန်းလျက်ဈေးနှုန်း ကျဆင်းခြင်း၊ ကျန်အသုံးပြုသည့် ပစ္စည်းဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ထန်းလျက်ချက် လုပ်ငန်း လုပ်ကိုင်သူများမှာ အခက်အခဲ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

'' ဒီထန်းလျက်လုပ်ငန်းက မလွယ်ကူပါဘူး။ အဆင့်ဆင့်လုပ်ရတယ်။ ထန်းပင်ကရတဲ့ ထန်းရည်ကို ကျိုချက်ရတယ်။ မီးသုံးရင် ထင်းမီးပဲ သုံးရပါတယ်။ အခုထင်းဈေးကအစ တက်လာတယ်။ ထင်းတစ်လှည်းကို ငွေကျပ် ၇ဝဝဝ နဲ့ ဝယ်ရတယ်။ မြူအိုးက တစ်လုံးကို ငွေကျပ် ၂၅ဝ၊ မြူကြိုးက တစ်ချောင်းကို ငွေကျပ် ၁၅ဝ ပေးဝယ်ရတယ်။ အဲဒီမြူအိုးနဲ့ မြူကြိုးက တစ်နှစ် နှစ်နှစ်ပဲ သုံးရတယ်။ ထန်းလျက်ကြိုတဲ့ ဒယ်အိုးက ငွေကျပ် ၇၅ဝဝ ဝန်းကျင်ရှိတယ်။ နှစ်နှစ်လောက်ပဲ သုံးရတယ်။ နောက်ပြီးရင် ထန်းလျက်ထွက်ဖို့က ရာသီဥတုကို အားကိုးရပြန်သေးတယ်။ ထန်းရည်ထွက် ရာသီက ခြောက်လလောက်ရှိတယ်။ တပို့တွဲလကစလို့ တော်သလင်းလအထိ ထန်းရည်ထွက်တယ်။ အအေးဓာတ်ရှိတဲ့ ရာသီမှာ ထန်းရည်က အထွက်ကောင်းပေမယ့် ပူပြင်းလို့ လေတိုက်ကြမ်းရင် ထန်းရည်အထွက် နည်းတဲ့အတွက် ထန်းလျက်လုပ်ငန်းက ရာသီဥတုကို မှီခိုအားကိုးရသလို ထန်းတက် အလုပ်သမားလည်း အားကိုးရသေးတယ်။ အခုဆိုထန်းတက် အလုပ်သမား ရှားပါးတဲ့အတွက် အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်'' ဟုထန်းလျက်ချက် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

MWD

No comments:

Post a Comment