Latest News

Tuesday, May 8, 2018

မင်းပြားမြို့ရှိ ပုစွန်မွေးမြူရေး လုပ်ငန်း ထုတ်လုပ်မှု ကျဆင်း

မင်းပြားမြို့ရှိ ပုစွန်မွေးမြူရေး လုပ်ငန်း ထုတ်လုပ်မှု ကျဆင်း

မင်းပြား   မေ   ၈

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အတွင်းရှိ ပုစွန်မွေးမြူရေး လုပ်ငန်းများ၌ ပုစွန်ထုတ်လုပ်နိုင်မှု ကျဆင်းလာသဖြင့် ဒီရေရောက်တောများ ထူထပ်သည့် မြေပုံမြို့နယ် တောင်ဇိုင်းကမ်းဒေသတွင် ပုစွန်ကန်များ သွားရောက်တိုးချဲ့ မွေးမြူနေကြကြောင်း သိရသည်။

မင်းပြားမြို့နယ်အတွင်း သဘာဝဒီရေတောများ ပြုန်းတီးလာမှုကြောင့် ပုစွန်မွေးကန်များတွင် ပုစွန်ထွက်ရှိမှု လျော့ကျလာခြင်းကြောင့် မြေပုံမြို့နယ်တွင်  သွားရောက်မွေးမြူခြင်း ဖြစ်သည်။

''ဒီဘက်မှာ ပုစွန်မအောင်မြင်တော့ အားလုံးက  အဲဒီဘက်ကို  ပြောင်းရွှေ့နေကြတယ်။ ထွန်းစိန်ဦး ပုစွန်တာ(ကန်)တစ်ခုတည်းတောင် စက်လှေနဲ့ တစ်ရက်လုံး ပတ်ရတယ်။ လမ်းပန်း ဆက်သွယ်ရေး အရ ရန်ကုန်-စစ်တွေ ကားလမ်းနဲ့  နီးတာလည်းပါတယ်''ဟု   မင်းပြားမြို့မှ ပုစွန်ကန်ပိုင်ရှင် ဦးမောင်လှရွှေကပြောသည်။

မင်းပြားမြို့နယ်ရှိ ရေချို၊ ရေငန်စပ်၊ မြစ်ချောင်းများတွင်  ယခင်က ငါး၊ ပုစွန်များ ပေါများခဲ့သော်လည်း   တံငါသည်များ၏ စည်းကမ်းမဲ့ အလွန်အကျွံ ဖမ်းဆီးမှုတို့ကြောင့် ပုစွန်မွေးမြူသူများ ကျဆင်း လာသည်။

''မင်းပြားက  ချောင်းရှည်၊  သက်ပုန်း၊ခေါင်းလောင်းချောင်းဘက်တွေမှာ   ပုစွန်သားပေါက်တွေ မတက်တော့ဘူး။ အဲဒီ ယိုးချောင်း(မြေပုံမြို့နယ်)ဘက်တွေမှာ  ဒီရေရောက်တောတွေ ထူထပ်သေးတာနဲ့ ပင်လယ်နားနီးဖြစ်တာမို့  ပုစွန်သားပေါက်တွေ ဝင်တယ်။ အဲဒီမှာ ပုစွန်သားပေါက်တွေ အများကြီး လွှတ်စရာမလိုဘူး။ ပုစွန်မွေးတာ ပိုအောင်မြင်တယ်။ ဒါကြောင့် အဲဒီဘက်ကိုပြောင်းရွှေ့ကြတာပါ။ ဧကသိန်းချီရှိမယ်''ဟု မင်းပြားမြို့ရှိ မေတ္တာမွန်   ငါးပုစွန်အဝယ်ဒိုင် ပိုင်ရှင် ဦးအောင်ကြည်လင်း ကပြောသည်။

ပုစွန်မွေးမြူရေးလုပ်ငန်းမှာ ရခိုင်ပြည်နယ်ရှိ  ဒေသခံများ၏ အဓိကစီးပွားရေး လုပ်ငန်းများတွင်  တစ်ခုအပါအဝင်ဖြစ်ပြီး  နှစ်စဉ်လိုလို ရေလွှမ်းမိုးခံရခြင်း၊ နုန်းမြေပို့ချခံရကာ ပုစွန်ကန်များ   ရေတိမ် လာခြင်းတို့ကြောင့်လည်း   ပုစွန်ရရှိမှု နည်းသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၏ ပုစွန်ကန်အများစုသည်  ပင်လယ်အနီးရှိ မြစ်ချောင်းများကို အမှီပြုပြီး ကာရီ(တာတမံ)များ ဆည်ဖို့ပြီး ဒီရေအသွင်း၊အထုတ် လုပ်ကာ မွေးမြူကြခြင်းဖြစ်၍ ရခိုင်ပြည်နယ်တွင်    ပုစွန်မွေးမြူသည့် ကန် ၁ဝဝ၈၉၅ ဧကရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ စာရင်းထုတ်ပြန်ချက်များအရ   သိရသည်။

MWD

No comments:

Post a Comment