Latest News

Monday, May 14, 2018

အမေတစ်ခု သမီးတစ်ခု ဘဝနှင့် အနုပညာ အလုပ်များကို ကြိုးစားလုပ်ကိုင်နေ၍ ပရိသတ်၏ အားပေးမှုကို အချိန်တိုင်း လိုချင်နေသည့် သရုပ်ဆောင် ပွင့်

အမေတစ်ခု သမီးတစ်ခု ဘဝနှင့် အနုပညာ အလုပ်များကို ကြိုးစားလုပ်ကိုင်နေ၍ ပရိသတ်၏ အားပေးမှုကို အချိန်တိုင်း လိုချင်နေသည့် သရုပ်ဆောင် ပွင့်


အမြဲတမ်း ပြုံးရွှင်သော မျက်နှာကို ပိုင်ဆိုင်ထားသည့် သရုပ်ဆောင်ပွင့်ကို ပရိသတ်များက ဂေါ်ဇီလာ ခြင်ဆေးခွေကြော်ငြာမှ စတင်သိရှိခဲ့ကာ ယနေ့အချိန်အထိ အားပေးခဲ့ကြပြီး အနာဂတ်တွင် အနုပညာ သမားတစ်ယောက် အနေဖြင့် ရှေ့လျှောက် မည်ကဲ့သို့ ဆက်လက်ဖြတ်သန်းမည်ကို ပရိသတ်များ သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။

အရင်ကနဲ့စာရင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်မှု ကျဲလာတဲ့အပေါ် ပြောပြပေးပါဦး။

ပွင့်အနေနဲ့ အခုနောက်ပိုင်းမှာ သရုပ်ဆောင်မှုပိုင်းရော သီချင်းဆိုမှု အပိုင်းကိုပါ မျှလုပ်နေရလို့ အရင်ထက်စာရင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်မှု နည်းသွားတာပါ။ ဒီနှစ်ထဲမှာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ထားတာကြောင့် သရုပ်ဆောင်မှုပိုင်းကို အဆက်မပြတ် ပြန်လည်တွေ့ရမှာ ဖြစ်သလို သီဆိုထားတဲ့ တေးသီချင်းတွေကိုလည်း နားထောင်ရမှာပါ။ အခုချိန်မှာ သရုပ်ဆောင်မှုနဲ့ သီချင်းဆိုမှုကို မျှလုပ်နေရပေမယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတာကြောင့် ပင်ပန်းမှုမရှိသလို ပင်ပန်းတယ်လို့လည်း မခံစားရပါဘူး။

နောက်ပိုင်း သရုပ်ဆောင်ရာမှာ ဘယ်လိုပုံစံနဲ့ ဆက်လက်သရုပ်ဆောင်သများမယ်လို့ စီစဉ်ထားပါသလဲ။

နောက်ပိုင်းဗီဒီယိုထက် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်မှုတွေ များလာမယ်။ လောလောဆယ် ဘားအံမြို့မှာ ရိုက်ကူးမယ့် ဂျာကစ်စာပူသရီး (ဂျစ်ကားစီးဖူးသလား) ရုပ်ရှင်ကားကြီးမှာ ကိုခန့်စည်သူ၊ ရွှေမှုန်ရတီ တို့နဲ့အတူ ပါဝင်သရုပ်ဆောင် သွားဖို့ရှိပါတယ်။ အကောင်းဆုံးပုံစံနဲ့ သရုပ်ဆောင်သွားမှာပါ။

ပွင့်အနေနဲ့ အခုရောက်ရှိနေတဲ့ အနေအထားကို ကျေနပ်မှုရှိလား ဆိုတာပြောပြပေးပါဦး။

လက်ရှိအနေအထားကို ကျေနပ်အားရပါတယ်။ ခိုင်မာတဲ့ ပရိသတ်ရှိတာကြောင့် အရမ်းကြီး အောင်မြင်မှု ရရှိနေတဲ့ အနုပညာ တစ်ဦးလို့ မခံယူထားပေမယ့် အောင်မြင်မှု ရရှိနေတဲ့ အနုပညာရှင် တစ်ဦးလို့တော့ ခံယူထားပါတယ်။

သီချင်းဆိုတဲ့အခါ ကိုယ်ပိုင်သီချင်းနဲ့ ပြန်ဆိုတေးသီချင်း ဘယ်အမျိုးအစားကို ရွေးပြီး သီဆိုဖြစ်လဲ။

ပွင့်အနေနဲ့ သီချင်းဆိုတဲ့အခါ တစ်ကိုယ်တော် အခွေတွေမှာ ကိုယ်ပိုင်သီချင်းကို အဓိက အနေနဲ့ သီဆိုသွားမှာပါ။ ရှိုးပွဲတွေမှာတော့ ပွင့်ကြိုက်တဲ့ တေးသံရှင်တွေရဲ့ သီချင်းတွေရော ပရိသတ်တောင်းဆိုတဲ့ တေးသံရှင်တွေရဲ့ သီချင်းတွေကိုပါ ပြန်ဆိုတေးအနေနဲ့ သီဆိုသွားမှာပါ။ သီချင်းတွေကို သီဆိုတဲ့အခါမှာ အသံချိုပြီး မြူးမြူးကြွကြွ ရှိတဲ့ သီချင်းတွေကို အဓိကအနေနဲ့ သီဆိုသွားပါမယ်။

မိသားစု ဘဝအကြောင်း ပြောပြပေးလို့ ရရင် ပြောပေးပါဦး။

အမေတစ်ခု သမီးတစ်ခုဘဝ ဖြစ်တာကြောင့် သူများတွေထက်စာရင် ဘဝဖြတ်သန်းရတာ ပိုပြီးခက်ခဲပါတယ်။ အဲဒီလို ခက်ခဲတဲ့ ဘဝကနေ အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင် နေရတာကြောင့် အနုပညာ အလုပ်တွေ လုပ်နေတဲ့ အချိန်တိုင်းမှာ ပရိသတ်ရဲ့ အားပေးမှုကို လိုချင်ပါတယ်။ မိသားစု ဘဝမှာ အခက်အခဲတွေ ရှိနေပေမယ့် ပရိသတ်တွေအတွက် ပွင့်အသက်ရှင်နေသမျှ အချိန်ကာလမှာ အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ပြီး ပရိသတ်ကို ပေးဆပ်သွားမှာပါ။

MWD

No comments:

Post a Comment