Latest News

Sunday, May 13, 2018

တောင်သူလယ်သမား ဦးကြီးများသို့ အသိပေး ကြေညာချက်

တောင်သူလယ်သမား ဦးကြီးများသို့ အသိပေး ကြေညာချက်

၁။      တောင်သူဦးကြီးများအတွက် ၂ဝ၁၈ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲများ၌ ၂ဝ၁၈ ခုနှစ်၊ မေလ(၁၇)ရက်နေ့မှစတင်၍ ထုတ်ချေးမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်၊ ဇွန်လကုန်တွင် အပြီးထုတ်ချေးရန် ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။      ယင်းသို့ထုတ်ချေးရာတွင် ယခင်နှစ်များက တောင်သူသုံးဦး အစုအဖွဲ့အလိုက် (ဝိုင်းလေးချုပ်) အာမခံသည့်စနစ်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)မူရင်းကို ပြသစေပြီး တိုက်ဆိုင်စစ်ဆေး၍ ထုတ်ပေးခဲ့ပါသည်။ အဆိုပါစနစ်အရ ဝိုင်းလေးချုပ်တွင် ပါဝင်သူ တောင်သူတစ်ဦးဦးက ချေးငွေပြေကျေအောင် ပေးဆပ်ရန် ပျက်ကွက်ပါက ကျန်နှစ်ဦးကိုလည်း ချေးငွေသစ် ထုတ်ချေးခြင်း မပြုသဖြင့် ချေးငွေပြေကျေသော တောင်သူများမှာ နစ်နာမှုများရှိခဲ့ပါသည်။

၃။      သို့ဖြစ်ရာ ယခု ၂ဝ၁၈ ခုနှစ်၊ မိုးချေးငွေ ထုတ်ချေးသည့်အခါ ယခင်ကျင့်သုံးခဲ့သော တောင်သူလယ်သမား သုံးဦးအစုအဖွဲ့အချင်းချင်း  အာမခံသည့်ပုံစံဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မူရင်းကို တိုက်ဆိုင်စိစစ်၍ ချေးငွေထုတ်ချေးသည့် ပုံစံအစား တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူတစ်ဦးချင်းက ကိုယ်တိုင်အာမခံသည့် စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးမည့်ပုံစံသို့ ပြောင်းလဲ ဆောင်ရွက်မည်ဖြစ်ပါသည်။

၎။      သို့ဖြစ်ပါ၍ စိုက်ပျိုးစရိတ်ချေးငွေ ရယူမည့် တောင်သူဦးကြီးများ အနေဖြင့် ၂ဝ၁၈ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စိုက်ပျိုးရာသီ အချိန်မီရရှိရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါရန်နှင့် သတ်မှတ်ကာလအတွင်း ချေးငွေများ လာရောက်ထုတ်ယူကြပါရန် လေးစားစွာ အသိပေး ကြေညာအပ်ပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

No comments:

Post a Comment